မကွေးတိုင်း ဆင်ပေါင်ဝဲ မြို့နယ်တွင် ကာကွယ်ရေး ဝန်ကြီးဌာနက စစ်လက်နက် ပစ္စည်း စက်ရုံ (ကပစ) အမှတ် (၈) တည်ဆောက်ရန် သိမ်းယူခဲ့သော မြေဧက ၁၂၀၀၀ ကို မူရင်းဒေသခံ ပိုင်ရှင်များက ပြန်လည် ရရှိရေး အတွက် အစိုးရသစ်ကို တောင်းဆိုနေကြသည်။
စစ်လက်နက် ပစ္စည်းစက်ရုံ ဆောက်လုပ်ရန် အတွက် တောင်ယာများကို ယခင်အစိုးရ လက်ထက်မှစ၍ သိမ်းဆည်း ခဲ့သည်မှာ ၁၃ နှစ်ကြာပြီ ဖြစ်ပြီး ထိုမြေများ ပြန်ပေးရန်နှင့် နစ်နာကြေးများပေးရန် တောင်သူ ၄၈၉ ဦးက လက်မှတ်ထိုး၍ ဦးသိန်းစိန် အစိုးရကို တောင်းဆို လိုက်ပြီ ဖြစ်ကြောင်း မြေပိုင်ရှင် တောင်သူများက ပြောသည်။
“အဆောက် အအုံ အဆောက် ခံရတဲ့ မြေတွေ ကိုတော့ နစ်နာကြေး ကာလ တန်ကြေး ပေးဆောင်ဖို့ပေါ့၊ အဆောက် အအုံ မဆောက်ဘဲ လွတ်နေတဲ့ မြေတွေ ကိုတော့ မူရင်းပိုင်ရှင် တွေကို ပြန်ပေးဖို့ တောင်းဆိုတာ”ဟု တောင်ယာ ၁၀ ဧက အသိမ်း ခံခဲ့ရသူ မန်ကျီးပင် ပု ကျေးရွာသား ဦးအေးကြူက ဧရာဝတီသို့ ပြောသည်။
မန်ကျီးပင်ပု၊ ဇောင်းတန်းကြီး၊ ဇောင်းတန်းလေး အပါအဝင် ကျေးရွာပေါင်း ၁၃ ရွာက လယ်သမားများက ၎င်းတို့ မြေများ သိမ်း ဆည်း ခံရပြီးနောက် စားဝတ်နေရေး၊ ပညာရေးနှင့် အခြားလူမှုဖွံ့ဖြိုးရေး ကိစ္စရပ်များတွင် အကျပ်အတည်းတွေ့နေရသဖြင့် ထိုကိစ္စရပ်များ ပြေလည်ရန် ဘိုးဘွားပိုင်မြေများကို ပြန်လည်လုပ်ကိုင်လို၍ သမ္မတ ဦးသိန်းစိန်ထံ ယခုလ ၁၃ ရက်နေ့က လက်မှတ်ထိုး တောင်း ဆိုခဲ့ကြသည်ဟု သိရသည်။
ထိုတောင်းဆိုချက်အား သက်ဆိုင်ရာ အစိုးရဌာနများအပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(ကြံ့ခိုင်ရေး ပါတီ) အပါအဝင် နိုင်ငံရေးပါတီများနှင့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့များ ထံသို့လည်း ပို့ လိုက်သည်ဟု တောင်သူများဘက်မှ ဆောင်ရွက်ပေးနေသူ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက် အဖွဲ့ ကော်မတီဝင် ဒေါ်နော်အုန်းလှ ကပြောသည်။
“လူတွေကလည်း အခုမှ အကြောက်ပြေခါစလေးပဲ ရှိသေး၊ ဒါတွေက မတရား သိမ်းယူထားတာဖြစ်တဲ့အတွက် နိုင်ငံတော် သမ္မတ က ဒါကို အရေးတယူ ဆောင်ရွက်ပေးမယ်လို့ ကျမတို့လည်း မျှော်လင့်ပါတယ်။ တကယ်လို့မှ အစိုးရက တစုံတခုမှ လုပ်မပေးဘူး ဆိုရင်တော့ နောက်တမျိုး စဉ်းစားရမှာပေါ့”ဟု ဒေါ်နော်အုန်းလှ က ဧရာဝတီသို့ ပြောသည်။
