ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံးမှ ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့သော သဝဏ်လွှာနှင့်အတူ ပူးတွဲပါရှိသည့် သုံးသပ်ချက်၌ ပါဝင်သော စွပ်စွဲချက်များကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) ပါတီက ကန့်ကွက်ထားကြောင်း သိရသည်။
သဝဏ်လွှာနှင့်အတူ ပါရှိသည့် ရခိုင်ပြည်နယ် ပဋိပက္ခ ခြုံငုံသုံးသပ်ချက် များတွင် ရခိုင် တမျိုးသားလုံးကို လူမျိုးရေး မုန်းတီးစိတ် ကြီးမားသည့် လူမျိုးတမျိုး အဖြစ် ပုံဖော်ထားခြင်းကို RNDP ပါတီ၏ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦး က လက် မှတ် ထိုး၍ ပြည်ထောင်စု လွှတ်တော် နာယက ထံ ယမန်နေ့က ကန့်ကွက်စာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။
ရခိုင်ဒေသ ပဋိပက္ခဖြစ်ပွားမှုတွင် ရခိုင်နိုင်ငံရေး ပါတီများနှင့် သံဃာတော်များ၊ လူပုဂ္ဂိုလ်များ ခေါင်းဆောင်၍ လူမျိုးရေး မုန်းတီးမှု သွေးထိုး လှှုံ့ဆော်မှုများ ပါဝင်နေကြောင်း၊ လူမျိုးရေး မုန်းတီးမှု စိတ်ဓာတ် အလွန်မြှင့်တင်ပြီး အဆင် အခြင်မဲ့စွာ တိုက်ခိုက် ဆောင်ရွက်လျက် ရှိကြောင်း သြဂုတ်လ ၁၇ ရက်စွဲဖြင့် ပေးပို့သော သဝဏ်လွှာပါ သမ္မတရုံး သုံးသပ်ချက် က ဆိုထားသည်။
ထို့အတူ နိုင်ငံတွင်းရှိ ရခိုင်အသိုင်းအဝိုင်းနှင့် နိုင်ငံတကာရှိ ရခိုင် အသိုင်းအဝိုင်းသို့ပါ စည်းရုံး လှှုံ့ဆော်နေကြောင်း၊ နိုင်ငံအနှံ့ တွင် နေထိုင်သည့် ဘင်္ဂါလီမွတ်စလင် လူမျိုးများ အပေါ်လည်း အကြမ်းဖက်ရန် ကြံစည် လုပ်ဆောင်လျက်ရှိသည်ဟု တဖက် သတ် သုံးသပ်ထားသည့် အချက် ၉ ချက်ဖြင့် ပြင်းထန်စွာ စွပ်စွဲထားကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန် က ဧရာဝတီ ကို ပြောသည်။
“စွပ်စွဲတယ်ဆိုရင် အထောက်အထား ခိုင်လုံမှု ရှိရှိနဲ့ စွပ်စွဲရင် လက်ခံနိုင်စရာရှိပေမယ့် အထောက်အထား ခိုင်လုံမှု မရှိတဲ့ အ တွက် ကန့်ကွက်ရတာ၊ လူမျိုးတခုလုံးကို ပုတ်ခတ်စော်ကားလိုက်တဲ့ သဘောထားတွေ တွေ့ရတယ်၊ စွပ်စွဲချက်မှာ ပါတဲ့ သူ တွေ အမည်နာမ ဖော်ပြဖို့ လိုအပ်တယ်၊ စွပ်စွဲမှုအတွက်လည်း စိတ်မကောင်းဘူး”ဟု ၎င်း က ဆိုသည်။
သဝဏ်လွှာနှင့် အတူ ပူးတွဲပါရှိသည့် သုံးသပ်ချက်များကို ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးခွင့် မရပါက မှတ်တမ်း အဖြစ် သိမ်းဆည်းရမည် ဖြစ်ကြောင်း၊ သို့သော် အထောက်အထား ခိုင်လုံမှုမရှိသည့် စွပ်စွဲသုံးသပ်ချက်ကို သမိုင်း မှတ်တမ်း အဖြစ် မတင်သင့်ဟု ဆိုကာ ကိုယ်စားလှယ်များက ကန့်ကွက်ခြင်း ဖြစ်ကြောင်း သိရသည်။
သဝဏ်လွှာ၌ ရေးသားထားသည့် အသုံးအနှှုန်း တချို့သည် ကိုယ့်နိုင်ငံသား တိုင်းရင်းသား လူမျိုးတမျိုး အပေါ် အများပြည်သူ အထင်လွှဲမှား စေနိုင်ကြောင်း၊ နိုင်ငံတော်အား ကိုယ်စားပြုထားသည့် အစိုးရအဖွဲ့ အနေဖြင့် ထိုသို့သော အသုံးအနှှုန်းမျိုး မသုံး သင့် ဟု ယူဆကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီ (ခ) ခိုင်မောင်ရီ က ဧရာဝတီ ကို ပြောသည်။
ရခိုင်ဒေသတွင်း ပဋိပက္ခကြောင့် ရပ်ဆိုင်းနေသည့် ဘင်္ဂါလီလူမျိုးများ၏ စီးပွားရေးလုပ်ငန်းများကို ရခိုင်စီးပွားရေး လုပ်ငန်းရှင် များက အကွက်ချောင်းပြီး အချောင်ရရန် ကြိုးပမ်းနေဟု ရေးသားထားကြောင်း၊ လူတချို့သည် ထိုသို့ ရှိနိုင်သော်လည်း လူမျိုး တခုလုံး အပေါ် ခြုံငုံသုံးသပ်ထားခြင်းသည် ရိုးဖြောင့်သူများကို မကျေနပ်မှု တိုးပွားစေသည်ဟု ဦးခိုင်မောင်ရီ က ပြောသည်။
“ဥပမာ ခြုံငုံသုံးသပ်ချက် ဆိုပေမယ့် တချို့ဆိုတဲ့ စကားပဲသုံးသင့်ပေမယ့် အားလုံးလို့ ရေးထားတော့ လူမျိုးတခုလုံးကို ဝါးလုံး ရှည်နဲ့ သိမ်းကျုံးပြီး ပြောသလို ဖြစ်သွားတယ်၊ တိုင်းရင်းသား လူမျိုးတခုလုံးကို စိတ်ထိခိုက်စေတယ်”ဟု ၎င်းက ဆိုသည်။
နယ်စပ်ဒေသမှ ရခိုင်ပြည်နယ်အတွင်းသို့ ခိုးဝင်နေသည့် ဘင်္ဂါလီလူမျိုးများကို လူ့ဝင်မှုကြီးကြပ်ရေး(လဝက) ဝန်ထမ်းများက လာဘ်ပေး လာဘ်ယူ ပြုလုပ်၍ တရားမဝင် ခွင့်ပြုနေကြောင်း၊ ထိုသို့ အဂတိ လိုက်စားသည့် လဝက ဝန်ထမ်းများကို အစိုးရက အရေးယူမှု မရှိဟုလည်း ရခိုင်နိုင်ငံရေး အသိုင်းအဝိုင်းက အစိုးရအပေါ် စွပ်စွဲနေသည်ဟု သုံးသပ်ချက်၌ ရေးသားထားကြောင်း ဦးဘရှိန် က ရှင်းပြသည်။
အလားတူ မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် အစိုးရများသည် ရခိုင်တိုင်းရင်းသားများ၏ အကျိုးစီးပွားများကို ဖော်ဆောင်ပေးခြင်း၊ ကာကွယ်ပေးခြင်းမရှိဘဲ သယံဇာတများကိုသာ ထုတ်ယူသုံးစွဲလာခဲ့သည်ဟူသော တိုင်းရင်းသား စည်းလုံးမှု ပြိုကွဲစေမည့် လှှုံ့ဆော်မှုမျိုး လုပ်ဆောင်နေသည်ကို တွေ့ရကြောင်းလည်း သုံးသပ်ချက်က ဆိုထားသည်။
ရခိုင်ဒေသ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ(ကြံ့ခိုင်ရေး ပါတီ)သည် မဲအနိုင်ရရှိရေးအတွက် ဘင်္ဂါလီလူမျိုးများကို တရားမဝင်ကတ်ပြားများ ထုတ်ပေးခြင်းဖြင့် မဲမသာမှုလုပ်ဆောင်ကြောင်း၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ ဘင်္ဂါလီလူမျိုးများ နိုင်ငံသား ဖြစ်လာမည့်အရေးကိစ္စကိုလည်း လက်မခံနိုင်သည့်အနေအထား တွေ့နေရကြောင်း စသည်တို့ကို သုံးသပ်ချက်၌ရေး သားထားကြောင်း သိရသည်။
“အချက် ၉ ချက်မှာ ၈ ချက်က စွပ်စွဲချက်တွေ ဖြစ်နေတော့ ဒီကိစ္စတွေဟာ ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသား ပြည်သူ တရပ်လုံး နဲ့ နိုင်ငံတကာ မျက်နှာစာမှာ ရခိုင်ပြည်သူတရပ်လုံးအပေါ် အထင်လွဲမှားမှု ဖြစ်စေတယ်၊ ဒါကြောင့် ဒီသုံးသပ်ချက်ကို ရုပ်သိမ်း ပေးဖို့ တင်ပြတာ”ဟု ဦးဘရှိန် က ပြောပြသည်။
RNPD မှ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များက သဝဏ်လွှာနှင့်အတူ ပူးတွဲပါရှိသည့် သုံးသပ်ချက်ပါ ကိစ္စများသည် ရခိုင်တမျိုးသားလုံးနှင့် ရခိုင်နိုင်ငံရေးပါတီများ၏ ဂုဏ်သိက္ခာ ကျဆင်းစေကြောင်း၊ ထို့အပြင် နိုင်ငံတော် သမ္မတ တဦး အနေဖြင့် တိုင်းရင်းသား လူမျိုးတမျိုးအပေါ် သူတပါး အထင်လွဲအောင် မလုပ်သင့်ကြောင်း စသည်ဖြင့် ကန့်ကွက်စာတွင် ရေးသား ထားသည်ဟု ဆိုသည်။
သမ္မတရုံး သုံးသပ်ချက်နှင့် ပတ်သက်၍ ဦးခိုင်မောင်ရီ ကလည်း အုပ်ချုပ်သူ အစိုးရအဖွဲ့သည် ပြည်သူများကို ကျေနပ်မှု ရှိရန် လုပ်ဆောင်နိုင်သကဲ့သို့ မကျေနပ်မှု ဖြစ်ပေါ်ရန်လည်း လုပ်ဆောင်နိုင်ကြောင်း၊ သို့သော် ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းနေချိန် တွင် တိုင်းရင်းသားစည်းလုံးမှု ပြိုကွဲမည့် ကိစ္စရပ်များ မလုပ်ဆောင်သင့်ကြောင်း သုံးသပ် ပြောဆိုသည်။
“တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံ တည်ဆောက်နေတဲ့အချိန်မှာ တိုင်းရင်းသားစည်းလုံးရေး ပြိုကွဲမှု၊ တည်ငြိမ်မှု ထိခိုက်စေမယ့် ကိစ္စ
ကို အစိုးရ က သတိထားသင့်တယ်”ဟုလည်း ဦးခိုင်မောင်ရီ က ပြောသည်။
ပြည်ထောင်စု လွှတ်တော်သို့ သမ္မတ ပေးပို့သည့် သဝဏ်လွှာနှင့်ပူးတွဲပါသုံးသပ်ချက်သည် သမ္မတ၏ အာဘော် မဟုတ်ဘဲ ကာကွယ်ရေး ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး လှမင်း နှင့် စစ်တပ် ထိပ်ပိုင်း ခေါင်းဆောင်များ၏ သုံးသပ်ချက် ဖြစ်နိုင်ကြောင်း နိုင်ငံရေး အကဲခတ်များက ပြောဆိုကြသည်။
ရခိုင်အရေး ပဋိပက္ခနှင့်ပတ်သက်၍ ရေရှည်တည်ငြိမ်မှုကို အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန်အတွက် RNDP ခေါင်း ဆောင် များ၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ပါတီ ခေါင်းဆောင်များနှင့် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အဖွဲ့တို့သည် နေပြည်တော် ၌ သြဂုတ်လ ၉ ရက်နေ့က တွေ့ဆုံ၍ သဘောတူညီခဲ့ကြသည်။
ရခိုင်ပြည်တွင်း တည်ငြိမ်မှုအတွက် ရခိုင်နိုင်ငံရေးတီများက ပါဝင် ပူးပေါင်းမှုကိစ္စကြိုဆိုကြောင်း၊ ထို့အတူ ရခိုင်ပြည်နယ်တွင် ရှိသည့် ကြံ့ခိုင်ရေး ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ(တစည) တို့ကိုလည်း ပါဝင်ပူးပေါင်းရန် တိုက်တွန်းသင့်ကြောင်း RNDP က ပြောသည်။
“ရခိုင်ပြည်နယ်မှာ ရခိုင်ပါတီတွေပဲရှိတာ မဟုတ်ပါဘူး၊ သမ္မတ အနေနဲ့ ကြံ့ခိုင်ရေးတို့၊ တစည တို့ကိုလည်း ပါဝင် ပူးပေါင်းဖို့ တိုက်တွန်းသင့်တာပေါ့”ဟု RNDP ပါတီ ၏ ကျောက်တော် မြို့နယ် ဥက္ကဋ္ဌ ဦးမောင်မောင် က ဧရာဝတီ ကို ပြောဆိုသည်။