ကချင်ပြည်နယ် တနိုင်းမြို့နယ်တွင်းရှိ ကမ္ဘာ့ အကြီးဆုံး ကျားထိန်းသိမ်းရေး နယ်မြေ ဟူးကောင်းချိုင့်ဝှမ်း ဒေသခံများသည် ပြည်သူ့လွှတ်တော် အမတ် ဦးဌေးမြင့် ၏ ယုဇန ကုမ္ပဏီက သိမ်းယူထားသော မြေဧက ၂ သိန်းကျော် ပြန်ရရေး ဆန္ဒပြရန် ရန်ကုန်မြို့သို့ ယနေ့ ရောက်ရှိနေကြပြီဖြစ်သည်။
လယ်မြေနှင့် ဥယျာဉ်ခြံများ အသိမ်းခံထားရသော ရှဒူးဇွပ်၊ အောင်ရာ၊ ဘန်ကောက်၊ လဂျာဘာ၊ စံပြ၊ ဝါရာစု စသည့် ကျေးရွာများမှ ဒေသခံတောင်သူလယ်သမား ၂၀ ကျော်က ၎င်းတို့၏ မြေများနစ်နာဆုံးရှုံးရမှုကို ညှိနှိုင်းဖြေရှင်းမပေးပါက ဗဟန်းမြို့နယ်ရှိ ယုဇန ကုမ္ပဏီရှေ့တွင် သွားရောက်ဆန္ဒပြရန် စီစဉ်နေသည်ဟု ဆိုသည်။
“ဒီနေ့နေ့လယ် ၁ နာရီ City Star ဟိုတယ်မှာ သူတို့ နစ်နာမှုတွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲလုပ်မယ်၊ မနက်ဖြန်မှာ ဆန္ဒပြ ခွင့် အာဏာပိုင်တွေဆီမှာ သွားလျှောက်မှာပါ။ သူတို့ဘက်က တုံ့ပြန်ညှိနှိုင်းမှု အဆင်မပြေရင် ယုဇန ကုမ္ပဏီရှေ့မှာ ဆန္ဒပြကြမှာပါ” ဟု တောင်သူလယ်သမားများဘက်မှ ကူညီဆောင်ရွက်ပေးနေသူ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီဝင် ဒေါ်ဘောက် ဂျာ က ဧရာဝတီသို့ ပြောသည်။
အဆိုပါမြေများကို ယုဇနကုမ္ပဏီက ၂၀၀၆ ခုနှစ်က ကြံနှင့် ဇီဝ လောင်စာဆီ အတွက် ပီလောပီနံ စိုက်ပျိုးရေး လုပ်ငန်းများ လုပ် ကိုင် ရန် စတင်သိမ်းယူခဲ့ပြီး ၂၀၁၂ ဖေဖော်ဝါရီလပိုင်းကစ၍ ရွှေတူးဖော်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင် နေကြောင်း ဒေသခံရွာသားများက ပြောသည်။
ရွာသားများက ၎င်းတို့ဘိုးဘွားပိုင် ဓားမဦးချ လုပ်ကိုင်လာခဲ့သော မြေများကို အဓမ္မသိမ်းယူမှုဖြင့် ၂၀၀၈၊ ၂၀၁၀ ခုနှစ်များက သက် ဆိုင်ရာ တရားရုံးအဆင့်ဆင့်ကို တိုင်ကြားခဲ့သော်လည်း ပလပ်ခံခဲ့ရကြောင်း၊ ထို့ကြောင့် ၎င်းတို့ နစ်နာခံစားနေရမှုများကို အများပြည် သူများလည်း သိရှိလာစေရန် မြို့ပေါ်အထိ တက်လာခဲ့ရခြင်းဖြစ်ကြောင်း ရှင်းပြသည်။
“ကျနော်တို့ အသိမ်းခံရတာ လူမသိသူမသိဖြစ်ခဲ့ရတယ်။ ဒီလိုအသိမ်းခံခဲ့ရတဲ့အတွက် ကျနော်တို့မှာ လုပ်ကိုင်စားစရာမရှိတော့ ဘူး၊ စားဝတ်နေရေးနဲ့ ကလေးတွေ ကျောင်းနေရေးတွေဟာ အခက်အခဲတွေဖြစ်လာတယ်။ ကျနော်တို့ ဒေသမှာ ဆန္ဒပြရင် ဘယ်သူမှ မသိဘဲ ဖိနှိပ်ခံရမှာစိုးတဲ့ အတွက် ရန်ကုန်ကို တက်လာတာပဲ”ဟု မြေ ၁၀ ဧကကျော် အသိမ်းခံခဲ့ရသည့် လဂျာဘာ ရွာသား ဦးအားဖူးသစ် က ဧရာဝတီသို့ပြောသည်။
