အစိုးရ အာဏာပိုင်များက ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် ဆက်နွယ်သည်ဟု စွပ်စွဲကာ အဖမ်းခံရသည့် တက္ကသိုလ် ကျောင်းသား ၅ ဦးကို သြဂုတ်လ ၁၉ ရက်နေ့က ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။
အဖမ်းခံထားရသည့် လူငယ်များကို မြစ်ကြီးနားမြို့သီတာရပ်ကွက်ရှိ သီးသန့်အချုပ်တွင် ထိန်းသိမ်းထားပြီး KIO နှင့် ဆက်နွယ်သည့် မသင်္ကာဖွယ်ရာ ကိစ္စများကို တပတ်ကြာ အာဏာပိုင်များက စစ်ဆေးမေးမြန်းပြီးနောက် ပြန်လွတ်ပေးလိုက်ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးစန်းအောင်က ဧရာဝတီသို့ ပြောသည်။
“မေးမြန်းပြီးမှ မသင်္ကာစရာ မရှိတဲ့အချိန်မှာ ပြန်လွှတ်ပေးလိုက်တဲ့ သဘောပါပဲ” ဟု ဦးစန်းအောင်က ဆက်ပြောသည်။
ယင်း ကျောင်းသားများကို စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) အာဏာပိုင်များက မြစ်ကြီးနားမြို့ တပ်ကုန်းနှင့် ဒူကထောင် ရပ်ကွက်ရှိ ၎င်းတို့၏ နေအိမ်များမှ ဖမ်းဆီးသွားခြင်း ဖြစ်သည်။
ပြန်လွတ်မြောက်လာသူများသည် တပ်ကုန်း ရပ်ကွက်တွင်နေထိုင်သူ ချင်ရော့ လာဆန်၊ လထော် တန်ဂွဲလ်၊ ကွန်ပရင်ဒီး၊ ဇော်ဒွဲအောင်နှင့် ဒူကထောင်ရပ်ကွက်မှ တဦး ပါဝင်ပြီး အသက် ၂၀ ဝန်ကျင်ခန့် အရွယ်များ ဖြစ်ကြောင်း သိရသည်။
KIO တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်ကမူ “အမှန်တကယ်တော့ ဒီကိစ္စတွေဟာ ကျနော်တို့ KIO နဲ့ ဆက်သွယ်တဲ့ လူတွေမရှိခဲ့ပါဘူး။ ဒါကြောင့်သူတို့ အခုလိုစွပ်စွဲတာဟာ ကချင်လူငယ်တွေကို သူတို့ထိန်းချုပ်တဲ့ အနေနဲ့ လုပ်တယ်လို့ပဲ ထင်တယ်” ဟု ပြောသည်။
KIO နှင့် ပတ်သက်နေပါက တိုက်ပွဲ တနှစ်ကျော်ကြာ ကာလအတွင်း မြို့ပေါ်၌ မရှိနိုင်ကြောင်း၊ အများစုမှာ KIO နှင့် ကင်းကင်းရှင်းရှင်း နေထိုင်ကြသူများသာ ဖြစ်ကြောင်း ၎င်းကဆိုသည်။
ပြီးခဲ့သည့် ဇွန်လကလည်း မြစ်ကြီးနားမြို့နယ် အစိုးရ ထိန်းချုပ်မှုအောက်ရှိ ဂျန်မိုင်ကောင် စစ်ပြေးဒုက္ခသည်စခန်းတွင် ခိုလှုံနေသည့် ဦးဘရန်ရှောင်ကို KIO ဝန်ထမ်းနှင့် ဖောက်ခွဲရေးသမားဟု စွပ်စွဲဖမ်းဆီးကာ စရဖအဖွဲ့က မြစ်ကြီးနားမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့သည်။
ယင်းသို့ စွပ်စွဲဖမ်းဆီးထားသည့် ဦးဘရန်ရှောင်ကို ခြွင်းချက်မရှိ လွှတ်ပေးရန်၊ စစ်ဘေးခိုလှုံသူ ဒုက္ခသည်များ အဓမ္မဖမ်းဆီး နှိပ်စက်ခြင်း မပြုရန်နှင့် တရားရုံး ခွင့်ပြုမိန့်မရဘဲ လူတဦးကို ၂၄ နာရီ ကျော်လွန်၍ ဖမ်းဆီးထားခြင်း မပြုရန် စသည့် အချက်များကို ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များ အပါအဝင် ဒုက္ခသည် ၅၀၀ ကျော်နှင့် မြို့ခံ ၁၀၀၀ ကျော်တို့က မြစ်ကြီးနားမြို့ပေါ်ရှိ အစိုးရရုံးများနှင့် မြို့တွင်းလမ်းမများတွင် ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
မြစ်ကြီးနားမြို့နယ်ရှိ ရှေ့နေများ ပြောဆိုချက်အရ ကချင်ပြည်နယ် အတွင်း၌ KIO နှင့် ဆက်နွယ်သည်ဟု ဆိုကာ မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇/၁ ဖြင့် ဖမ်းဆီးခံထားရသူ ၅၀ ခန့်ရှိပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ယင်းကဲ့သို့ စွပ်စွဲချက်ဖြင့် ဒေသခံ ၂၀ ကျော် အဖမ်းခံထားရကြောင်း သိရသည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကလည်း မြန်မာအစိုးရ စစ်တပ်နှင့် ကချင် လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့ နှစ်ဖွဲ့စလုံးသည့် လူ့အခွင့်အရေး ချိုးဖောက်သည့် ကျူးလွန်မှုများ တွေ့ရှိရသဖြင့် ရပ်တန့်ရန် ပြီးခဲ့သည့် အပတ်က တိုက်တွန်းထားသည်။