ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) နှင့် အစိုးရအကြား သဘောတူညီမှု ရရှိထားသည့် အချက်များကို ဆက်လက် အကောင်အထည် မဖော်ဆောင်ပေးနိုင်သေးသောကြောင့် အားနာမိကြောင်း အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ ဒု ဥက္ကဋ္ဌ ဦးအောင်မင်းက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်က နေပြည်တော်တွင် SSA တောင်ပိုင်းမှ ကိုယ်စားလှယ်တချို့နှင့် နှစ်ဖက် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိထားသည့် ကိစ္စရပ်များကို သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ရာ ဦးအောင်မင်းက အထက်ပါအတိုင်း ပြောကြားကြောင်း SSA တောင်ပိုင်း ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ သဘောတူညီချက် ထဲမှာပါတဲ့ အချက်အလက်တွေအားလုံး ယနေ့အထိ ဘာမှ အကောင်အထည် ဖော်ဆောင်နိုင်တာ မရှိဘူး။ အဲဒီ ကိစ္စတွေကိုလည်း ဦးအောင်မင်းက ချက်ချင်းကြီး လိုအပ်သလို စိတ်တိုင်းကျ အကောင်အထည် မဖော်ဆောင်ပေးနိုင်သေးတာကို သူအနေနဲ့ အားနားတဲ့အကြောင်း ပြောပါတယ်” ဟု ၎င်းက ဆိုသည်။
SSA တောင်ပိုင်း တပ်ဖွဲ့မှ ဗိုလ်မှူးကြီး အောင်သိန်း ဦးဆောင်သော ကိုယ်စားလှယ် ၃ ဦးသည် ဦးအောင်မင်း၊ အမှတ် (၂) လျှပ်စစ်စွမ်းအား ဝန်ကြီး ဦးခင်မောင်စိုးတို့အပြင် တခြား သက်ဆိုင်ရာ ဝန်ကြီးတို့နှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
SSA တောင်ပိုင်းမှ တင်ပြချက်များကို သမ္မတ ဦးသိန်းစိန်ထံ တင်ပြပေးမည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး မပျက်ပြားစေရန် အတူ ပူးပေါင်း ဆောင်ရွက်သွားရမည်ဟု ဦးအောင်မင်းက ပြောကြားကြောင်း ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောသည်။
အစိုးရနှင့် SSA တောင်ပိုင်း တပ်ဖွဲ့ဝင်များ ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် နှစ်ဖက် တပ်ဖွဲ့ဝင်များ ငြိမ်းချမ်းရေးလမ်းစဉ်ကို နားမလည်ခြင်းကြောင့် ဖြစ်ကြောင်း ဦးအောင်မင်းက ရှင်းပြခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် SSA တောင်ပိုင်းမှ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့နှင့် နောက်ဆုံးတွေ့ဆုံခဲ့ပြီးနောက် ရက်ပိုင်းအတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။
ယင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပတ်သက်၍ အစိုးရဘက်မှ ဒု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းက တရားဝင် တောင်းပန်ခဲ့ကြောင်း သိရသည်။
ယင်း ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲတွင် သဘောတူညီချက် ၁၂ ချက် ရရှိထားပြီး အစိုးရဘက်မှ ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်း၊ SSA တောင်ပိုင်းဘက်မှ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်၊ ဗိုလ်မှူးချုပ် ဘောင်ခေးတို့က သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
သဘောတူညီချက် ၁၂ ချက်တွင် မူးယစ်ဆေးဝါး ပူးတွဲနှိမ်နင်းရေး၊ SSA တောင်ပိုင်း အဖွဲ့အား မတရားအသင်း အဖြစ်မှ ပယ်ဖျက်ပေးရေး၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးရေး၊ SSA တောင်ပိုင်း အဖွဲ့နှင့် မိသားစုဝင်များ နေရာချထားရေး၊ စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်ရေး စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။
အလားတူပင် မကြာသေးမီကလည်း ဦးအောင်မင်းက ရှမ်းပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် ထိတွေ့မှု ဖြစ်စဉ်များ၌ လုပ်ငန်းစဉ်တွင် ပါရှိသည့် နှစ်ဖက်တပ်များ နေရာသတ်မှတ်ခြင်း မပြုနိုင်သေးခြင်း၊ ဆက်ဆံရေးရုံး မဖွင့်လှစ်နိုင်သေးခြင်းတို့ ဖြစ်ကြောင်း အစိုးရ သတင်းစာတွင် ဖော်ပြခဲ့သည်။
မိုင်းရယ် မဲဆန္ဒနယ်မှ ဦးစိုင်းသီဟကျော်က လက်နက်ကိုင် အဖွဲ့အစည်းများအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိပြီး နောက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကို သိလိုကြောင်း မေးခွန်းနှင့် စပ်ဆက်၍ ဦးအောင်မင်းက ထိုကဲ့သို့ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။