သတင်း

အစိုးရအဖွဲ့အတွင်း ဝန်ကြီးများ အပြောင်းအရွှေ့ လုပ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အစိုးရအဖွဲ့အတွင်း ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၊ မီးရထားဝန်ကြီး ဦးအောင်မင်း အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီး ၉ ဦးနှင့် ဒုဝန်ကြီး ၁၅ ဦးအား ယမန်နေ့က အပြောင်းအလဲများ စတင်ပြုလုပ်သည်။

သမ္မတ ဦးသိန်းစိန်နှင့် နီးစပ်သူ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နေသည့် မီးရထားဝန်ကြီး ဦးအောင်မင်း၊ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး ဦးတင်နိုင်သိန်းနှင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးလှထွန်းတို့ ၄ ဦးကို သမ္မတရုံးဝန်ကြီးများ အဖြစ်ခန့်အပ်ခဲ့သည်။

သမ္မတရုံးဝန်ကြီး အရေအတွက် ထပ်မံတိုးမြှင့် ခန့်ထားခြင်းသည် ငြိမ်းချမ်းရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ပိုမိုလုပ်ဆောင်နိုင်ရန် ဖြစ်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက BBC သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုခဲ့သည်။

ဦးအောင်မင်းမှာ တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အဓိက လုပ်ကိုင်နေသူတဦးဖြစ်ရာ သမ္မတရုံးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းကြောင့် ငြိမ်းချမ်းရေး အကောင်အထည် ဖော်ဆောင်မှုကို ပိုမိုလုပ်ဆောင်နိုင်မည်ဟု ယူဆကြသည်။

ထို့အပြင် ခေါင်းမာဂိုဏ်သားတဦးဟု လူသိများသည့် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကိုလည်း သမဝါယမဝန်ကြီးအဖြစ် ပြောင်းလဲခဲ့ပြီး ၎င်း၏ နေရာတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီး ဦးအောင်ကြည်နှင့် အစားထိုးခဲ့သည်။

ဦးအောင်ကြည်မှာ သဘောထားပျော့ပျောင်းသူတဦးဟု လူသိများပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရကြား ဆက်ဆံရေး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။ ထို့အပြင် မင်းဗထူး ကလောင်အမည်ဖြင့် စီမံခန့်ခွဲမှုဆိုင်ရာ စာအုပ်များကို ဘာသာပြန်ရေးသားနေသူ ဖြစ်သည်။

အားကစားဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီး နှစ်ဌာနကို ပူးတွဲတာဝန်ယူရသည့် ဦးတင့်ဆန်းကိုလည်း အားကစားဝန်ကြီးဌာနတခုတည်းကိုသာ ကိုင်တွယ် တာဝန်ပေးအပ်လိုက်သည်။

အဆိုပါ ဝန်ကြီး ၉ ဦး၏ လစ်လပ်နေသည့် နေရာများနှင့် ပတ်သက်ပြီး မည်သူများနှင့် အစားထိုးမည်ကိုမူ ကြေညာခြင်း မရှိသေးပေ။

အလားတူ ဒု ဝန်ကြီး ၁၅ ဦးကို အသစ်ခန့်အပ်ရာတွင် အမျိုးသမီး ပညာရှင် ၄ ဦး ခန့်အပ်ခြင်းသည် ထူးခြားမှုတခုဖြစ်ပြီး၊ အရပ်ဖက်မှ အသိပညာရှင် အတတ်ပညာရှင်များဖြစ်သည့် စာရေးဆရာ မောင်သန်းဆွေ (ထားဝယ်) အား ယဉ်ကျေးမှု ဒု ဝန်ကြီး၊ သမ္မတ၏ အမျိုးသားရေးနှင့် လူမှုရေးအကြံပေး ကောင်စီဝင် ဦးဆက်အောင်နှင့် ဒေါက်တာ ခင်စန်းရီအား အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှု ဒု ဝန်ကြီးများ၊ ဦးသောင်းတင် (KMD) အား ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ဒုဝန်ကြီးတို့အဖြစ် ခန့်အပ်ခဲ့သည်။

သမ္မတ ဦးသိန်းစိန်အနေဖြင့် အစိုးရအဖွဲ့ အပြောင်းအလဲကို ပြီးခဲ့သည့် မတ်လခန့်ကတည်းက စီစဉ်ခဲ့သော်လည်း ယခုမှသာ အပြောင်းအလဲ လုပ်နိုင်ခြင်းဖြစ်ကြောင်း အစိုးရနှင့် နီးစပ်သူများက ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading