ဧရာဝတီတိုင်း အစိုးရအဖွဲ့အနေဖြင့် အကျင့်ပျက်ခြစားမှု ၂ ခုအား ၂ လအတွင်း အရေးယူ ဆောင်ရွက်ပေးရန် ဧရာဝတီတိုင်းလွှတ်တော် အထူးအစည်းအဝေးက သြဂုတ်လ ၂၀ ရက်နေ့က အတည်ပြု ဆုံးဖြတ်ခဲ့သည်။
ပုသိမ်မြို့ ဧရာမင်း ဈေးပိုင် စည်ပင်မြေကွက်အား ဌာနဆိုင်ရာများက အိမ်ခြံမြေ အကွက်ဖော် ရောင်းစားခဲ့မှုနှင့် ပုသိမ်မြို့နယ် သစ်ပုတ်ကုန်းကျေးရွာ ဘောလုံးကွင်းအား ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများက ရောင်းစားခဲ့သည့် အမှု ၂ ခုကို ထိရောက်စွာ အရေးယူရန် တိုင်းလွှတ်တော်က တိုင်းအစိုးရအဖွဲ့အား တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
“ပုသိမ်မြို့ အမှတ် ၈ ရပ်ကွက် ဧရာမင်း ဈေးပိုင်မြေကွက်ကို အိမ်မြေကွက် ၈ ကွက်ပြုလုပ်ပြီး လူနေအိမ်များ ဆောက်လုပ်နေထိုင်မှု အစီရင်ခံစာအပေါ် သုံးသပ်ချက်၊ တိုက်တွန်းချက်များကို အစိုးရအဖွဲ့က ၂ လအတွင်း ပြီးပြတ်အောင် ဆောင်ရွက်ပေးရန် လွှတ်တော်က ဆုံးဖြတ်ကြောင်း ကြေညာပါတယ်” ဟု တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်က လွှတ်တော် အစည်းအဝေးတွင် ပြောသည်။
၁၉၉၆ ခုနှစ်က တည်ဆောက်ခဲ့သည့် ဧရာမင်းဈေးကို ၂၀၀၁ ခုနှစ်တွင် ပြန်လည် တည်ဆောက်ခဲ့ရာ ဈေးအိမ်သာနှင့် မီးသတ်ရေကန် တည်ဆောက်ရန် မြေနေရာ ချန်ထားခဲ့သည်။
ယင်းမြေနေရာများအား သက်ဆိုင်ရာ အစိုးရဌာနများက အိမ်ခြံမြေကွက် ၈ ကွက် ဖော်ထုတ်ကာ ဂရန်ကျစေပြီး ပုဂ္ဂလိကအဆင့်ဆင့် ရောင်းစားခဲ့ခြင်းဖြစ်သည်။
ယခုအခါ ဧရာမင်း ဈေးသူဈေးသားများက ယင်းမြေနေရာများကို ပြန်လည်ရလိုကြောင်း လွှတ်တော်သို့ တင်ပြတိုင်ကြားခဲ့ရာ တိုင်းလွှတ်တော် ဥပဒေစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ထိန်ဝင်း ဦးဆောင်သည့်အဖွဲ့က ကွင်းဆင်းစစ်ဆေးပြီးနောက် လွှတ်တော်သို့ အစီရင်ခံစာ ပြန်လည်တင်သွင်းခဲ့သည်။
အစီရင်ခံစာတွင် “အချင်းဖြစ်မြေမှာ စည်ပင်သာယာပိုင်မြေ ဖြစ်သည်ကို သိလျက်နှင့် တင်ပြရန် ပျက်ကွက်ခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြေစာရင်း ဦးစီးဌာနမှ တာဝန်ရှိသူများကို လိုအပ်သလို အရေးယူသင့်ကြောင်း” ဖော်ပြပါရှိသည်။
အစီရင်ခံစာပါ အကြောင်းအရာများကို မြောင်းမြအမတ် ဦးပြုံးချို၊ လပွတ္တာအမတ် ဦးထိန်လင်းနှင့် ဖျာပုံအမတ် ဦးလှဝင်းဗိုလ်တို့က လွှတ်တော်တွင် ထောက်ခံ ဆွေးနွေးခဲ့ကြသည်။
