ရခိုင်ပြည်နယ်ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်က လာမည့် စက်တင်ဘာလ ၉ ရက်နေ့မှစတင်ပြီး ရခိုင်ပြည်နယ်ရှိ ပဋိပက္ခများ စတင်ဖြစ်ပွားရာ ဒေသများသို့ သွားရောက် စုံစမ်းစစ်ဆေးမှုများ စတင်မည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ အေးမောင်က ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သည့် မေလနှင့်ဇွန်လ အတွင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ဥပဒေမဲ့ လုပ်ဆောင်မှုများ ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေး အတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ကို သမ္မတ ဦးသိန်းစိန်က သြဂုတ်လ ၁၇ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ပြီး အဖွဲ့ဝင် ၂၇ ဦးပါဝင်ကြောင်း၊ ယင်းအဖွဲ့အနေဖြင့် လာမည့် စက်တင်ဘာလအတွင်း အခင်းဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်ဒေသများအထိ သွားရောက်ပြီး ပဋိပက္ခဖြစ်စဉ်များကို လေ့လာစုံစမ်းမည်ဖြစ်ကြောင်း၊ ယင်းသို့ စုံစမ်းစစ်ဆေးရာတွင် သက်ဆိုင်ရာ အာဏာပိုင်များကိုသာမက ဖြစ်ပွားခဲ့သော မြေပြင်အခြေအနေ အားလုံးအထိ မေးမြန်းစုံစမ်းမှု များပြုလုပ်သွားရန်ရှိကြောင်း သိရှိရသည်။
“အခင်းဖြစ်ပွားတဲ့ မြေပြင်အထိ ဆင်းပြီးတော့ စုံစမ်းစစ်ဆေးမှုတွေ စတင်မယ်။ ဒါက ပထမဆုံးစပြီး စုံစမ်းစစ်ဆေးရေး လုပ်တာလို့လည်း ပြောလို့ရနိုင်တယ်။ ကနဦးလေ့လာမှုတွေ လုပ်မယ်။ သတင်းအချက်အလက်တွေ စတင်ပြီး စုဆောင်းတာပေါ့” ဟု ဒေါက်တာအေးမောင်က ဆိုသည်။
အဖွဲ့ဝင် ၂၇ ဦးပါဝင်သော ရခိုင်ပြည်နယ်ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖြစ်ပြီး ခေါင်းစဉ် ၈ ခုအောက်တွင် အဖွဲ့ခွဲ ၈ ဖွဲ့ ဖွဲ့စည်းပြီး တာဝန်ခွဲဝေ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဖွဲ့ခွဲ ၈ ခုသည် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေသော ပဋိပက္ခဖြစ်ပွားရသည့် အကြောင်းရင်းများ၊ ပဋိပက္ခဖြစ်ပွား မှုကြောင့် သေဆုံးဒဏ်ရာရမှုများ၊ ပျက်စီးဆုံးရှုံးမှုများနှင့် တခြားထိခိုက်မှုများ၊ တည်ငြိမ်အေးချမ်းမှု ရရှိစေရန်အတွက် ဥပဒေစိုးမိုးရေး ဆောင်ရွက်မှု၊ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှု၊ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်မှု၊ ပဋိပက္ခ ချုပ်ငြိမ်းရေး အတွက် ရေတို၊ ရေရှည် ဆောင်ရွက်သင့်သည့် အချက်များ၊ ကွဲပြားသော ဘာသာအယူဝါဒရှိသူ မတူညီသည့် လူမျိုးစုများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မည့် နည်းလမ်းများ၊ ဥပဒေစိုးမိုးရေး အကြံပြုချက်များ၊ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကြံပြုချက်များကို တဖွဲ့ချင်းစီအလိုက် တာဝန်ယူဆောင်ရွက်ကြမည် ဖြစ်သည်။
စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာအတွက် လိုအပ်သော သတင်းအချက်အလက်များကို စနစ်တကျ ကောက်ယူနိုင်ရေးအတွက် ကျွမ်းကျင်သော သုတေသနပညာရှင်များ ပါဝင်သည့် သုတေသနအဖွဲ့ ဖွဲ့စည်းသွားမည် ဖြစ်သည့်အပြင် စုံစမ်းစစ်ဆေးကော်ရှင်၏ အစီရင်ခံစာအား သမ္မတထံသို့ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် တင်ပြသွားရန် ရည်ရွယ်ထားသော်လည်း သတ်မှတ် ရက်ထက် ကျော်လွန်လုပ် ဆောင်ရန် လိုအပ်ပါကလည်း ဆက်လက် လုပ်ဆောင်သွားမည်ဟု ကော်မရှင်၏ သြဂုတ်လ ၂၅ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးမှု ပြုလုပ်ရာတွင် လိုအပ်သော သတင်းအချက်အလက်များအတွက် အင်တာဗျူးများ၊ စစ်တမ်းများ ပြုလုပ်ခြင်းနှင့်အတူ ပြည်တွင်းပြည်ပရှိ စာကြည့်တိုက်များ၊ မော်ကွန်းတိုက်များမှ ဆီလျော်သော သုတတေသန စာတမ်းများမှ သတင်းအချက်အလက်များ ကောက်ယူသွားမည့်အပြင် ပြည်သူများအနေဖြင့်လည်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ထံသို့ ပဋိပက္ခများနှင့်ပတ်သက်ပြီး သတင်းအချက်အလက်များ ပေးပါက လက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့အပြင် ကော်မရှင်အဖွဲ့၏ ရုံးခန်းကိုလည်း မကြာမီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကော်မရှင်အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်၏ အဆိုအရ သိရှိရသည်။
ရခိုင်ပြည်နယ် အရေးအခင်းတွင် ပဋိပက္ခများကြောင့် လူ ၇၀ ထက်မနည်း သေဆုံးခဲ့ပြီး အနည်းဆုံး ၈ သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း အစိုးရ၏ တရားဝင် သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ရခိုင်ပြည်နယ်ပဋိပက္ခ စုံစမ်းရေးကော်မရှင်တွင် သာသနာရေးဝန်ကြီးဌာနမှ အငြိမ်းစားညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးမြင့်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ဒေါက်တာ ကျော်ရင်လှိုင်က အတွင်းရေးမှူးအဖြစ် တာဝန်ယူကာ ဦးခွန်ထွန်းဦး၊ ဇာဂနာ၊ သတင်းစာဆရာ မောင်ဝံသ၊ ၈၈ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး အပါအဝင် ဘာသာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ် ၂၇ ဦး ပါဝင်သည်။