ကချင်ပြည်နယ် ဖားကန့်ဒေသတွင် အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များ အကြား ယခုရက်ပိုင်းအတွင်း စစ်ရေးတင်းမာမှုကြောင့် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ဖားကန့်မြို့နယ်ထဲရှိ ဘာသာရေးကျောင်းများတွင် မှော်မောင်းကုန်း၊ မှော်ဝမ်းကြီးနှင့် မှော်ဝမ်းကလေး၊ သူဌေးချောင်း စသည့် ကျေးရွာများမှ ဒေသခံ ၁၀၀၀ နီးပါး လတ်တလော ခိုလှုံနေကြောင်း ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် ဦးဒါချီလစိုင်းက ဧရာဝတီသို့ ပြောသည်။
ဘာသာရေးကျောင်းများသို့ ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံအများစုသည် ကချင်တိုင်းရင်းသားများဖြစ်ပြီး ဖားကန့် မြို့ပေါ်ရှိ ဒေသခံများက ပူးပေါင်း၍ ဆန်အိတ်များ သွားရောက်ထောက်ပံ့ပေးကြကြောင်း ၎င်းက ဆိုသည်။
“KIA ဘက်ကလည်း သူတို့အနေနဲ့ စစ်ဖြစ်လာမှာကို စိုးရိမ်ပြီးမှ အဲဒီမှာရှိတဲ့ ရွာသားတွေကို သူတို့က ရှောင်ခိုင်းလိုက်တဲ့ အနေအထားမှာ အခုလိုမျိုး ရွာသူရွာသားတွေကလည်း ရှောင်ကြရင်းနဲ့ ဖားကန့်မြို့ထဲကို ရောက်လာကြတယ်” ဟု ဦးဒါချီလစိုင်းက ဆက်ပြောသည်။
ဦးဒါချီလစိုင်း၏ အဆိုအရ ယခင်က အစိုးရ တပ်အင်အား ၆၀၀ ခန့်သာ ရှိပြီး ယခုရက်ပိုင်း အစိုးရတပ်အင်အား ၁၀၀၀ ခန့် ထပ်မံတိုး ချဲ့လာကြောင်း ကြားသိရကြောင်း၊ စစ်ရေးအရ နှစ်ဖက် တင်းမာနေသော်လည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးကြောင်း သိရသည်။
ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်ကမှု “အစိုးရစစ်တပ်တွေ နဂိုမရှိတဲ့နေရာမှာ အစိုးရတပ်တွေ အင်အား အလုံးအရင်းနဲ့ ဝင်လာတဲ့ အတွက်ကြောင့် ပေါ်ပေါက်လာတဲ့ ဖြစ်ရပ်တွေပဲ” ဟု ပြောသည်။
ယခုရက်ပိုင်းအတွင်း KIO တပ်မဟာ ၂ ထိန်းချုပ်ဒေသဖြစ်သည့် ဖားကန့်ဒေသ အပါအဝင် တပ်မဟာ ၃ ဗန်းမော် ဒေသအနီးရှိ ခြေကုတ်ယူထားသည့် အစိုးရ တပ်စခန်းများတွင် အစိုးရတပ်များက တပ်အင်အား၊ လက်နက်ခဲယမ်းနှင့် ရိက္ခာများကို ရေကြောင်း၊ ကုန်းကြောင်းများမှတဆင့် ဖြည့်တင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။
“အစိုးရရဲ့ တပ်အင်အားကို တဖြည်းဖြည်းချင်း နေရာအလွတ် မရှိအောင် သူတို့ တပ်ဖွဲ့တွေကို ကချင်ဒေသအနှံ့မှာ စစ်စခန်းတွေ တည်ဆောက်သွားနိုင်အောင် စီစဉ်မှုတွေ ရှိတယ်။ ဒါကတော့ ကျနော့်တို့ရဲ့ KIA တပ်ဖွဲ့ဝင်တွေ လှုပ်ရှားမှုကို ပိတ်ဆို့သွားအောင် ရည်ရွယ်တာ ဖြစ်နိုင်တယ်” ဟု ဦးလနန်က ရှင်းပြသည်။
KIO နှင့် အစိုးရတပ်များအကြား ၂၀၁၁ ခုနှစ် ဇွန်လပိုင်းမှ စတင်ကာ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ တနှစ်ကျော်ကြာအထိ ဖြစ်ပွားလျက်ရှိရာ ဒေသခံ ၅ သောင်းကျော် အိုးအိမ်တောင်ယာများကို စွန့်ခွာ၍ တရုတ်-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြသည်။
အလားတူပင် မိုးညှင်းခရိုင်တွင်လည်း ကူညီရေးစခန်းများ၊ မြို့ပေါ်များ၊ နယ်စပ်ဒေသများနှင့် အလှမ်းဝေးသည့် တောတောင်များအတွင်း ပုန်းအောင်းနေသော ဒုက္ခသည် ၂၀၀၀ ခန့်ရှိကြောင်း၊ ဗန်းမော်နှင့် ရွှေလီ မြစ်အကြားရှိ တောင်ကြောများတွင်လည်း ဒုက္ခသည် ၁၅၀၀ ကျော် ခိုလှုံနေရကြောင်း ကချင် ဒုက္ခသည်စခန်းများ ကော်မတီက ပြောဆိုထားသည်။
KIO သည် ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့သည်။
ယင်း တိုက်ပွဲများကြောင့် အစိုးရနှင့် KIO ကြား ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ၂၀၁၂ ခုနှစ်အတွင်း အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြသော်လည်း ယနေ့အထိ ရေရာသည့် သဘောတူညီချက် တစုံတရာ မရရှိသေးပေ။
ယခုနှစ်ဆန်းပိုင်းက KIO အား တိုက်ခိုက်နေမှုများ ရပ်တန့်ရန် ကာကွယ်ရေးဝန်ကြီးဌာနကို သမ္မတ ဦးသိန်းစိန်က ညွှန်ကြားခဲ့ သော်လည်း ထိုးစစ်ဆင် တိုက်ခိုက်နေဆဲ ဖြစ်သည်။