“စည်ပင်သာယာပိုင်မြေ ဖြစ်သည်ကို သိလျက်နဲ့ လက်ခံရယူသူ၊ ဆောက်ရွက်ပေးသူများဟာ ဥပဒေချိုးဖောက်သူများ ဖြစ်တဲ့အတွက် စီမံခန့်ခွဲရေး နည်းလမ်းများအရ လိုအပ်သလို အရေးယူသင့်ပါတယ်” ဟု ဖျာပုံမြို့နယ် တိုင်းလွှတ်တော်အမတ် ဦးလှဝင်းဗိုလ်က လွှတ်တော်တွင် ဆွေးနွေးသည်။
ထို့ပြင် သစ်ပုတ်ကုန်းကျေးရွာ ဘောလုံးကွွင်းအား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်း၊ ရာအိမ်မှူးနှင့် နယ်မြေခွဲခေါင်းဆောင်တို့က ငွေ ၂၆ သိန်းဖြင့် အငြိမ်းစား မြေတိုင်းစာရေး ဦးစိုးမြင့်အား ရောင်းချခဲ့သည့်ကိစ္စကို လွှတ်တော်အမတ် ၄ ဦးက ဆက်လက် ဆွေးနွေးခဲ့သည်။
ဘောလုံးကွင်း ရောင်းချသည့်ကိစ္စအား ကျေးရွာလူထုက မကျေနပ်သည့်အတွက် တိုင်ကြားမှုများ ပြုလုပ်ခဲ့ရာ ရာအိမ်မှူးနှင့် နယ်မြေခွဲခေါင်းဆောင်တို့က ယူထားသည့်ငွေများ ပြန်ပေးခဲ့သော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြန်မပေးဘဲ “တိုင်ချင်ရာ တိုင်နိုင်တယ်” ဟု စိန်ခေါ်ခဲ့သည့်အတွက် တိုင်ကြားတောင်းဆိုမှုများ ပိုမို ပြင်းထန်လာကြောင်း လပွတ္တာအမတ် ဦးဇော်ဝင်းက ပြောသည်။
“အုပ်ချုပ်သူရဲ့ ငါတကောကောတဲ့ လုပ်ရပ်တွေကို ဟန့်တားနိုင်အောင် နမူနာစံပြအဖြစ် အရေးယူဖို့ အမှန်တကယ် လိုအပ်နေပါပြီ။ ဒါကြောင့် ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားသင့်ပါကြောင်း ထောက်ခံ တင်ပြအပ်ပါတယ်”ဟု ၎င်းက ပြောသည်။
လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်က သစ်ပုတ်ကုန်းရွာ ဘောလုံးကွင်းကိစ္စအပေါ် အစိုးရအဖွဲ့၏ သဘောထားကို မေးမြန်းခဲ့ရာ တိုင်းအစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မောင်မောင်ဝင်းက ယင်းဖြစ်ရပ်အတွက် တာဝန်ရှိသူအဆင့်ဆင့်ကို ဖော်ထုတ်ပြီး အရေးယူသင့်ပါကြောင်း လွှတ်တော်တွင် ထောက်ခံ ပြောဆိုသွားသည်။
တိုင်းလွှတ်တော် သက်တမ်းတလျှောက် ပထမဆုံး ခေါ်ယူကျင်းပခဲ့သည့် ဧရာဝတီတိုင်း လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၂) ကို သြဂုတ်လ ၁၅ ရက်နေ့မှ ၂၀ ရက်နေ့အထိ ပုသိမ်မြို့ လွှတ်တော်ခန်းမတွင် ကျင်းပခဲ့သည်။
ယမန်နေ့ လွှတ်တော်အစည်းအဝေးသို့ တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်နှင့် တပ်မတော်သား ကိုယ်စားလှယ် ၂ ဦး အပါအဝင် ကိုယ်စားလှယ် ၅ ဦး တက်ရောက်ရန် ပျက်ကွက်ခဲ့ပြီး စုစုပေါင်း အမတ် ၆၇ ဦး တက်ရောက်သည်။