သတင်း

၂၀၃၀ မှာ မြန်မာတွေ သူဌေးဖြစ်မည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာပြည်အနေဖြင့် ပြုပြင်ပြောင်းလဲမှုများကို မှန်မှန်ကန်ကန် ဆောင်ရွက်သွားပါက နှစ်စဉ် စီးပွားတိုးတက်နှုန်း ၈ ရာခိုင်နှုန်းထိ ရောက်နိုင်ပြီး သက္ကရာဇ် ၂၀၃၀ ခုနှစ်ရောက်လျင် ပျမ်းမျှ တဦးချင်း ဝင်ငွေ အမေရိကန် ဒေါ်လာ ၃၀၀၀ (ကျပ်ငွေ နှစ်သန်းငါးသိန်းရှစ်သောင်း) အထိ ဖြစ်လာနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် Asia Development Bank (ADB) က ထုတ်ပြန်လိုက်သည်။

ADB ၏ နောက်ဆုံးအစီရင်ခံစာတွင် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အချက်အချာကျသော ပထဝီအနေအထား၊ နုပျိုသော အလုပ်သမားအင်အားစု၊ သဘာဝသယံဇာတ အစရှိသည့် ကြွယ်ဝသော ပိုင်ဆိုင်မှုများကို အောင်မြင်စွာ အသုံးချနိုင်ပါက မြန်မာနိုင်ငံသည် “အာရှ၏ လင်းလက်လာမည့် ကြယ်တစင်း” ဖြစ်လာနိုင်ကြောင်း ရေးသားဖော်ပြခဲ့သည်။

ယင်းသို့ ADB ၏ ရှေ့ဖြစ်ဟောကိန်းသည် အားတက်ဖွယ်ဖြစ်သော်လည်း သုံးနှစ်အတွင်း ဝင်ငွေ သုံးဆတိုးစေရမည်ဟု သမ္မတ ဦးသိန်းစိန်၏ အပြောနှင့် ကွာခြားနေသည်။ စီအိုင်အေ The World Factbook ၏ ဖော်ပြချက်အရ လတ်တလော မြန်မာနိုင်ငံ၏ ပျမ်းမျှ တဦးချင်းဝင်ငွေမှာ ဒေါ်လာ ၁၃၀၀ ရှိပြီး အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်းတွင် ဒေါ်လာ ၉၅၀၀၊ အင်ဒိုနီးရှားတွင် ဒေါ်လာ ၄၇၀၀၊ ဗီယက်နမ်တွင် ဒေါ်လာ ၃၄၀၀ ပျမ်းမျှ ဝင်ငွေရှိကြသည်။

ADB ၏ အစီရင်ခံစာက တိုးတက်မှုကို ကန့်ထားနိုင်သည့် စိန်ခေါ်မှုများ၊ ထိန်းချုပ်မှုများကို မြန်မာနိုင်ငံအနေဖြင့် ရင်ဆိုင်နေရဆဲဟုလည်း ဆိုသည်။ အထူး စိုးရိမ်စရာ အချက်များမှာ မညီမျှမှုများ ကြီးထွားလာနေခြင်း၊ ဈေးကွက်လည်ပတ်နေမှုမှ ကင်းလွတ်ပြီး အင်အားချည့်နဲ့သော စီးပွားရေး စီမံခန့်ခွဲမှု မူဝါဒ၊ မလုံလောက်သော ငွေကြေးအရင်းအမြစ်၊ အလုပ်မတွင်သော ပြည်တွင်းငွေကြေး လွှဲပြောင်းမှု၊ ယိုယွင်းနေသော အခြေခံအဆောက်အအုံ၊ စက်မှုလုပ်ငန်းများကို ဖြန့်ခွဲထုတ်နိုင်မှုအပေါ် ထိန်းချုပ်ထားမှုများဖြစ်ကြောင်း ဖော်ပြထားသည်။

ယမန်နေ့က ဘန်ကောက်မြို့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ADB အရှေ့အာရှရေးရာ ဒု ဥက္ကဌ မစ္စတာ စတီဖင်ဂရော့ဖ်က သမ္မတဦးသိန်းစိန် အာဏာရပြီးနောက် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အသိအမှတ်ပြု ပြောကြားခဲ့သော်လည်း ပြဿနာများကို မဖော်ထုတ် မဖြေရှင်းဘဲ ထားလျှင် “မတည်ငြိမ်မှုများက တိုးတက်မှုကို တိုက်စားသွား” မည်ဟု သတိပေးသွားခဲ့သည်။