ရွှေကျင်း တကျင်းလျှင် ကျပ်ငွေ ၅ သိန်း၊ ရွှေကျင်စက် တလုံးလျှင် ကျပ် ၃ သိန်းနှုန်းဖြင့် ယုဇနကုမ္ပဏီက ကောက်ယူနေပြီး ထိုင်း၊ တရုတ်နှင့် မြန်မာ လုပ်ငန်းရှင်များက တူးဖော်နေကြောင်း၊ မူရင်းမြေရှင်များမှာ လုပ်ကိုင်စရာ မြေမရှိသည့် အတွက် အလုပ်လက်မဲ့ဖြစ်နေရကြောင်း ဝါရာဇု ရွာသားတဦး ကပြောသည်။
“သူတို့က သူဌေးဆိုပြီး အနိုင်ကျင့်တာ ကျနော်တို့လယ်တွေကို လာသိမ်းပြီးမှ ပီလောပီနံစိုက်တယ်၊ ရွှေတူးတယ်၊ ကျနော်တို့ က ဘာမှ လုပ်စား စရာမရှိဘဲနဲ့ ငတ်နေတယ်လေ၊ မြို့နယ်တရားရုံးတို့ နေပြည်တော်တို့ တိုင်တယ်၊ ဘာမှ လုပ်မပေးကြဘူး၊ အခုဆိုရင် လယ်တွေက ရွှေတူးထားလို့ ပျက်စီးကုန်ပြီ၊ သဲတွေ၊ ခဲတွေတောင် တောင်လိုပုံနေပြီ” ဟု သူက ဧရာဝတီသို့ ပြောသည်။
ရွှေတူးဖော်ရေးလုပ်ငန်းများ ကျယ်ပြန့်လာသည်နှင့် အမျှ လုပ်ငန်းခွင်အနီးရှိ ကျေးရွာ ၇ ရွာမှ ဒေသခံ လူငယ်များမှာ မူးယစ်ဆေးဝါးသုံးစွဲမှု ကျယ်ပြန့်လာကြောင်း၊ ထို့အတူ ပြည့်တန်ဆာလုပ်ငန်းများလည်း လုပ်ငန်းခွင် နေရာများနှင့် ကျေးရွာများ တွင်လည်း တိုးမြင့် လာကြောင်း သူကဆက်ပြောသည်။
“ကျနော်တို့ စံပြရွာမှာတင် ၁၃ နှစ်အရွယ်လောက်ကစပြီး ဘိန်းမည်းတွေသုံးနေကြတယ်၊ ရောင်းနေသုံးနေတဲ့လူတွေ ကလည်း ကျနော်တို့ အိမ်ဘေးနားမှာပဲရှိတယ်။ မြင်နေရတာပဲ၊ ရဲတွေလည်း အဲဒီရောင်းတဲ့ အိမ်တွေကို ဝင်ထွက်နေတာပဲ မဖမ်းဘူးလေ၊ အလွန် အန္တရာယ်များတယ်၊ သူတို့က ကိုယ့်မကျေနပ်လို့ အိမ်ထဲကို ဘိန်းပစ်ထည့်ပြိး ဖမ်းရင် ကျနော်တို့ ဒုက္ခရောက်နိုင်တယ်”ဟု ဦးအားဖူးသစ် က ပြောသည်။
ဟူးကောင်းချိုင့်ဝှမ်းဒေသကို အမေရိကန်အခြေစိုက် တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ (Wildlife Conservation Society – WCS) ၏ အကူအညီဖြင့် ၂၀၀၁ ခုနှစ် မှစ၍ မြန်မာနိုင်ငံ သစ်တောဦးစီးဌာန က ဘေးမဲ့တော အဖြစ် စတင် အုပ်ချုပ်ခဲ့ကြောင်း သိရသည်။
အစိုးရက သတ်မှတ်ထားသော ကျားထိန်းသိမ်းရေး နယ်မြေ အတွင်း၌ ယုဇနကုမ္ပဏီ၏ ရွှေတူးဖော်ရေးလုပ်ငန်းနှင့် စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်နေခြင်းဖြစ်ပြီး ထိုလုပ်ငန်းများကြောင့် ကျားထိန်းသိမ်းရေးနယ်မြေကို ထိခိုက်မှုများရှိသကဲ့သို့ ဒေသခံ များ၏ မြေများ အဓမ္မသိမ်းယူမှုကြောင့် ဒေသခံများမှာ အလုပ်လက်မဲ့ အခြေအနေများဖြင့် ရင်ဆိုင်နေရကြောင်း ထိုနယ်မြေ အတွင်း ကွင်း ဆင်း၍ သတင်းအချက်လက် ကောက်ယူနေသော ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက် KDNG ကပြောသည်။
