စပါးစိုက်ပျိုးသည့် ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်း အရှေ့ခြမ်းဒေသများတွင် ရေကြီးမှုများကြောင့် စပါးအထွက် နောက်ကျနိုင်သည့်အတွက် ဆန်ဈေးကွက်တွင် ဝယ်ယူသိုလှောင်မှု များပြားလာပြီး ဈေးနှုန်းများလည်း မြင့်တက်လာသည်။
ယခုနှစ်အတွင်း ဧရာဝတီတိုင်းတွင် စပါးစိုက်ဧက ၁ သိန်းခန့် နစ်မြုပ်နေပြီး ရေကျဆင်းမှု မရှိသေးသဖြင့် ပြန်လည်စိုက်ပျိုးရန် အချိန်ယူရမည်ဖြစ်ရာ စပါးအထွက်နောက်ကျပြီး ဆန်ထုတ်လုပ်မှုကိုပါ ထိခိုက်လာနိုင်သည့်အတွက် ကြိုတင် သိုလှောင်မှုများကြောင့် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်သည်ဟု ရန်ကုန်မြို့ ဘုရင်နောင် ဆန်ဈေးကွက်မှ ပွဲရုံပိုင်ရှင်တဦးက ဆိုသည်။
“ရေပြန်ကျဖို့ မလွယ်ဘူး၊ ဆန်ဈေးက နောက်ပိုင်းဆို တက်ရိပ်ပါသွားမှာဆိုတော့ ကြိုရောင်းထားတဲ့ သူတွေအနေနဲ့လည်း တက်ဈေးနဲ့ အပ်ရမှာစိုးလို့ ဝယ်ကြတာ” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ၂၅ ရာခိုင်နှုန်း အကျိုးအကြေပါသည့် ဆန်ကြမ်းဈေးသည် တတင်းခွဲ တအိတ်လျှင် ၁၃၃၀၀ ကျပ်၊ မြောင်းမြ ဒေသထွက် အပျော့ဆန်မှာ ၂၉၀၀၀ ကျပ်၊ ရွှေဘိုဒေသထွက် ပေါ်ဆန်းမွှေး (ခွန်နီ) မှာ ၃၄၀၀၀ ကျပ်ရှိ ဈေးရှိပြီး ယနေ့တွင်မူ ဆန်ကြမ်းမှာ ၁၄၀၀၀ ကျပ်၊ အပျော့ဆန်မှာ ၃၁၅၀၀ ကျပ်၊ ခွန်နီဆန်မှာ ၃၆၅၀၀ ကျပ်အထိ မြင့်တက်သွားသည်ဟု သိရသည်။
ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့မှ ပွဲရုံပိုင်ရှင် ကိုနေလင်းကလည်း လူအများစားသုံးသည့် ဆန်ကြမ်းဈေးမှာ ၁၄၅၀၀ ကျပ်မှ ၁၅၅၀၀ ကျပ်အထိ မြင့်တက်သွားကြောင်း ဆိုသည်။
“သာမန်အခြေအနေမှာ ဒီအချိန်ဆို စပါးမထွက်ခင် စပ်ကူးမတ်ကူးကာလ ဆန်ဈေးက ပုံမှန်တက်နေကြပါ။ ဒါပေမယ့် ဒီနှစ်ကတော့ ဧရာဝတီတိုင်းဘက်မှာ ရေကြီးတဲ့အပြင် ရခိုင်ဘက်ကိုလည်း ဆန်တင်ပို့နေရတော့ ဈေးကပိုတက်လာတယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် ရခိုင်ဒေသတွင် မကြာသေးမီက ဖြစ်ပွားသည့် ပဋိပက္ခများကြောင့် ရခိုင်လယ်သမားများ စိုက်ပျိုးရေးလုပ်ငန်းခွင်ကို သွားရောက်နိုင်ခြင်း မရှိသေးကြောင်း၊ ထိုအချက်သည်လည်း ဆန်ထုတ်လုပ်မှုကို အနည်းနှင့်အများ ထိခိုက်နိုင်ကြောင်း ကိုနေလင်းက ဆက်ပြောသည်။
မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်း (MRIA) က အဓိက ဆန်ထုတ်လုပ်ရာ ပြည်တွင်းဆန်ဈေးကွက်ကို ထိခိုက်ခြင်း မရှိစေရန် အရန်ဆန် ရောင်းချရေးကော်မတီက ဆန် ၄၆၆၆ တန်ကို တင်ဒါစနစ်ဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်နှင့် သမဝါယမအသင်း အပါအဝင် ကုမ္ပဏီ ၆ ခုသို့ မကြာသေးမီက ဖြန့်ဖြူး ရောင်းချပေးခဲ့သည်။
MRIA အသင်းအတွင်းရေးမှူး ဦးရဲမင်းအောင်က “စပါးပြန်စိုက်တဲ့အချိန် နောက်ကျမှာ ဖြစ်တဲ့အတွက် ဆန်စပါးအထွက်ကိုတော့ ထိခိုက်မှာပါ။ ဒါပေမယ့် ကြီးကြီးမားမား ထိခိုက်မယ်လို့တော့ ပြောမရဘူး၊ စိုက်ပျိုးရာသီ မကုန်သေးတော့ စောင့်ကြည့်ရမယ်” ဟု ဆိုသည်။
ထို့အပြင် ရေကျသွားလျှင် တောင်သူများ လျင်မြန်စွာ စိုက်ပျိုးနိုင်ရန် အဓိက လိုအပ်နေသည့် မျိုးစပါး တင်း ၃ သောင်းခန့်နှင့် ပျိုးပင်များကို ရေကျမှု အခြေအနေအပေါ် မူတည်ပြီး အချိန်မီ ဖြန့်ဖြူးရန် ပြင်ဆင်ထားကြောင်း၊ သို့သော်လည်း တချို့သော ဒေသများတွင် ရေကျမှု နှေးကွေးသည့်အတွက် စပါးပြန်လည်စိုက်ပျိုးရန် မဖြစ်နိုင်သည့် အခြေအနေများလည်း ရှိနိုင်ကြောင်း ဦးရဲမင်းအောင်က ရှင်းပြသည်။
MRIA က ထုတ်ပြန်သည့် စာရင်းများအရ ဧရာဝတီတိုင်း အတွင်းရှိ ပုသိမ်၊ ကျောင်းကုန်း၊ ကျုံပျော်၊ သာပေါင်း၊ အသုတ်၊ ရေကြည်၊ ပဲခူးတိုင်း အရှေ့ခြမ်းရှိ သနပ္ပင်၊ ကဝ၊ ဝေါ၊ ရွှေကျင်၊ မဒေါက် စသည့်ဒေသများတွင် အများဆုံးခံခဲ့ရပြီး စိုက်ဧက ၁ သိန်း ၁ သောင်းနီးပါး ရေနစ်မြုပ်ခဲ့သည်ဟု သိရသည်။
လက်ရှိအခြေအနေတွင်မူ ရေနှုတ်မြောင်းများ ပိတ်ဆို့နေခြင်း၊ တာတမံများ ပျက်ဆီးနေခြင်းကြောင် ရေများ အမြန်ကျဆင်းသွားခြင်း မရှိသေးသည့်အတွက် စိုက်ပျိုးပြီးသော စပါးပျိုးပင်များမှာ ရေကြောင့် ပျက်စီးသွားရန် သေချာသလောက် ရှိနေကြောင်း ဒေသခံ တောင်သူများက ပြောဆိုနေကြသည်။