သမ္မတ ဦးသိန်းစိန် ထောက်ခံ ဆန္ဒပြပွဲ မန္တလေး၌ ကျင်းပမည်
This article has been converted from Zawgyi One to Unicode
ဆရာတော် ဦးဝီရသူ ခေါင်းဆောင်သည့် မန္တလေးလူထုက စက်တင်ဘာလ ၁ ရက်နေ့တွင် မန္တလေး မြို့နယ် ၆ မြို့နယ်၌ သမ္မတ ဦးသိန်းစိန်၏ ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်ပြီး ရပ်တည်ချက်ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော် သွားမည်ဟု သတင်း ရသည်။
သမ္မတ ဓာတ်ပုံပါသည့် တီရှပ်များကို ဝတ်ဆင်ကာ ထိုနေ့တရက်တည်းတွင် လမ်းလျှောက်၍ ဆန္ဒ ထုတ်ဖော်ကြမည်ဖြစ်ကြောင်း၊ တီရှပ် အရှေ့ဘက်တွင် အမှန်ခြစ်ပါသော ရခိုင်အလံပေါ် သမ္မတကြီးပုံနှင့် ရခိုင်ရင်ထိုး တံဆိပ် တပ်ထားသော ဓာတ်ပုံ၊ နောက် ကျောတွင် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ ၏ ပုံကို ကြက် ခြေခတ်ထားသည့် ပုံများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
သမ္မတပုံတွင် အမှန်ခြစ်မှာ သမ္မတ၏ သဘောထားများကို လက်ခံကြောင်း၊ သမ္မတ၏ဆုံးဖြတ်ချက်မှာ မှန်ကန်ကြောင်း ဆိုလိုသည့် အဓိပ္ပာယ်ဖြစ်ပြီး မစ္စတာ ကင်တာနာကို အမှားခြစ်ခြင်းမှာ ၎င်း၏ လုပ်ဆောင်ချက်များကို ကန့်ကွက်ခြင်းကို ဖော်ထုတ်ခြင်းဖြစ် သည် ဟု ဆိုသည်။
‘‘ရခိုင်အရေးမှာ သမ္မတကြီးရဲ့ ရပ်တည်ချက်ကို ပြည်သူလူထုအနေနဲ့ တခဲနက် ထောက်ခံတယ်။ အပြည့်အ၀ ထောက်ခံတယ်ဆိုတဲ့ သဘောတရားကို ပြချင်လို့ ဒီလို လုပ်တာပါ။ နောက်ပြီး UN ကိုယ်စားလှယ် မစ္စတာ ကင်တာနာနဲ့UN အဖွဲ့အစည်းတွေရဲ့ ရခိုင်ပြည် နယ်အပေါ် ခွဲခြား ဆက်ဆံမှုတွေကို မလုပ်ဆောင်ဖို့၊ လူလူချင်း ခွဲခြား မဆက်ဆံဖို့၊ အမှန်တရားဘက်ကနေ ရပ်တည်ပေးဖို့နဲ့ UN အဖွဲ့စည်းက မတရားလုပ်ဆောင်နေတာတွေကို ရပ်တန်းက ရပ်ဖို့ ကန့်ကွက်ဆန္ဒပြတဲ့ သဘောပါ”ဟု ဆရာတော် ဦးဝီရသူက ပြောဆိုသည်။
ဆန္ဒပြသည့် အဖွဲ့မှာ မန္တလေး ၆ မြို့နယ်ရှိ အဖွဲ့၆ ဖွဲ့က ဆန္ဒပြတောင်းဆိုမည်ဖြစ်ပြီး တဖွဲ့လျှင် လူဦးရေ ၁၀၀ ကျော် တရားဝင် ဆန္ဒပြခွင့် ရမည်ဖြစ်ကြောင်း သိရသည်။
‘‘ခွင့်ပြုတာက တဖွဲ့ကို အယောက် ၁၀၀။ အောင်မြေသာစံမြို့နယ်မှာ လုပ်မယ့်အဖွဲ့က အောင်မြေသာစံမြို့နယ် ပါတဲ့ တီရှပ်တွေကို ဝတ်ဆင်ပြီး ဆန္ဒထုတ်ဖော်ကြမယ်။ တံဆိပ် မပါတဲ့လူတွေကတော့ ဘေးကနေပဲ လိုက်ပြီး ကြည့်ပေါ့။ ဘေးကနေ ကြည့်လည်း အကျႌတွေ ဝတ်လို့ရပါတယ်။ အဲဒီနေ့မှာလည်း အကျႌတွေကို ရောင်းချသွားဦးမှာပါ”ဟု ဆရာတော် ဦးဝီရသူက ဧရာဝတီ ကို ပြော သည်။
သမ္မတ ဦးသိန်းစိန် ဓာတ်ပုံပါ တီရှပ်များကို သြဂုတ်လ ၂၂ ရက်နေ့က စတင်ရောင်းချခြင်း ဖြစ်ပြီး ထိုနေ့တွင် အထည် ၁၀၀၀ ကျော် ရောင်းချခဲ့ရကြောင်း၊ တီရှပ်များကို တထည်လျှင် ကျပ် ၁၅၀၀ နှင့် လူမှုရေးအဖွဲ့အစည်းများက ဦးဆောင်ရောင်းချနေခြင်းဖြစ်ပြီး လက်ရှိ တွင် အထည်အရည်တွက်မှာ ရိုက်သမျှ ရောင်းကုန်နေကြောင်း သိရသည်။
အာဏာပိုင်များက နေရာ တနေရာတည်းတွင် လူအများ စုရုံးရန် ခွင့်မပြုသောကြောင့် ယခုကဲ့သို့ ၆ မြို့နယ် နေရာ ၆ ခုတွင် ဆန္ဒ ဖော် ထုတ်ရန် စီစဉ်ရခြင်း ဖြစ်သည်ဟုလည်း ဆရာတော် ဦးဝီရသူက ပြောဆိုသည်။