အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုနှင့် အကျိုးစီးပွား ထုတ်ဖော်ရေး အဆိုသည် လွှတ်တော်တွင် အရေးနိမ့်ခဲ့သော်လည်း အစိုးရဝန်ကြီးများ၊ တရားသူကြီးချုပ်များနှင့် အစိုးရ ထိပ်တန်း တာဝန်ရှိသူများ၏ ပိုင်ဆိုင်မှုများအားလုံးကို စာရင်းပြုစုပြီး သမ္မတဦးသိန်းစိန်ထံသို့ လျှို့ဝှက် ချိတ်ပိတ် တင်ပြရကြောင်း သတင်းရရှိသည်။
“သြဂုတ်လ ၂၀ ရက်နေ့မှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးမြင့်ဆွေ၊ တိုင်းဝန်ကြီးတွေ၊ တိုင်းတရားသူကြီးချုပ်၊ ဥပဒေချုပ်၊
တိုင်းတရား သူကြီးတွေရဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို သမ္မတရုံးဆီ တင်လိုက်ပါပြီ။ အစိုးရအဖွဲ့ဝင် အားလုံးရဲ့ ပိုင်ဆိုင်မှုတွေကို
တင်ခိုင်း ထားတာပါ။ ပြည်ထောင်စုအဆင့်နဲ့ ပြည်နယ်/ တိုင်း အဆင့်တွေအားလုံး သြဂုတ်လ ၂၀ ရက်နေ့ နောက်ဆုံးထား တင်ရတာပါ” ဟု ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတဦးက အတည်ပြုပြောဆိုသည်။
NLD ပါတီမှ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဝင်းမြင့်က ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် အစိုးရ အဖွဲ့ဝင်များအဖြစ် တာဝန်ထမ်းဆောင် သူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာရန် အဆိုကို ဇူလိုင်လ ၂၅ ရက်နေ့တွင် တင်သွင်းပြီးနောက် သမ္မတ ဦးသိန်းစိန်က ဇူလိုင်လ ၂၆ ရက်နေ့တွင် အစိုးရအဖွဲ့ဝင်အားလုံး၏ ပိုင်ဆိုင်မှုနှင့် အကျိုးစီးပွားများကို သြဂုတ်လ ၁ ရက်နေ့ နောက်ဆုံးထား တင်ပြကြရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း၊ သို့ရာတွင် အချိန် နည်းပါးလွန်းသည့်အတွက် ပိုင်ဆိုင်မှုနှင့် အကျိုးစီးပွား တင်ပြသည့်
အမိန့်ကို ရွှေ့ဆိုင်းပြီး သြဂုတ်လ ၂၀ ရက်နေ့ နောက်ဆုံးထား တင်ပြရန် ထပ်မံ အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။
“ပထမ ထွက်လာတဲ့ ညွှန်ကြားချက်က ငါးရက်အတွင်း ပိုင်ဆိုင်မှု တင်ခိုင်းတာမျိုးပေါ့။ နောက်တော့ အဲဒီ နောက်ဆုံးရက်
သတ်မှတ်ထားတဲ့ သြဂုတ်လ ၁ ရက်နေ့ကို ထပ်ပြီးတော့ ရွှေ့ဆိုင်းပေးတယ်၊ အမိန့် ထပ်ထွက်လာတယ်။ အခုတော့ အားလုံး တင်လိုက်ပါပြီ။ ပိုင်ဆိုင်မှုစာရင်းတွေ တရားဝင် ကြေညာဖို့ဆိုတာထက် သမ္မတရုံးမှာ မှတ်တမ်း တင်ထားဖို့လို့ပဲ ထင်ပါတယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်က ရှင်းပြသည်။
NLD ပါတီမှ ဦးဝင်းမြင့် တင်သွင်းသည့် အစိုးရအဖွဲ့ဝင်များ အကျိုးစီးပွားနှင့် ပိုင်ဆိုင်မှုများ တရားဝင်ကြေညာရေး အဆိုမှာ လွှတ်တော်တွင် မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။
သမ္မတထံ ပိုင်ဆိုင်မှုနှင့် အကျိုးစီးပွား တင်ပြရသော အစိုးရအဖွဲ့ဝင်များတွင် ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု လွှတ်တော် တရားသူကြီးများ၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့
ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်များ၊ တရားသူကြီးချုပ်များ၊ တရားသူကြီးများ ပါဝင်သည်။
သမ္မတထံ တင်ပြရသော ပိုင်ဆိုင်မှုနှင့် အကျိုးစီးပွားများတွင် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ၊ ရွှေ့ပြောင်းနိုင်သော
ပစ္စည်းများပါဝင်ပြီး ရွှေ့ပြောင်းနိုင်သော ပစ္စည်းများတွင် စီးပွားရေးလုပ်ငန်း၊ စုဆောင်းထားရှိသော ငွေကြေး၊ မော်တော်ယာဉ်၊ စိန်၊ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားနှင့် ဝတ်ဆင်ရန် ရတနာများ၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများတွင် မြေ၊ အိမ်၊ အဆောက်အအုံတို့ ပါဝင်ကြောင်း သိရှိရသည်။