“ရွှေတူးဖော်ရေး လုပ်ငန်းတွေကြောင့် ဒေသခံတွေအတွက် လူမှုရေးပြဿနာတွေ ဆိုးဆိုးရွားရွား ကြုံတွေ့နေတယ်၊ သဘာဝ ပတ်ဝန်းကျင်လည်း ထိခိုက်မှုရှိနေတယ်၊ ကျားနဲ့ တောရိုင်းတိရစ္ဆာန် မဆိုထားနဲ့ အိမ်မွေး တိရစ္ဆာန်အတွက်တောင် စားကျက်မြေ မရှိတော့ဘူး” ဟု KDNG မှ ကွင်းဆင်းလေ့လာနေသူ ကိုစားဂျီ က ပြောသည်။
ဒေသခံများမှာ ရွှေတူးဖော်ရေးလုပ်ငန်းများတွင် အလုပ်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်ကြပြီး ထိုလုပ်ငန်းတွင် လုပ်ကိုင်နေ ကြသူ ၈၀ ရာခိုင်နှုန်းမှာလည်း ဘိန်းဖြူ၊ ဘိန်းမည်းနှင့် ရာဘ စသည့် မူးယစ်ဆေးဝါးများ သုံးစွဲနေသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ထို့အတူ ပြည့်တန်ဆာ လုပ်ငန်းမှာလည်း တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နေကြောင်း သူကဆက်ပြောသည်။
မူးယစ်ဆေးဝါး တရားဝင် ရောင်းဝယ်သုံးစွဲနေမှု အရေးယူရန်နှင့် ယုဇန ကုမ္ပဏီ၏ အဓမ္မ မြေသိမ်းထားမှုများ မူရင်းလုပ်ငန်းရှင်များ ထံ ပြန်လည်အပ်နှံရေး၊ အစိုးရအနေဖြင့် အမြန်ဆုံးလုပ်ဆောင်ကာ ဒေသခံများအတွက် ကျန်းမာရေး၊ ပညာရေး ကဏ္ဍ အမြန်ဆုံး ဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း ကိုစားဂျီ က ပြောဆိုသည်။
ယုဇန ကုမ္ပဏီအနေဖြင့် ဟူးကောင်းဒေသတွင် လုပ်ကိုင်ခွင့်ရရှိရေးအတွက် ဗိုလ်ချုပ်မှူး ကြီးဟောင်း ဦးသန်းရွှေ ၏ အမိန့်ဖြင့် ယခင် ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း က တဆင့် လုပ်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ဒေါ်ဘောက်ဂျာ က ပြောသည်။
“၂၀၀၉ ခုနှစ်တုန်းက ဦးစိုးဝင်းက တိုင်းမှူး အဖြစ်နဲ့ ဟူးကောင်းဘက်ကို လာတဲ့အချိန်မှာ ယုဇနကုမ္ပဏီက သိမ်းလိုက်တဲ့ အတွက်ကြောင့် ဒုက္ခရောက်ရတဲ့အကြောင်းကို ဒေသခံတွေက တင်ပြတော့ သူကိုယ်တိုင်က အဲလိုပြောတယ်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယုဇနဦးဌေးမြင့်ကို တနင်္သာရီတိုင်းမှာ ဆီအုံးခြံတွေ လုပ်နေတဲ့ ကြားထဲကနေ by name နဲ့(တိုက်ရိုက်)ခေါ်ပြီးတော့ ဒီနေရာမှာ လုပ်ပါဆိုပြီးတော့ သူတို့လည်း ဘာမှ မပြောနိုင်ဘူးလို့ပြောပါတယ်” ဟု ဒေါ်ဘောက်ဂျာ က ရှင်းပြသည်။