[irrawaddy_gallery]
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ၅၄ နှစ်အတွင်း အဆိုးရွားဆုံး ရေကြီးမှုကို ကြုံတွေ့ခံစားနေရပြီး ရပ်ကွက်ကြီး ၄ ခုရှိ အိမ်ခြေများ ရေဘေးဒုက္ခ ခံစား နေရကြောင်း သိရသည်။
သြဂုတ်လ ၁၉ ရက်နေ့ နံနက် ၆ နာရီ အချိန်မှ စတင်ပြီး ရပ်ကွက်များအတွင်းသို့ တောင်ကျရေများ တရကြမ်း စီးဝင်ခဲ့ရာ ယနေ့ အထိ တောင်ကျရေ စီးဝင်မှု မရပ်တန့်သေးဘဲ မူဆယ်- လားရှိုး ကားလမ်းမကြီးမှာ ပိတ်လျှက်ရှိကြောင်း ဒေသခံများက ဆိုသည်။
မူဆယ် – မန္တလေးသို့ ပြေးဆွဲနေသည့် ကားလေး ပိုင်ရှင်တဦးက “ကျနော်တို့ ကားသေးတွေ လုံးဝ သွားလို့မရလို့ အခုဆိုရင်
ခဏနားထားရတယ်။ ရေကျ သွားမှ ဆက်ဆွဲလို့ ရမှာပါ၊ အခုတော့ လားရှိုးက သတင်းကို စောင့်နေရတယ်” ဟု ပြောသည်။
လားရှိုးမြို့ ရပ်ကွက်ကြီး ၁၂ ရှိ အေဒီ တံတားကျော် ကားလမ်းမကြီးမှာလည်း ရေများနစ်မြုပ်နေသည့်အတွက် သွားလာ နေသည့် ကားများ ရပ်ကာ ရေကျမှုကို စောင့်ဆိုင်းရကြောင်း၊ အဆိုပါ လမ်းမကြီး ရေနစ်မြုပ်နေသည်မှာ ၂ ရက်ကြာပြီ ဖြစ်ကြောင်း၊ ဆယ်ဘီး ကားကြီးတစီး လမ်းဖြတ်ကူးနေစဉ် တောင်ကျရေ ရုတ်တရက် စီးဆင်းလာမှုကြောင့် လမ်းလယ်တွင် ရေနစ်မြုပ်နေကြောင်း သိရသည်။
‘‘ကျနော်တို့ ဒီလမ်းကြောကို ကားမောင်းလာတာ တော်တော်ကြာပါပြီ။ တခါမှ ဒီလိုမျိုး မကြုံဖူးသေးဘူး။ ဒီကားက မနက် ၈ နာရီလောက်က ကားလမ်းပေါ် ရေနည်းနည်းပဲ ရှိတယ်ဆိုပြီး မောင်းလိုက်တာ။ အလယ်လည်း ရောက်ရော ရေတွေ ဒလဟော ဆင်းလာတာနဲ့ ကားကို ဒီအတိုင်းထားပြီး ယာဉ်မောင်းတွေ ထွက်ပြေးလာခဲ့ကြတာ။ လူတော့ ဘာ အန္တရာယ်မှ မရှိပါဘူး” ဟု ယာဉ်မောင်း တဦးက ရှင်းပြသည်။
လားရှိုးမြို့ရှိ ရပ်ကွက်ကြီး ၁၊ ရပ်ကွက်ကြီး ၂၊ ရပ်ကွက်ကြီး ၈ နှင့် ၉ တို့မှာ အဓိက ရေလွှမ်းမိုးမှု ခံနေကြရကြောင်း သိရသည်။
