မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်း ၁၄ ခုအနက် အဆင်းရဲဆုံးဖြစ်သော ချင်းပြည်နယ်အတွက် ဂျပန်နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (Japan International Cooperation Agency – JICA) က ကျပ်ငွေ သန်း ၉၉၀၀ ခန့် ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို အဓိကထား လုပ်ဆောင်နိုင်ရန်အတွက် JICA က ချပေးမည့် ချေးငွေကို ပြည်ထောင်စု အစိုးရမှတဆင့် အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ချင်းပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးဗန်ထောင်းက ဧရာဝတီသို့ ပြောသည်။
“ပြည်ထောင်စု အစိုးရကနေပြီးတော့မှ ချပေးတာ။ ဒီလိုဒီလို ချေးငွေတွေရှိတယ်၊ ဘာတွေလုပ်ချင်သလဲ၊ ကိုယ့်ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအနေနဲ့ ဘာတွေလုပ်ချင်သလဲ ဆိုတာကို Proposal တင်ခိုင်းတယ်။ အဲဒီမှာ ဒီလိုဒီလောက် ရှိတယ်ဆိုတဲ့ ပြောပြချက်အရ ကျနော်တို့က သိရတာပါ” ဟု ဦးဗန်ထောင်း က ဆိုသည်။
JICA အနေဖြင့် အဆိုပါချေးငွေကို အတိုးနှုန်း ၀ ဒဿမ ၀၁ ရာခိုင်နှုန်းဖြင့် ပြည်ထောင်စု အစိုးရမှတဆင့် ၂၀၁၃၊ ၂၀၁၄ ဘဏ္ဍာနှစ်တွင် ချပေးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းထားပြီး ယခုလကုန်ပိုင်းတွင် ချင်းပြည်နယ်သို့ JICA အဖွဲ့ဝင်များ ကွင်းဆင်းလေ့လာကြမည်ဖြစ်ကြောင်း ဦးဗန်ထောင်းက ဆက်ပြောသည်။
ယခုလက်ရှိ ၂၀၁၂၊ ၂၀၁၃ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု အစိုးရအနေဖြင့် ချင်းပြည်နယ်အတွက် ဆင်းရဲမွဲတေမှု ပပျောက်ရေး အစီအစဉ်ဖြင့် ကျပ်ငွေ သန်း ၃၀၀၀ ချပေးထားကြောင်း၊ ထိုငွေများကို စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် တခြား ဒေသဖွံ့ဖြိုးရေး နေရာများအတွက် အသုံးပြုလျက်ရှိကြောင်း သိရသည်။
“စိုက်ပျိုးရေးမှာဆိုရင် လှေကားထစ်တွေ တူးဖော်တဲ့နေရာတွေ၊ စိုက်ပျိုးရေ ရရှိရေးတွေမှာ သုံးတယ်။ ကျန်းမာရေးမှာ ဆေးပေးခန်း ဆောက်လုပ်ရေးတွေ၊ နောက် စာသင်ကျောင်းဆောင်တွေ၊ ကျေးလက်သောက်သုံးရေ ရရှိရေး၊ ကျေးလက်မီးလင်းရေးတွေမှာ သုံးတယ်။ အခုဟာက ပံ့ပိုးထောက်ပံ့မှုဆိုတော့ တဦးချင်း ထောက်ပံ့မှု မဟုတ်ဘဲနဲ့ လူအများကို အကျိုးပြုတဲ့ဟာတွေမှာ ထောက်ပံ့တဲ့ သဘောပါ” ဟု ဦးဗန်ထောင်း က ပြောသည်။
လက်ရှိအချိန်တွင် ချင်းပြည်နယ်အတွင်း၌ အလုပ်အကိုင် ရှားပါးမှု၊ စားဝတ်နေရေး ကြပ်တည်းမှုတို့ကြောင့် ဒေသခံတိုင်းရင်းသား လူငယ်၊ လူလတ်ပိုင်းများသည် အိမ်နီးချင်း အိန္ဒိယနိုင်ငံအပါအဝင် မလေးရှားနိုင်ငံများသို့ ထွက်၍ အလုပ်လုပ်ကိုင် နေကြရကြောင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့အခြေစိုက် ခိုးနူမ်းထုန် (ချင်းသတင်းