ဆယ်ကျော်သက် အရွယ် မြန်မာ အမျိုးသမီးငယ်များ ၏ မူးယစ်စေတတ်သော အဖျော်ယမကာ သောက်သုံးမှုနှုန်းမှာ ယခုနှစ် အနည်းငယ် အတွင်း တဖြည်းဖြည်းမြင့်တက်လာနေကြောင်း ပြည်တွင်း လူမှုရေးအဖွဲ့တဖွဲ့မှပြုလုပ်သည့် စစ်တမ်းတခုက ဆို သည်။
ယင်းစစ်တမ်းသည် မြို့နယ်ပေါင်း၂၀ ပါဝင်ပြီး ရန်ကုန်မြို့ အစိုးရကျောင်းများ၊ တက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများနှင့် ဆယ်ကျော်သက် အရွယ် လူငယ်များ၊ အုပ်ထိန်းသူမိဘများ စသည့် လူဦးရေ ၅၀၀ ကို မေးမြန်း ကောက်ယူထားခြင်း ဖြစ်ကြောင်း သိရသည်။
အချိုရည်(သို့) ဝိုင်ဟု သတ်မှတ်ထားသည့် အရက်ပါဝင်သော အဖျော်ယမကာများ ဈေးကွက်အတွင်း ဝင်ရောက်မှု များပြားလာခြင်း က ဆယ်ကျော်သက်အရွယ် မြန်မာအမျိုးသမီးငယ်များ အဖျော်ယမကာ သောက်သုံးမှုမြင့်တက်လာစေခြင်း အကြောင်းရင်း ဖြစ် သည်ဟု ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ ဘီယာနှင့် အဖျော်ယမကာ ရောင်းချသော ဆိုင်ကြီးတချို့က တာဝန်ရှိသူများ က ပြော သည်။
“ဆိုင်ကိုလာထိုင်ကြတဲ့သူတွေမှာ မိန်းကလေးတွေပါလာ ကြတယ်။ သူတို့တွေ မှာတတ်တာတွေက ဘီယာနဲ့ စပိုင်လို ဝိုင်မျိုးပေါ့။ သူတို့ကိုယ်သူတို့ ထိန်းသိမ်းနိုင်တဲ့အရွယ်တွေဆိုတော့ တားခြင်း၊ မတားခြင်း မလုပ်ပါဘူး။ ဒါပေမယ့် မိန်းကလေးတွေ ဒီလိုသောက် တာ ကတော့ မကောင်းဘူး”ဟု ရန်ကုန်မြို့ ကမာရွတ်မြို့နယ်တွင် ဖွင့်လှစ်ထားသော စားသောက်ဆိုင်ကြီး တဆိုင်မှ ပိုင်ရှင် အမျိုးသားက ပြောသည်။
ဆယ်ကျော်သက် မိန်းကလေးများ၏ အဖျော်ယမကာ သောက်သုံးမှု မြင့်တက်လာသည်ဟု ဆိုရာတွင် တက္ကသိုလ် တက်ရောက်နေ သည့် ကျောင်းသူများနှင့် အသက်၂၀ ကျော်အရွယ် မိန်းကလေးငယ်များက ရာခိုင်နှုန်း ပိုမိုများပြားနေကြောင်းလည်း အဆိုပါ စစ် တမ်းတွင် ဖော်ပြထားသည်။
“အခုခေတ် မိန်းကလေးတွေက စိတ်ညစ်တယ်လို့ ထင်ရတဲ့အရာတွေကို ပျောက်ချင်လို့ ခံစားလို့ကောင်းအောင်ဆိုပြီး သောက်ကြ တယ်လို့ ကျနော်တို့ သိရပါတယ်။ နောက်တခုက ခေတ်စားနေတဲ့ ကျနော်တို့ဆီက ကိုရီးယားရုပ်သံ ယဉ်ကျေးမှုပါ။ ဒါတွေကို ထိန်း ချုပ်ဖို့အတွက်က မိဘနဲ့သားသမီးရဲ့ဆက်ဆံရေး၊ စီးပွားရေးသမားတွေရဲ့ဈေးကွက် ချဲ့ထွင်မှုနဲ့ ဆရာတွေရဲ့ ကျောင်းသားတွေနဲ့ ထိတွေ့မှုတွေက အရေးကြီးတယ်လို့ ထင်တယ်”ဟု ရန်ကုန်မြို့နေ အထက်တန်း ကျောင်းဆရာ တဦးက ဆိုသည်။
အငြိမ်းစား တက္ကသိုလ်ဆရာ ဦးမောင်မောင်ချို ဆိုသူကလည်း“အရက်ဆိုင်တွေ တရားမဝင်ဖွင့်လာကြတယ်။ ကျောင်းတွေကို အရမ်း ဝေးကွာတဲ့ နေရာတွေကို ပို့ပစ်တယ်။ စည်းကမ်းတင်းကျပ်တဲ့ တက္ကသိုလ်အဆောင်တွေဆိုတာ ဒီဘက်ခေတ်မှာ မရှိတော့ ဘူး။ ဒါတွေက အခုလို ယောက်ျားလေးသာမက မိန်းကလေး ငယ်လေးတွေပါ အရက်နဲ့နီးစပ်လာတဲ့ အဓိကအချက်တွေပဲ”ဟု ပြော သည်။
ထို့အပြင် လူငယ်တွေ့ဆုံပွဲများ၊ စတိရှိုးဖျော်ဖြေပွဲများတွင် အရက်နှင့် အဖျော်ယမကာများကို ထည့်သွင်းလာကြခြင်းများအပြင် အားကစားပြိုင်ပွဲများကို အကြောင်းပြုကာ အရက်၊ ဘီယာ ကြော်ငြာများကို မြင်သာထင်သာ ပြုလုပ်လာခြင်းများနှင့် ဈေးကွက် အတွင်း လွယ်ကူစွာဝယ်ယူ ရရှိနိုင်ခြင်း စသည့်အချက်များကလည်း ဆယ်ကျော်သက် မိန်းကလေးငယ်များ၏ သောက်သုံးမှုမြင့် တက်လာစေခြင်း အကြောင်းရင်းများ ဖြစ်နေသည်ဟု ရန်ကုန်နှင့် မန္တလေးမြို့များရှိ မိဘ အုပ်ထိန်းသူတချို့က ပြောဆိုကြသည်။
အဖျော်ယမကာ သောက်သုံးမှု မြန်မာအမျိုးသမီးငယ်များနှင့် ယဉ်ပါးလာခြင်းနှင့်ပတ်သက်ပြီး ရန်ကုန်မြို့နေ အသက် ၂၀ အရွယ် တက္ကသိုလ်ကျောင်းသူ တဦးက“စပိုင်ဝိုင် လောက်တော့ သောက်ပါတယ်။ သူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါ စားသောက်ဆိုင်တွေမှာ သောက်ဖြစ်တယ်။ ခရီးထွက်တဲ့အခါတွေလည်း သူငယ်ချင်းတွေနဲ့သောက်ဖြစ်တယ်။ ဝိုင်လို့သတ်မှတ်ပြီး သောက်ကြတာပါ”ဟု ပြော ပြသည်။
ယခုနောက်ပိုင်း ရိုက်ကူးပြသသော မြန်မာ ရုပ်ရှင် ဗီဒီယိုများတွင် အမျိုးသမီးသရုပ်ဆောင်များ အရက်သောက်သုံးသည့် အခန်း ပါဝင်လာမှုကလည်း ဆယ်ကျော်သက် မိန်းကလေးများ၏ အရက်အပေါ်စိတ်ဝင်စားမှု မြင့်တက်လာစေခြင်း အကြောင်းရင်းတရပ်ဖြစ် ကြောင်း ရန်ကုန်မြို့မှ ကျောင်းသား မိဘတဦးက ပြောသည်။
“ဖန်တီးသူတွေက ဒီအချက်တွေကို သတိထားသင့်တယ်။ မင်းသမီး အရက်သောက်တာမပြောနဲ့ အမျိုးသား သရုပ်ဆောင်တွေ အလကားနေ အလကား ဘီယာဆိုင်ထိုင်နေတယ်ဆိုတဲ့ ပြကွက်တွေဟာ လူငယ်တွေကို အရက်နဲ့ ပိုပြီးရင်းနှီးလာစေတဲ့အကြောင်း ရင်းတွေဖြစ်တယ်”ဟု မန္တလေးသား တဦးက ဆိုသည်။
မြန်မာနိုင်ငံတွင် အရက်နှင့်ပတ်သက်သည့် ဥပေဒထုတ်ပြန်ချက်တချို့ရှိသော်လည်း လိုက်နာမှုမရှိကြခြင်း၊ သက်ဆိုင်ရာမှပညာပေး ဖြန့်ဝေမှု အားနည်းခြင်းကလည်း ယင်းသို့ အမျိုးသမီးငယ်များ အဖျော်ယမကာသောက်သုံးမှုကို ပိုမိုလွတ်လပ်စေခြင်း၏ အကြောင်း ရင်း တရပ် ဖြစ်ကြောင်း ရှေ့နေများက ပြောဆိုကြသည်။
“မြန်မာပြည်မှာ တားမြစ်ချက်ရှိတယ်။ အသက် ရှစ်နှစ်အောက် ကလေး မည်သူမဆို အရက်ကို မဝယ်ရဘူး။ သောက်သုံး ခွင့်လည်း မရှိဘူး။ အမျိုးသမီးတွေဆို အရက်လိုက်မရောင်းရတဲ့ တားမြစ်ချက်ရှိတယ်။ ယစ်မျိုး ဥပဒေပုဒ်မ ၂၀ မှာ ဒီအချက်တွေနဲ့ ပတ်သက် ပြီး ပြဌာန်းထားတယ်။ ဒါပေမယ့် အခုလက်ရှိမှာက ဒါကို မသိကြသလို၊ သိသူကလည်း ကျင့်သုံးခြင်း မရှိဘူး။ အစိုးရအနေနဲ့ တိတိ ကျကျ ပြဌာန်းချက်တခု ထုတ်ပြန်ဖို့လိုလာပါပြီ”ဟု တရားရုံးချုပ် ရှေ့နေတဦးက ပြောသည်။
ယခုအခါ မြန်မာနိုင်ငံ မြို့ကြီးများတွင် ဖွင့်လှစ်နေကြသည့် ဘီယာနှင့် အဖျော်ယမကာဆိုင်များတွင် အရက် ကုမ္ပဏီများက အမျိုးသမီးများကို ၎င်းတို့ ၏ ထုတ်ကုန်များ ရောင်းချစေခိုင်းနေမှုများသည် ယစ်မျိုး ဥပဒေအရ ယင်းကုမ္ပဏီများကို အရေးယူနိုင်ကြောင်း လည်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် အရက် ထုတ်လုပ်ရောင်းချနေသည့် ကုမ္ပဏီ ငါးခုနှင့်အထက်ရှိနေပြီး ထုတ်ကုန်များကို ကြော်ငြာပုံစံ အမျိုးမျိုးဖြင့် ဈေးကွက် အတွင်း လူသိများစေရန်လည်း ပြုလုပ်ကြသည်။
နိုင်ငံတော်သို့ အခွန်အများဆုံးပေးဆောင်နေရသည့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများတွင် အထက်ပါ အရက်ကုမ္ပဏီများသည် ထိပ်ဆုံးနေရာက ပါဝင်နေကြကြောင်းလည်း အခွန်ဦးစီးဌာနက ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။