တောင်ကျရေ ဒလဟောစီးဆင်းမှုကြောင့် ရေထဲတွင် မျောပါ ပျောက်ဆုံးနေသူ ၂ ဦးနှင့် သေဆုံးသူ ၁ ဦး ရှိနေကြောင်း၊ သေဆုံးသူမှာ မောင်အေးဆိုသူ ဖြစ်ပြီး အသက် ၃၀ ခန့်ဖြစ်၍ ၎င်းမှာ ရေကြီးချိန်တွင် ရေထဲမျောပါလာသည့် ဆီတိုင်ကီကို ဆင်းဆည်ရာမှ မျောပါသေဆုံးရခြင်း ဖြစ်ကြောင်း ဒေသခံ တဦးက ဆိုသည်။
‘‘ဒီလို ရေကြီးတာ လားရှိုးမြို့မှာ တခါမှ မကြုံဖူးဘူး။ ကြောက်လည်း ကြောက်မိပါတယ်။ ရေမကြီးခင်တုန်းက မြေကော် ကားတွေနဲ့ ချောင်းတွေ၊ မြောင်းတွေကို ချ့ဲနေတုန်း ဗြုန်းဆို ရေတွေဝင်လာတာ။ အခုတော့ ရေကျတာနဲ့ မြောင်းတွေကို ဒီထက်ပိုချဲ့မယ်၊ တံတားတွေကိုလည်း ချဲ့မယ်၊ ဒီရေတွေက နန့်ကျန်ဆည်က ရေတွေနဲ့ တောင်ကျရေ ရောပြီး ဆင်းလာ တာပါ” ဟု ရပ်ကွက် ၁ အုပ်ချုပ်ရေးမှူး ဦးသိန်းထွေးဦးက ပြောသည်။
ရပ်ကွက်ကြီး ၁ ရှိ ဒေသခံများမှာ ရေဘေးဒုက္ခကို အကြီးအကျယ် ခံစားခဲ့ရကြောင်း သိရသည်။ ယင်းဒေသရှိ အိမ်ခြေများမှာ အလုံးလိုက် ရေထဲမျောပါခြင်း၊ အိမ်များ ပျက်စီးခြင်းနှင့် အိမ်တွင်းရှိ ပစ္စည်းများရေထဲမျောပါခြင်း စသည်ဖြင့် ကြုံတွေခဲ့ရသည်။
ယခုကဲ့သို့ ရေလွှမ်းမိုးမှုကြောင့့် မြေနိမ့်ပိုင်းရှိ အိမ်များမှ အုတ်တံတိုင်းများ ကျိုးပဲ့ကာ ရေနှင့်အတူ မျှောပါခဲ့ကြောင်း၊ တချို့ ရပ်ထားသည့် သုံးဘီး ဆိုင်ကယ်များလည်း ရေနှင့် မျောပါသွားကြောင်း၊ ရေဝင်လာသည်နှင့် လူများမှာ အိမ်ကို စွန့်၍ ရေလွတ်ရာသို့ ရွှေ့ပြောင်း နေထိုင်ကြကြောင်း၊ လယ်ယာများလည်း ရေမြုပ်နေကြောင်း သိရသည်။
‘‘ကျမအဖေက လေဖြတ်နေတာ။ ရေတွေ တရကြမ်း တက်လာတော့ အဖေက သမီးရေ ငါ့ကိုလည်း ကယ်ပါဦးဆိုပြီး အိမ်ထဲကနေ လှမ်းအော်တယ်။ ကျမက အဲဒီအချိန် တခြားအိမ်ဘက်ကို ရောက်နေတာ။ အဲဒါနဲ့ နီးစပ်ရာကိုအော်ပြီး အကူညီတောင်းတော့ အနီးနားမှာ ရှိတဲ့ လူငယ်သင်တန်းကျောင်းက ကလေးတွေ လာပြီးကယ်လို့ အသက်ရှင်ခဲ့ရပါတယ်” ဟု ရပ်ကွက်ကြီး ၁ နယ်မြေ ၉ ရှိ နန်းမဟော်ကျေးရွာမှ မဇာနည်ကျော်က ပြောသည်။
