ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို မြန်မာဘက်က လုံခြုံရေး တိုးချထား
This article has been converted from Zawgyi One to Unicode
ရခိုင်ပြည်နယ် မောင်တောမြို့မြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို မြန်မာဘက်က လုံခြုံရေး တိုးမြှင့်ချထားကြောင်း နယ်စပ်မှလာသော သတင်းများအရ သိရသည်။
မကြာသေးမီက အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကွဲမှု ဌာနချုပ် (စကခ) လက်အောက်ခံ တပ်ရင်းတရင်း နစက (နယ်စပ်ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး) စခန်းတွင် လာရောက် တပ်စွဲထားကြောင်း မောင်တောမြို့နယ် တောင်ပြိုမြို့နယ်ခွဲမှ ဒေသခံတဦးက ပြောသည်။
“ကျနော်တို့ဆီကို လွန်ခဲ့တဲ့ ၃ ရက်လောက်က ရောက်လာကြတာ။ စကခ ၁၅ လက်အောက်ခံ တပ်ရင်းပါ။ သူတို့က နစက စခန်းထဲမှာပဲနေတော့ အင်းအား ဘယ်လောက်များလည်းဆိုတာတော့ ခန့်မှန်းလို့ မရဘူး” ဟု အဆိုပါ တောင်ပြိုမြိုခံက ဆိုသည်။
မူစလင် လက်နက်ကိုင်အဖွဲ့တချို့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ကျော်ဖြတ်လာနိုင်ကြောင်း၊ လူစုရုံးကာ အင်အားတိုးချဲ့နေကြောင်း သတင်းများ ထွက်ပေါ်နေသဖြင့် ယင်းသို့ လုံခြုံရေး တိုးမြှင့်ထားခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို လုံခြုံရေး တိုးချဲ့ထားသည်မှာ မှန်ကန်ကြောင်းနှင့် အဓိကတိုးချဲ့ထားသည့် နေရာများမှာ ကုန်းမြေချင်း ထိစပ်နေသည့် ဧရိယာများဖြစ်ကြောင်း မောင်တောမြို့အခြေစိုက် နစကနှင့် နီးစပ်သူတဦးက ဆိုသည်။
၎င်းက “လုံခြုံရေး တိုးချဲ့ထားတာ မှန်ပါတယ်။ တရားမဝင် မူစလင်အဖွဲ့တွေကလည်း ဘင်္ဂလာဒေ့ရှ်နိုင်ငံ နယ်စပ်နားမှာ ရှိနေတယ်လို့ အစိုးရဘက်ကလည်း ယုံကြည်နေတယ်။ ပြီးတော့ ရခိုင်ပြည်ထဲကို အချိန်မရွေးဝင်လာနိုင်တဲ့ သတင်းတွေလည်း ထွက်နေတယ်” ဟု ရှင်းပြသည်။
ဘူးသီးတောင်မြို့နယ် အခြေစိုက် စကခ (၁၅) လက်အောက်ခံ ခမရ ၃၅၃၊ ၃၅၄၊ ၅၆၅၊ ၅၆၄၊ ၃၇၄၊ ၃၇၅ တို့ အပါအဝင် တပ်ရင်း ၁၀ ရင်း ခန့်ကို နစက နယ်မြေ (၁) ဗန္ဓုလကျေးရွာ၊ နစက နယ်မြေ (၂) အောင်သပြေနှင့် နစက နယ်မြေ (၃) တောင်ပြိုမြို့နယ်ခွဲရှိ နယ်မြေစခန်း ဌာနချုပ်နှင့် စခန်းခွဲများတွင် ဖြန့်ကျက်ထားကြောင်း သိရသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး ဘန်တရိုဘန်ခရိုင်၊ နတ်ကျောက်စရီမြို့နယ်၊ လေမူစရီဒေသတွင် Rohingya Solidarity Organization (RSO) ပါတီ အခြေစိုက်လှုပ်ရှားသော နေရာဟု မြန်မာ အာဏာပိုင်များက သံသယရှိနေပြီး ယင်းနေရာသည် မြန်မာနိုင်ငံဘက်ခြမ်း မောင်တောမြို့နယ် တောင်ပြိုမြို့နယ်ခွဲအတွင်းရှိ ဗန္ဓုလကျေးရွာနှင့် မျက်နှာချင်းဆိုင် အနေအထားတွင် ရှိသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကလည်း ရခိုင်ပြည်နယ်အတွင်း အဓိကရုဏ်းများ စတင်ကတည်းက နယ်စပ်ဒေသ လုံခြုံရေးကို ပုံမှန်စောင့်ကြပ်နေကြောင်း၊ မြန်မာဘက်မှ ဒုက္ခသည်များ ဝင်းရောက်လာနိုင်မည့် လမ်းများတွင် နယ်ခြားစောင့်ဂိတ်များကို တိုးချဲ့ထားကြောင်း သိရသည်။
“မြန်မာဘက်က ထွတ်ပြေးလာတဲ့လူတွေကို ဒီ မော်ရီကြာဂိတ်က BGB (ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်) တွေက လုံးဝအဝင်မခံဘူး။ နေမကောင်းလို့ ဆေးကုဖို့ လာတဲ့လူတွေကိုတောင် အဝင်မခံဘူး။ နောက်ပြီးတော့ ဆပ်ဒါလာ ရွာနားမှာ တောလမ်းကနေ ဒုက္ခသည်တွေ ဝင်လာနိုင်တဲ့လမ်းတွေရှိလို့ BGB တွေက ဂိတ်သစ်တဂိတ်တောင် ထပ်ဖွင့်ထားတယ်” ဟု ဘင်္ဂလာဒေ့ရှ်နိုင်ငံ မော်ရီကြာကျေးရွာမှ ဒေသခံ နူဒူမာမွတ်က ပြောသည်။