စာနယ်ဇင်းများအား စိစစ်ဖြတ်တောက်မှုမရှိဘဲ ထုတ်ဝေခွင့်ရရှိခြင်းကို ကြိုဆိုသော်လည်း မီဒီယာ လွတ်လပ်ခွင့် အပြည့်အဝရရှိပြီ ဟု မဆိုနိုင်သေးကြောင်း ပြည်တွင်း စာနယ်ဇင်းသမားများက ပြောဆို ဝေဖန်လိုက်သည်။
၁၉၆၂ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေမှာ ဆက်လက်တည်ရှိနေပြီး လိုက်နာရမည့် အသေးစိတ် အခြေခံမူ ၁၆ ချက်ဖြင့် ဆက်လက် ထိန်းချုပ်ထားသည်ဟု ယူဆကြောင်း စာနယ်ဇင်း သမားများက ပြောဆိုကြသည်။
“စိစစ် မခံရတာတော့ ကောင်းပါတယ်။ ဒါပေမယ့် အစိုးရနဲ့ ပတ်သက်လို့ ရေးမယ်ဆိုရင် ဘယ်ဟာက အဖျက်သဘောလဲ၊ အပြု သဘောလဲ ဆိုတာ ပြဋ္ဌာန်းမထားဘူး။ စိတ်ကောင်း စေတနာကောင်းနဲ့ ရေးပေမယ့် သူတို့ အရေးယူချင်ရင် ယူမယ်ဆိုတဲ့ သဘော ဖြစ်နေတယ်” ဟု ပြည်သူ့ခေတ် ဂျာနယ် အယ်ဒီတာချုပ် ဦးဖေမြင့်က ဆိုသည်။
အခြေခံမူ ၁၆ ချက်တွင် ဒို့တာဝန်အရေးသုံးပါးကို ထိပါးခြင်းမပြုရ၊ နိုင်ငံတော်၏ မူဝါဒနှင့် နိုင်ငံတော်အစိုးရကို အဖျက်သဘော ဝေဖန်ရေးသား ဖော်ပြခြင်းမပြုရ၊ နိုင်ငံတကာနှင့် ချစ်ကြည်ရင်းနှီးမှုကို ထိခိုက်စေမည့် အချက် များအား ဖော်ပြခြင်းမပြုရ၊ အဂတိ လိုက်စားမှု၊ တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှု၊ အဓမ္မ လုပ်အားပေး ခိုင်းစေမှု၊ လူကုန်ကူးမှု၊ ကလေးစစ်သား စသော အကြောင်းအရာတို့နှင့် ပတ်သက်ပြီး သတင်း အရင်းအမြစ် မခိုင်မာဘဲ ရေးသားဖော်ပြခြင်း မပြုရ၊ နိုင်ငံတော်အား ဆန့်ကျင် နှောင့်ယှက်နေသော လူပုဂ္ဂိုလ် အဖွဲ့အစည်းများ နှင့်ပတ်သက်ပြီး လှုံ့ဆော်အားပေး ထောက်ခံသည့် အရေးအသားများ ဖော်ပြခြင်းမပြုရ ဆိုသည့် အချက်များ ပါဝင်သည်။
သတင်းစာ ဆရာကြီး ဖိုးသောကြာ (ခေတ်+မိုး) ကလည်း ယခုကဲ့သို့ စိစစ် ဖြတ်တောက်မှုမရှိဘဲ ထုတ်ဝေခွင့် ရရှိခြင်းကို စာပေလွတ် လပ်ခွင့်ရရှိပြီဟု မသတ်မှတ်နိုင်ကြောင်း၊ အဆိုပါ အခြေခံမူ ၁၆ ချက်သည် ဥပဒေအဖြစ် ပြဋ္ဌာန်းထားခြင်း မရှိသော်လည်း ငြိစွန်းသည့် စာနယ်ဇင်းသမားများ အနေဖြင့် အချိန်မရွေး အရေးယူခံရမည်မှာ မလွဲကြောင်း ထောက်ပြသည်။
“တချို့ လွတ်လပ်ခွင့်ရပြီလို့ ထင်မယ်။ ဒါပေမယ့် ဒို့တာဝန် အရေးသုံးပါးကို မထိပါးရဘူးဆိုတာကို ဘယ်ပေတံနဲ့ တိုင်းမှာလဲ၊ ဘယ်သူက ဆုံးဖြတ်မှာလဲ၊ ဘယ်ဥပဒေနဲ့ အရေးယူမှာလဲ၊ ဒါတွေကို ပြဋ္ဌာန်းထားမှုမရှိဘူး၊ ကြိုက်သလို အရေးယူလို့ရတယ်” ဟု ဆိုသည်။
