ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ဒေသခံများသည် အိုးအိမ်များကို စွန့်ခွာ၍ မြို့ပေါ်သို့ နေ့စဉ် အဆက်မပြတ် တက်လာနေကြကြောင်း ဒုက္ခသည် ကယ်ဆယ်ရေးအဖွဲ့များနှင့် အာဏာပိုင်များက ပြောသည်။
တိုက်ပွဲများ ဖြစ်ပွားရာနေရာများမှ စစ်ပြေးဒုက္ခသည်များသည် ယခုလ ၁၈ ရက်နေ့မှ စတင်တက်လာနေကြပြီး ဖားကန့်မြို့ပေါ်ရှိ ခရစ်ယာန် ဘုရားကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့် လူမှုကယ်ဆယ်ရေးစခန်း ၂၃ ခုတွင် ယနေ့ မနက်ပိုင်းအထိ ၆ ထောင်ကျော် ခိုလှုံနေသကဲ့သို့ ဆွေမျိုးများထံတွင် သွားရောက် ခိုလှုံနေသူများလည်းရှိကြောင်း သိရသည်။
“ကျနော်တို့ စခန်းမှာလည်း ဒီနေ့မနက်ထိ လူဦးရေး ၈၈၀ ကျော်ရှိသွားပြီ။ ကျနော်တို့လည်း ဘယ်လို လုပ်ရကိုင်ရမှန်းတောင် မသိတော့ဘူး။ လူဦးရေက တအားများနေပြီ” ဟု မြို့ပေါ် ငှက်ပျောတောရပ်ကွက်ရှိ ရိုမန်ကက်သလစ် ဘုရားကျောင်းမှ သင်းအုပ်ဆရာ ဦးသံဂွန်းက ဧရာဝတီသို့ ပြောသည်။
ဖားကန့်မြို့နှင့် ၃ မိုင်ခန့်အကွာ တိုက်ပွဲဖြစ်ပွားရာဒေသရှိ ဖလခ၊ စိုင်းတောင်၊ မှော်မောင်းကုန်း၊ မှော်ဝန်းကြီး၊ မှော်ဝန်းလေး၊ ရှရော်ခ၊ စိုင်းဂျာဘုံ၊ လမောင်းကုန်း၊ မြောက်ဖြူနှင့် သန်းကြွယ် အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံများသည် အိုးအိမ်များကို စွန့်ကာ ထွက်ပြေးလာကြခြင်း ဖြစ်ကြောင်း သိရသည်။
ဒုက္ခသည်များထဲတွင် အမျိုးသမီးနှင့် ကလေးငယ် အများစုဖြစ်ပြီး အမျိုးသားတချို့မှာ အိမ်နှင့်ခြံများကို စောင့်ရန်ကျန်ခဲ့ကြောင်း၊ တိုက်ပွဲများ အပြင်းထန် ဖြစ်ပွားနေသဖြင့် အနီးရှိ ကျေးရွာများမှလည်း ဖားကန့်မြို့ပေါ်သို့ ဦးတည်လာနေကြကြောင်းနှင့် ကျေးရွာတချို့မှ ရွာခံများသည် မြစ်ကြီးနားမြို့ဘက်သို့ ခိုလှုံရန် ထွက်သွားကြပြီဖြစ်ကြောင်း ဒုက္ခသည်များက ပြောသည်။
“ကျနော်တို့ ကျောင်းမှာက ၇၇၅ ဦးရှိပြီ။ နေရာထိုင်ခင်း မလောက်ဘူး။ ဒီတိုင်းပဲ ဘုရားကျောင်းထဲမှာ အဆင်ပြေသလို ထားထားရတာပေါ့၊ ကျန်းမာရေးကတော့ အစိုးရအဖွဲ့တွေ ကြည့်ပေးပါတယ်” ဟု ငှက်ပျောတောရပ်ကွက်ရှိ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းမှ သင်းအုပ်ဆရာ ဦးတူးဂျာက ပြောသည်။
အဆိုပါဒုက္ခသည်များသည် ၎င်းတို့ကျေးရွာများတွင် ကျောက်စိမ်း တူဖော်ရေးလုပ်ငန်းများ၌ အသက်မွေးဝမ်းကျောင်းသကဲ့သို့ စပါးနှင့် ဓညှင်းသီး အပါအဝင် ရာသီပေါ်သီးနှံများ စိုက်ပျိုး လုပ်ကိုင်သူများလည်းရှိကြောင်း စုံစမ်းသိရှိရသည်။
ဒုက္ခသည်များ မြို့ပေါ် တက်ရောက်လာသည့် အခြေအနေများနှင့် ပတ်သက်၍ ဖားကန့်မြို့နယ် ရဲစခန်းကို ဧရာဝတီက ဆက်သွယ် မေးမြန်းရာတွင် ရဲအရာရှိတဦးက “ကျနော်တို့ သိရသလောက်တော့ (ဒုက္ခသည်တွေက) Churchကျောင်းတွေမှာပဲ ခင်ဗျ။ အရေအတွက်တွေ ဘာတွေတော့ ကျနော်တို့လည်း အတိအကျမသိဘူး” ဟု ပြောသည်။