မြေသိမ်းခံရမှုများနှင့် ပတ်သက်၍ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက် အဖွဲ့က ထိုကျေးရွာများထံ သွားရောက်၍ ပညာပေးဟောပြောမှုများပြုလုပ်ရာတွင် ကပစ (၈) မှ အရာရှိများနှင့် အရပ်ဘက် အာဏာပိုင်များက ဖိအားပေး စစ်ဆေးမှုများ ပြုလုပ်ကြောင်း သိရသည်။
ထို့အပြင် ၎င်းတို့ပြန်ပြီးနောက် ရွာသားများအား ကပစ (၈) မှ သိမ်းဆည်းမြေများကို တပ်မြေအဖြစ် အတည်ပြု လက်မှတ်ထိုးခိုင်း သဖြင့် စိုးရိမ်ကြောက်လန့်သော ကျေးရွာတချို့က ထိုးပေးခဲ့ရကြောင်း ဒေါ်နော်အုန်းလှက ပြောသည်။
စစ်လက်နက်ပစ္စည်း စက်ရုံ တည်ဆောက်ရန် နေရာအတွက် ၁၉၉၇ ခုနှစ်က စတင်သိမ်းယူခဲ့ခြင်းဖြစ်ပြီး မြေကွက်တချို့အား စက်ရုံနှင့် ဝန်ထမ်းတန်းလျား တည်ဆောက်ကာ လွတ်နေသောမြေကွက်အများစုအား ဒေသခံတောင်သူများကို သီးစား ပြန်ချစားကြောင်း တောင်ယာများ ပြန်လုပ်ခွင့်ရပါက ၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲများ ပြေလည် လာနိုင်မည်ဟု တောင်သူများကယုံကြည်နေကြ သည်ဟု ဆိုသည်။
“အရင်ကတော့ တပ်နဲ့ ပက်သက်နေတာဆိုတော့ မပြောရဲ မဆိုရဲဖြစ်နေတာပေါ့၊ အခုက ကျနော်တို့ တောင်သူတွေမှာလည်း စားဝတ်နေရေးအခက်အခဲတွေက တော်တော်ကြုံတွေ့လာရတယ်လေ၊ ကလေးတွေ ကျောင်းမထားနိုင်တဲ့ အဆင့်တောင် ရောက် ခဲ့ရတယ်၊ အခုဟာလည်း ဒီမိုကရေစီအစိုးရ ဆိုတော့၊ ကျနော်တို့ မြေတွေ ပြန်ရဖို့ တောင်းတာပေါ့”ဟု ဦးအေးကြူက ဆက်ပြော သည်။
သိမ်းဆည်းခံထားရသော တောင်ယာများတွင် ဒေသခံများက မြေပဲ၊ ပဲနောက်၊ နှမ်း၊ ပဲစင်းငုံ တို့ကို ရာသီအလိုက် စိုက်ပျိုး ကြ သည် ဟု ပြောဆိုကြသည်။ ၎င်းတို့မြေများ သိမ်းယူခံရပြီးနောက် အလုပ်လက်မဲ့ဖြစ်ကုန်ကြရသည်ဟုလည်း ဆိုသည်။
ဧရာဝတီတိုင်း မြောင်းမြမြို့နယ် တဇင်ကုန်းကြီး ကျေးရွာအုပ်စုပိုင် ဥယာဉ်ခြံမြေ ဧက ၂၈၀ ကျော်ကိုလည်း ၁၉၉၁ ခုနှစ်က ကရင် တော် လှန်ရေး အဖွဲ့များနှင့် အစိုးရတပ်တို့ ဖြစ်ပွားခဲ့သော အုံးပင်စုတိုက်ပွဲ ကာလတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် လက် အောက်ခံ တပ်ရင်း(၉၃) က နယ်မြေစိုးမိုးရေးကို အကြောင်းပြ၍ သိမ်းယူထားခဲ့ရာ ထိုမြေများကို မူလပိုင်ရှင်များက ပြန်လည် ရရှိရန် သမ္မတ ဦးသိန်းစိန်နှင့် သက်ဆိုင်ရာသို့စာတင်၍ ကြိုးပမ်း နေကြသည်။ သို့သော် ပြန်လည်၍ တစုံတရာ အကြောင်းကြားခြင်း မရှိသေး ကြောင်း စုံစမ်း သိရှိရသည်။