[irrawaddy_gallery]
တရုတ်ပြည်ထဲသို့ သွားရောက်ခိုလှုံနေသည့် ကချင်စစ်ရှောင် ဒုက္ခသည်များ အားလုံးသည် သြဂုတ် ၂၂ ရက်မှစတင်ကာ တရုတ် အာဏာရှင်များက မြန်မာပြည်ထဲသို့ ပြန်လည် ပို့ဆောင်နေသည်။
အဆိုပါဒေသသို့ သွားရောက်နေထိုင်သည့်သူများကို ဇူလိုင်လပိုင်းတွင် မြန်မာအစိုးရနှင့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) တို့ အပစ်ရပ်သည်အထိ နေထိုင်ခိုင်းထားပြီးမှ အခုအခါ အတင်းအဓမ္မ ပြန်လည်ဖယ်ခိုင်းနေကြောင်း ရမ်းလူးစခန်းမှ တာဝန်ခံတဦးက ဧရာဝတီသို့ပြောသည်။
“ပြီးခဲ့တဲ့ လတုန်းကတော့ ကျန်းမာရေး အနေအထိုင်တွေကြောင့် ဖယ်ရှားခိုင်းထားတယ်။ ပြီးတော့ နှစ်ဖက်သဘောတူညီမှုနဲ့ စစ်ပွဲပြီးတဲ့အထိ နေခိုင်းပါတယ်။ အခုတော့ ဘာမှန်းကိုမသိပါဘူး ပြန်ပြီးတော့ဖယ်ခိုင်းတယ်။ ကားတွေနဲ့ပြန်တော့ ပို့ပါတယ်။အုပ်စုလိုက်တော့မပို့ဘူး။ နည်းနည်းချင်းဆီ ပြန်ပို့နေပါတယ်။ ဒီလအပြီးပြောင်းပေးရမှာပါ”ဟု ဆိုသည်။
တရုတ်အာဏာပိုင်များက ပြောင်းရွှေ့ခိုင်းသည့် စခန်းများသည် မြန်မာပြည်နှင့် ၃ ဖာလုံ ခန့်သာ ဝေးပြီး တရုတ်ပြည် နန်တောင်းမြို့ အတွင်းပိုင်းတွင် ကျရောက်နေရာ တရုတ်ပြည် လူနေရပ်ကွက်နှင့် ထိစပ်လျှက်ရှိသည်။ နန်တောင်းမြို့ အတွင်းပိုင်းတွင် ဒုက္ခသည်စခန်း ၆ ခု ရှိပြီး ယင်းတို့မှာ ရမ်လူး (Yang Lu)၊ လောင်ဖိုင် (Lau Hpai)၊ လုံဂရောက် (Lung Krawk)၊ နားကောင်းကောင် (Na Kawng Kawng)၊ ခဒေါင်ပါ (Hka dawng Pa)၊ ငါနောင်ပါ (Nga Nawng Pa)၊ စခန်းများဖြစ်သည်။
ယင်းစခန်းများတွင် အိမ်ထောင်စုပေါင်း ၉၈၀ ကျော်ရှိပြီး လူဦးရေ ၄၉၀၀ ကျော်နေထိုင်သည်။ အဆိုပါ စစ်ရှောင်ဒုက္ခသည်များအား ကချင်နယ်အတွင်းရှိ မာဂျာယန်မြို့အတွင်းရှိ စခန်းများနှင့် မိန့်ဝန်ကြီး အတွင်းရှိ စခန်းများထံသို့ ခွဲပို့ဆောင်နေကြသည်။ တရုတ်အာဏာပိုင်များက ဒုက္ခသည်များအား ဘတ်စ် ကားမျာဖြင့် လာနာဇွပ်ဂျာ ဒုက္ခသည်စခန်းအထိ အရောက်ပို့ပေးပြီး ပစ္စည်းများကို ကုန်တင်ကားကြီးများဖြင့် တင်ဆောင်ပြီး နယ်စပ်တံတားပေါ်တွင် ချပေးသည်ဟု သိရသည်။
“ကျမတို့လည်း စစ်တွေကြောင့် ရှောင်နေရတာ ကြောက်နေရတာပါ။ ဒီတရုတ်ပြည်ဘယ်သူက လာနေချင်မှာလဲ စစ်ကြောင့်သာ နေနေရတာ ကိုယ့်တိုင်းပြည်လည်းမဟုတ်ဘူးလေ။ အခုတော့ သူတို့ပြောင်းဆိုလို့ ပြောင်းတာ၊ နေဆိုရင်နေရမှာပဲလေ။ မိုးရာသီလည်းဖြစ် ကလေးတွေကလည်း စာမသင်ရသေးတော့ အရမ်းစိတ်ညစ်တယ်” ဟု ပြောင်းရွေ့ခံရသည့် ရမ်လူးစခန်းမှ အမျိုးသမီးတဦးကပြောသည်။
ယခုကဲ့သို့ လူနည်းနည်းချင်းစီးကို ကားပေါ်တင်ပြီးပြောင်းရွေ့ခြင်းသည် စစ်ဘေးဒုက္ခသည်များကို အတင်းအဓမ္မ မောင်းထုတ်နေသည်ကို နိုင်ငံတကာသိသွားမည်ကို အလွန်စိုးရိမ်နေပုံပေါက်သည်ဟု စခန်းတာဝန်ခံများထံမှ စုံစမ်းသိရသည်။
“ကျနော်တို့ ကမ့်တာဝန်ခံတွေအနေနဲ့တော့ ကိုယ်လူတွေ အဆင်ပြေနေနိုင်အောင်တော့ ကြိုးစားပြီး ဆောင်ရွက်သွားရမှာပေါ့။ တလအတွင်းအပြီးပြောင်းဆိုတဲ့ အတင်းအဓမ္မကလည်းရှိနေသလို မပြောင်းချင်ပေမယ့်လည်း တရုတ်တွေကိုယ်တိုင် ကားပေါ်တင်ပြီး နယ်စပ်ဂိတ်အထိ ပို့ဆောင်ပေးနေကြတယ်လေ။ ကိုယ့် တိုင်းပြည်မဟုတ်တော့လည်း အခက်တွေ့တာပေါ့။ တရုတ်အာဏာပိုင်တွေနဲ့ အဆင်ပြေအောင် သွားညှိပါသေးတယ် မရခဲ့ဘူး”ဟု တာဝန်ခံတဦးဖြစ်သည့် ဦးဇော်လတ်က ဧရာဝတီသို ပြောသည်။
ယင်း ဒုက္ခသည်များသည် ၂၀၁၁ ခုနှစ် ဇွန်လပိုင်းက အစိုးရတပ်များနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြား တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ၍ ထွက်ပြေးလာသူများ ဖြစ်ပြီး နယ်မြေ တည်ငြိမ်မှု မရရှိသေးသဖြင့်ေ နရပ်ရင်းသို့ မပြန်နိုင်ကြချေ။