ယခုအခါ မြို့ပေါ် ကယ်ဆယ်ရေးစခန်း ၂၃ ခုရှိ ဒုက္ခသည်များကို ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ လူမှုကူညီရေး အသင်းအဖွဲ့များက စားဝတ်နေရေးအတွက် ကူညီဆောင်ရွက်ပေးနေသော်လည်း ရက်ကြာလာပါက အခက်ခဲများ ကြုံတွေ့လာနိုင်ကြောင်း ကယ်ဆယ်ရေးစခန်း တာဝန်ခံများက ပြောသည်။
စစ်ဘေးရှောင် ဒုက္ခသည်များ ထွက်ခွာခဲ့ရာဒေသတွင်လည်း အစိုးရတပ်များနှင့် KIA တပ်များ နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေကြောင်း ဗလခကျေးရွာတွင် ကျန်ရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကျေးရွာတာဝန်ခံ မဂျာရှင်က ပြောသည်။
“တိုက်ပွဲက ဒီရွာနားမှာပဲ၊ ဒီနေ့ဆို မိုးလင်းကတည်းက အခု ၃ နာရီထိုးတဲ့အထိ တချက်မှ မနားသေးဘူး၊ လက်နက်ကြီးတွေနဲ့ ပစ်နေကြတာ။ ရွာသူရွာသား အများစုက မြို့ပေါ်တွေ ထွက်ပြေးကုန်ပြီ။ ကျမတို့က ရွာမှာ အစောင့်နေပေးခဲ့တာ။ စိုင်းတောင်ရွာဘက်မှာလည်း ပစ်နေကြတော့ ရွာထဲက ကျမတို့ အဖွဲ့ချုပ်ဝင် တဦးအိမ်ရှေ့အထိ လက်နက်ကြီးကျတယ်။ အယ်ဒီရွာသားတွေလည်း ဖားကန့်ကို ဒီမနက်ပဲ ထွက်သွားကြတယ်” ဟု မဂျာရှင်က ဧရာဝတီသို့ ပြောသည်။
တိုက်ပွဲများကြောင့် ဒေသခံများမှာ အိုးအိမ်များ စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရခြင်းကြောင့် မူလအတိုင်း ငြိမ်းချမ်းစွာ စီးပွားရှာ လုပ်ကိုင်နေထိုင်နိုင်ရေးအတွက် တိုက်ပွဲများကို အမြန်ဆုံး ရပ်တန့်ပေးရန် ဒုက္ခသည်များထံ သဘောထား ကောက်ခံကာ ဒေသခံ NLD အဖွဲ့က ဦးဆောင်၍ သမ္မတ ဦးသိန်းစိန်ထံ အမြန်ဆုံး တောင်းဆိုသွားမည်ဟု သူက ဆက်ပြောသည်။
အစိုးရတပ်အနေဖြင့် KIA အား တိုက်ခိုက်နေမှုများ ရပ်တန့်ရန် ကာကွယ်ရေး ဝန်ကြီးဌာနကို သမ္မတ ဦးသိန်းစိန်က ယခုနှစ်ဆန်းပိုင်းတွင် ညွှန်ကြားခဲ့သော်လည်း အစိုးရတပ်က ရပ်တန့်ပေးခြင်းမရှိဘဲ ထိုးစစ်ဆင် တိုက်ခိုက်နေဆဲ ဖြစ်သည်။
KIO နှင့် အစိုးရတပ်များအကြား ၂၀၁၁ ခုနှစ် ဇွန်လပိုင်းမှ စတင်ကာ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ တနှစ်ကျော်ကြာအထိ ဖြစ်ပွားလျက်ရှိရာ ဒေသခံ ၅ သောင်းကျော် အိုးအိမ် တောင်ယာများကို စွန့်ခွာ၍ တရုတ်-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြသည်။ ထို့အတူ မိုးညှင်းခရိုင် တောတောင်များ အတွင်း၌လည်း ခြေသလုံးအိမ်တိုင်ဘဝဖြင့် ရွှေ့ပြောင်းခိုလှုံ နေရသူများလည်းရှိပြီး အိမ်ပြန်နိုင်ခြင်း မရှိသေးကြောင်း ကချင်ဒုက္ခသည်စခန်းများ ကော်မတီက ပြောသည်။
တရုတ်နိုင်ငံထဲသို့ သွားရောက်ခိုလှုံနေသည့် ကချင်စစ်ရှောင် ဒုက္ခသည်များသည်လည်း သြဂုတ် ၂၂ ရက်မှ စတင်ကာ တရုတ် အာဏာပိုင်များက မြန်မာနိုင်ငံထဲသို့ အဓမ္မ ပြန်လည် ပို့ဆောင်ခြင်း ခံနေရသည်။