လားရှိုးမြို့သည် ဘေးပတ်လည်တွင် တောင်များ ဝန်ရံလျှက်ရှိပြီး ကျေးရွာများမှာ တောင်အောက်တွင် အစဉ်လိုက် တည်ဆောက်ထားခြင်း ဖြစ်သောကြောင့် တရွာနှင့် တရွာ ရေဝင်ရောက်သည့် အချိန်များ မတူညီကြောင်း သိရသည်။
ရေကြီးမှုတွင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အမျိုးသမီးတဦးက ‘‘ရေတွေ တရကြမ်း ဝင်လာတော့ ကျမတို့ နီးစပ်ရာ တိုက်အမြင့်တွေပေါ် ပြေးတက်ကြတယ်။ နောက်တော့ အိမ်သေးသေးလေး တွေကလည်း ကူပါ၊ ကယ်ပါဆိုပြီး အော်သံတွေ ကြားရတယ်။ ကျမတို့ ဆီကို တနေ့လုံး ကယ်ဆယ်မယ့်လူတွေ ရောက်မလာဘူး။ ရေတွေက လှိုင်းလုံးကြီးတွေလို ဆိုတော့ ဘယ်သူမှလည်း လာမကယ်ရဲကြဘူး။ ညပိုင်း ၇ နာရီလောက်မှ ကယ်ဆယ်ရေးတွေ လာကယ်နိုင်ပါတယ်” ဟု ရှင်းပြသည်။
ရေဘေး ဒုက္ခခံစားနေရသည့် မိသားစုများကို ရပ်ကွက် ၄ ခုရှိ ဘုန်းကြီးကျောင်းများ၊ ခရစ်ယာန် ဘုရားကျောင်းများနှင့် ဓမ္မာရုံများတွင် ဒုက္ခသည်စခန်း ဖွင့်လှစ်ကာ ကယ်ဆယ် ထားရှိကြောင်း သိရသည်။
ရပ်ကွက်ကြီး ၁ တွင် ‘‘ဝ” ခရစ်ယာန် ဘုရားကျောင်း၌ အိမ်ထောင်စု ၁၅ စု၊ လူဦးရေ ကျား မ ပေါင်း ၄၇ ဦး၊ ရပ်ကွက်ကြီး ၇ အေးချမ်းသာယာ ဓမ္မာရုံတွင် အိမ်ထောင်စု ၇ စု ကျားမပေါင်း ၄၈ ဦး၊ ရပ်ကွက်ကြီး ဓမ္မဂုဏ်ရည် ဘုန်းကြီးကျောင်းတွင် အိမ်ထောင်စု ၇ စု ကျား မ ပေါင်း ၄၅ ဦး၊ ရပ်ကွက်ကြီး ၈ တပ်ဦးကျောင်းတွင် အိမ်ထောင်စု ၆ စု ကျား မ ပေါင်း ၄၀ ဦးတို့အား ကယ်ဆယ် ထားရှိကာ ရေဘေးဒုက္ခသည်များ အတွက် စေတနာရှင်များက ထမင်းထုပ်များ လိုက်လံဝေငှလျှက် ရှိသည်။
အလားတူ မူဆယ် – မန္တလေး ပြည်ထောင်စုလမ်းမကြီး ပေါ်ရှိ သိန္နီမြို့အဝင်နေရာတွင် သြဂုတ် ၇ ရက်နေ့က လမ်းပေါ် ရေကျော်ခဲ့ရာ မဆင်ချင်ဘဲ ဖြတ်သန်းသွားလာမှုကြောင့် လူတဦး ရေနှင့် မျောပါ သေဆုံး သွားခဲ့ရကြောင်း မူဆယ် – မန္တလေး ပြေးဆွဲနေသည့် ကားသမား ကိုအောင်ကျော်က ပြောပြသည်။
နန်းဆိုင်နွမ် ပူးပေါင်းရေးသားသည်။