ထိုကြောင့် ယခုပြုပြင် ပြောင်းလဲလိုက်သည့် စနစ်ကြောင့် ထုတ်ဝေသူ များသာမက သတင်းအယ်ဒီတာများ၊ သတင်းသမားများ အနေဖြင့် ကျင့်ဝတ်သိက္ခာပိုင်း တွင်လည်း ပိုမို အလေးပေး လာရတော့မည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။
Open News ဂျာနယ်နှင့် မြန်မာ့ဓန မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးသီဟစောကလည်း “ဌာနဆိုင်ရာ အကျင့်ပျက် လာဘ်စားမှုတွေ ရေးရင် သတိထားရမယ်။ ငြိသွားရင် ထုတ်ဝေခွင့်တောင် ထိခိုက်လာနိုင်တယ်” ဟု ဆိုသည်။
ကြိုတင် စိစစ်စရာ မလိုတော့သည့်အတွက် နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာများပါ ထွက်ပေါ်လာနိုင်ကြောင်းလည်း သူက ပြောသည်။
မီဒီယာ လွတ်လပ်ခွင့်ကို တောင်းဆိုနေချိန်တွင် ဖြေလျော့မှုများ ပြုလုပ်ပေးခြင်းကို ကြိုဆိုကြောင်း၊ သို့သော်လည်း စာနယ်ဇင်း သမားများအပေါ် ထားရှိသည့် အီလက်ထရွန်းနစ် ပုဒ်မကဲ့သို့ ဥပဒေများကိုလည်း ဖျက်သိမ်းပစ်ရန် လိုအပ်ကြောင်း၊ လွတ်လပ်သည့် မီဒီယာနယ်ပယ်တခု တည်ဆောက်ရန် စာနယ်ဇင်းသမားများ သာမက အစိုးရပိုင်းကပါ ဥပဒေပြုရေးကို ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း သတင်းလွတ်လပ်ခွင့် ကော်မတီမှ ပြောခွင့်ရပုဂ္ဂိုလ် ကိုဇော်သက်ထွေးက ဆိုသည်။
Yangon Media Group ၏ အမှုဆောင်အရာရှိချုပ် ဦးကိုကိုကမူ ဤသို့ ထုတ်ဝေခွင့် ပြုခြင်သည် စာနယ်ဇင်း လွတ်လပ်ခွင့်၏ ပထမခြေလှမ်း တရပ်အဖြစ် ရှုမြင်သော်လည်း ကျန်ရှိ ဥပဒေများ ဖျက်သိမ်းရေးကို တောင်းဆိုရမည် ဖြစ်ကြောင်း၊ မီဒီယာ များဘက်ကလည်း ဆက်လက် ရေးသားနေရမည်ဖြစ်ပြီး ဥပဒေပြု လွှတ်တော် ကိုယ်စားလှယ်များနှင့် ပူးပေါင်း၍ လွှတ်တော်တွင် တင်သွင်းနိုင်ရန် လိုကြောင်း၊ စာနယ်ဇင်း အသင်းအဖွဲ့များကလည်း သိမ်မွေ့သော နည်းလမ်းများဖြင့် ညီညွတ်စွာ လုပ်ဆောင်ရန် လိုကြောင်း ပြောသည်။
ထို့အပြင် မီဒီယာသမားများ အနေဖြင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို လိုက်နာ ရေးသားရန် လိုကြောင်း၊ သို့မဟုတ်လျှင် တရားဥပဒေအရ အရေးယူမှုများ ရှိလာမည်ဖြစ်ကြောင်း ဦးကိုကိုက ဆက်ပြောသည်။
စာပေစိစစ်ရေး လုပ်ငန်းများကို ၁၉၆၄ ခုနှစ် တော်လှန်ရေး ကောင်စီ လက်ထက်တွင် စတင် ပြဋ္ဌာန်း ကျင့်သုံးခဲ့ခြင်း ဖြစ်ပြီး ယခုအကြိမ်သည် ၄၈ နှစ်အကြာတွင် ပထမဆုံး စာပေကြိုတင်စိစစ်မှု ရပ်တန့်လိုက်ခြင်း ဖြစ်သည်။