မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်သူများဖြစ်သော ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင်၊ ဦးကျော်သူတို့ ၃ ဦးသည်ဒီမိုကရေစီ ဆု(The Democracy Award) လက်ခံရယူရန်အတွက် လာမည့် စက်တင်ဘာလတွင် အမေရိကန်နိုင်ငံသို့ သွားရောက်မည်ဖြစ် ကြောင်း သတင်းရရှိသည်။
အမေရိကန် ၏ ဒီမိုကရေစီအရေး အားပေး ပံ့ပိုး ကူညီနေသော အဖွဲ့တဖွဲ့ဖြစ်သည့် National Endowment for Democracy (NED) က နှစ်စဉ် ကမ္ဘာတဝန်းရှိ ဒီမိုကရေစီအရေး လှုပ်ရှားသူများကို ဆုချီးမြှင့်လျက်ရှိရာ ယခုနှစ်အတွက် ဒီမိုကရေစီဆု ကို မြန်မာနိုင်ငံသား ၅ ဦး ရရှိကြောင်း သိရသည်။
ဆုရရှိသူများမှာ မြန်မာနိုင်ငံတွင်းမှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ဥက္ကဌ ဦးခွန်ထွန်းဦး၊ ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူတို့ ၃ ဦးဖြစ်ပြီး အမေရိကန်တွင် မြန်မာ့ အရေး လှုပ်ရှားနေသည့် USCB အမှုဆောင်ညွှန်ကြားရေးမှူး ဦးအောင်ဒင်၊ ထိုင်း-မြန်မာနယ်စပ်၌ ကျန်းမာရေး စောင့်ရှောက် မှု အကူအညီများ ပေးနေသည့် မယ်တော်ဆေးခန်းမှ ဒေါက်တာ စင်သီယာမောင်တို့ ဖြစ်သည်။
“ကျနော်တို့ မှန်းတာတော့ စက်တင်ဘာ ၁၄၊ ၁၅ လောက် ဖြစ်မယ်ထင်တယ်။ အခုထိတော့ ဗီဇာကတော့ မရသေးဘူး။ ဒါက အရေးမကြီးပါဘူး။ အဆင်ပြေသွားမှာပါ။ ပါ့စ်ပို့က ဟိုတုန်းက သွားမှာစိုးလို့ ထစ်ထားတာ၊ အခုတော့ လွတ်လွတ်ကျွတ်ကျွတ် သွားလို့ ရပါပြီ”ဟု ဦးခွန်ထွန်းဦး က ဧရာဝတီကို ပြောသည်။
NED အဖွဲ့၏ ဖိတ်ကြားမှုကို လက်ခံထားပြီး ဖြစ်ကြောင်း၊ နိုင်ငံတော်က ယခုအခါ မည်သူမဆို လွတ်လွတ်လပ်လပ် သွားလာခွင့် ပြုသည်ဟု ပြောဆိုထားပြီးဖြစ်ကြောင်း၊ အမေရိကန်တွင် ရက်သတ္တပတ် တပတ်ခန့်ကြာမည်ဖြစ်ကြောင်းလည်း သူက ဆက်ပြော သည်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ကမူ NED မှ ၎င်းအား ဖိတ်ကြားထားသော်လည်း ယခုအထိ နိုင်ငံကူး လက် မှတ် လက်ဝယ်မရရှိသေးကြောင်း ပြောဆိုသည်။
“အခုထိက ပါ့စ်ပို့စာအုပ် လက်ထဲ မရသေးပါဘူး”ဟု သူက ဆိုသည်။
နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူကလည်း ၎င်းအနေဖြင့် လူမှုရေးအဖွဲ့ကိုယ်စား ဆုလက်ခံရန် ရှိကြောင်း၊ ဆွေမျိုးများ နှင့် တွေ့ဆုံရန်အတွက် ယခုလကုန်တွင် မြန်မာနိုင်ငံမှ အမေရိကန်သို့ ကြိုတင်ထွက်ခွာမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ လုပ်ဆောင်ကြိုး ပမ်းချက်များကို အသိအမှတ်ပြုသည့် ဆုပေးသည်ကို ဝမ်းမြောက်ကြောင်း၊ သို့သော် နိုင်ငံသည် စစ်မှန်သည့် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ အပြည့်အ၀ မရောက်သေးကြောင်း ပြောသည်။
“ကိုယ့်စည်းကမ်း၊ ကိုယ့်လူ့ကျင့်ဝတ်တွေကို အားလုံးက လိုက်နာကျင့်သုံးမှ ဒီမိုကရေစီနိုင်ငံ သေချာ ရောက်မယ်။ ယုံကြည် တယ်။ အဂတိလိုက်စားတာတွေ ပပျောက်ဖို့ လူတွေက လူ့ကျင့်ဝတ်သိက္ခာတွေ စောင့်ထိန်းဖို့ စည်းကမ်း စနစ်ရှိဖို့တွေက အရေးကြီးပါတယ်”ဟု သူက ဆိုသည်။
ယခု ဆုရသည့်အတွက်ပျော်နေ၍ မရကြောင်း၊ ကိုယ့်ရည်မှန်းချက် ပန်းတိုင်၊ ရောက်ချင်သည့်အနေအထားမျိုး မ ရောက်သေးကြောင်း၊ ထို့ကြောင့် အားလုံးက ယခုထက်မက ကြိုးစားသွားကြရန် လိုအပ်ကြောင်းလည်း ဦးကျော်သူက ဆက်ပြောသည်။
အဆိုပါ ဆုသည် ၁၉၈၉ ခုနှစ်က တရုတ်နိုင်ငံ တီယန်နန်မင် အရေးအခင်းတွင် တည်ဆောက်ခဲ့သည့် Goddess of Democracy ရုပ်တု ပုံစံအတိုင်း ဆုကိုဖန်တီးခဲ့ပြီး ၁၉၉၁ ခုနှစ်မှ စတင်ကာ နှစ်စဉ် ပေးအပ်ချီးမြှင့်နေခြင်း ဖြစ်သည်။
တချိန်တည်းမှာပင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ကွန်ဂရက် အောက်လွှတ်တော် မှ စက်တင်ဘာလ ၁၈ ရက်နေ့ ဝန်းကျင်တွင် ချီးမြှင့်မည့် ဆုလက်ခံရန်အတွက် အမေရိကန်သို့ သွားရောက်ရန်ရှိနေသည်။
ထို့အပြင် စက်တင်ဘာလ ၂၁ ရက်နေ့တွင်လည်း Global Citizen Award ဆုကို နယူးယောက်မြို့တွင်လက်ခံယူပြီး ညစာစားပွဲသို့လည်း တက်ရောက်မည်ဖြစ်သည်။
အလားတူ သမ္မတ ဦးသိန်းစိန်သည်လည်း အမေရိကန် သို့ စက်တင်ဘာ ၂၃ ရက်နေ့တွင် သွားရောက်ရန် ရှိကြောင်းလည်း သိရ သည်။
အမေရိကန် နိုင်ငံသည် မြန်မာ့ ဒီမိုကရေစီရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များကို အခိုင်အမာ အားပေး သည့် အပြင် သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကိုလည်း ထောက်ခံ ပံ့ပိုးနေသောကြောင့် ယခုကဲ့သို့ အတိုက်အခံ ခေါင်းဆောင်များ အပါအဝင် နိုင်ငံတော် သမ္မတကိုပါ ရှေ့ဆင့်နောက်ဆင့်လာရောက်ရန် ဖိတ်ကြားခဲ့ခြင်းမှာ မြန်မာ့ အပြောင်းအလဲအတွက် များစွာ အထောက်အပံ့ ဖြစ်စေနိုင်ကြောင်း အကဲခတ်များက ယူဆနေကြသည်။