စတီဖင်ဂရော့ဖ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တွေ့ဆုံခဲ့ရာ မြန်မာ့အတိုက်အခံ ခေါင်းဆောင်အနေဖြင့် ADB အပါအဝင် နိုင်ငံတကာ ငွေကြေးအေဂျင်စီများက အထောက်အပံ့များ ပြန်လည်ပေးအပ်မည့်အပေါ် “သတိတကြီး တက်ကြွ” စွာ ရှုမြင်ကြောင်း၊ မြန်မာ၏ ကြွေးကျန်များကို လျှော်ပစ်နိုင်ရေး အလားအလာကိုလည်း မေးမြန်းကြောင်း ပြောသည်။

“(ငွေချေးမယ့်) ဆုံးဖြတ်ချက်ဟာ အစိုးရသာ ဖြစ်တာမို့ ဒီအပေါ် အစိုးရက တာဝန်ခံဖို့ လိုတယ်လို့ သူ (ဒေါ်အောင်ဆန်းစုကြည်) က မြင်ပါတယ်” ဟု စတီဖင်ဂရော့ဖ်က သတင်းထောက်များကို ပြောသည်။

ADB ၏ အကောင်းမြင်မှုသည် မြန်မာပြည်ကို ထောက်ပံ့ရေး အစီအစဉ်များ ပြန်လည် စတင်ချင်နေသော နိုင်ငံတကာ ငွေကြေးအေဂျင်စီများ၏ ဆန္ဒပြင်းပြမှုကို ဖော်ပြနေခြင်းလည်း ဖြစ်သည်။

ADB နှင့် ကမ္ဘာ့ဘဏ်တို့က ၁၉၈၀ နှောင်းပိုင်း ကာလများတွင် မြန်မာအစိုးရက ကြွေးဟောင်း ပြန်မဆပ်နိုင်တော့၍ ကြွေးသစ် ထပ်မချေးတော့ဟု ဆုံးဖြတ်ခဲ့ကြသည်။ ယင်းအေဂျင်စီများအပေါ် နိုင်ငံရေးဩဇာ သက်ရောက်သော အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က မြန်မာပြည်အပေါ် ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများ ဆိုင်းငံ့ရုတ်သိမ်းအပြီး အဆိုပါ ဘဏ်များ၏ ကိုယ်စားလှယ်ရုံးခန်းများ ဩဂုတ်လ ၁ ရက်မှ စ၍ နေပြည်တော်တွင် လာရောက်ဖွင့်လှစ်ခဲ့ပြီ ဖြစ်သည်။

ကြွေးကျန် ဒေါ်လာ ၃.၇ ဘီလီယံကို လျှော်ပေးခဲ့သော ဂျပန်နိုင်ငံက ADB နှင့် ကမ္ဘာ့ဘဏ်ကို မြန်မာနိုင်ငံက တင်နေသော ကြွေးကျန်ပေါင်း ဒေါ်လာ သန်း ၉၀၀ ကိုလည်း မြန်မာကိုယ်စား ပေးချေပေးမည်ဟု ကမ်းလှမ်းခဲ့သောကြောင့် အဆိုပါဘဏ်များအနေဖြင့် မြန်မာကို ကြွေးသစ်ထုတ်ပေးရန် လမ်းပွင့်သွားစေခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုများအတွက် ပိုင်ဆိုင်သော အရင်းအမြစ်များကို နေရာချထားရန် လိုကြောင်း ဤအစီရင်ခံစာက နိဂုံးချုပ် အကြံပြုထားသည်။ အကြံပြုချက်တွင် အခွန်နှင့် အခြား စည်းကြပ်မှုများမှ အစိုးရဝင်ငွေ မြှင့်တင်ရေး၊ တိုင်းပြည်၏ အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ရေး၊ ပညာရေး ကျန်းမာရေးဝန်ဆောင်မှုများမှ တဆင့် လူသားအရင်းအနှီး မြှင့်တင်ရေး၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေး၊ စက်မှုလုပ်ငန်းနှင့် ဝန်ဆောင်မှုကဏ္ဍ ချဲ့ထွင်ရေး၊ ကုန်ထုတ်လုပ်ရေးတွင် နိုင်ငံတော်အခန်းကဏ္ဍ လျှော့ချရေး၊ အစိုးရ အင်စတီကျူးရှင်းများ အားကောင်းလာစေရေးတို့ ပါဝင်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading