မကွေးတိုင်း ရေနံချောင်းမြို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များ ပြုလုပ်နေသည့် စွမ်းရည်မြှင့်တင်ရေး သင်တန်းကို ဆက်လက် မဖွင့်လှစ်ရန် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်က တားမြစ်ကြောင်း သတင်းရရှိသည်။
သြဂုတ် ၂၁ ရက်နေ့က စတင်ခဲ့သော အဆိုပါ သင်တန်းအတွက် ရေနံချောင်း NLD မှ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်သို့ ကြိုတင်ခွင့်ပြုချက် မတောင်းဘဲ ပြုလုပ်သည့်အတွက် တားမြစ်ခြင်းဖြစ်ကြောင်း အကြောင်းကြားစာတွင် ရေးသားထားသည်ဟု သင်တန်းစီစဉ်သူများက ပြောသည်။
“NLD က လုပ်တာဖြစ်လို့ ခွင့်တောင်းရမယ်တဲ့။ တကယ်တော့ ဒီသင်တန်းက NLD ပါတီအနေနဲ့ လုပ်တာ မဟုတ်ပါဘူး။ အန်တီတို့ မိသားစုက ဒီသင်တန်းကို လုပ်တာပါ။ ဒါကြောင့် မြို့နယ်ကော်မရှင်ကို ခွင့်တောင်းဖို့လည်း မလိုပါဘူး။ တသီးပုဂ္ဂလကနေ လုပ်တာဖြစ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကန့်ကွက်စရာ အခွင့်ရေးမရှိပါဘူး။ အန်တီတို့ကတော့ ဒီသင်တန်းကို ပြီးအောင် လုပ်မှာပါ” ဟု မကွေးတိုင်း NLD အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်စောဌေးက ပြောသည်။
မြို့နယ်ခန်းမတွင် ဖွင့်ပွဲသာ ကျင်းပခဲ့ရပြီး တားမြစ်ချက်ကြောင့် သင်တန်းကို ဒေါ်ခင်စောဌေး၏ နေအိမ်တွင်သာ ပြုလုပ်နေရကြောင်း၊ သို့သော် နေရာအခက်အခဲကြောင့် မနက်ဖြန်မှစတင်၍ မူလစီစဉ်ထားသည့် မြို့နယ်ခန်းမတွင်သာ ပြန်လည်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“နိုင်ငံတော်က တိုင်းပြည် ပညာရေးအတွက် ကြိုးစားလုပ်နေတဲ့အချိန်မှာ ပုဂ္ဂလိကကလည်း တဖက်တလမ်းကနေ ထောက်ကူနေတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ နိုင်ငံသားတွေအတွက် ပေးထားတဲ့ အခွင့်အရေးဖြစ်တယ်။ ဒီအခွင့်အရေးကို ကော်မရှင်က လာတားတယ်ဆိုတာ ကော်မရှင်ကိုယ်တိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်နေတာဖြစ်လို့ ကျနော်တို့ လက်မခံနိုင်ပါဘူး” ဟု သင်တန်းစီစဉ်သူတဦးဖြစ်သည့် NLD စည်းရုံးရေးမှူးတဦးဖြစ်သူ ဦးသန်းအောင်က ပြောသည်။
အဆိုပါ လုပ်ရပ်ကို ကန့်ကွက်သည့်စာအား နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ အမျိုးသားလူ့အခွင့်ရေး ကော်မရှင်တို့သို့ လိပ်မူ ပေးပို့ထားသည်ဟု သိရသည်။
တပတ်ကြာ ပြုလုပ်မည့် ထိုသင်တန်းတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာခြင်း၊ နိုင်ငံရေး သိပ္ပံ၊ အခြေခံ လူ့အခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေးတို့ကို အခမဲ့ သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းသား ၆၀ ခန့်ရှိသည်ဟု သိရှိရသည်။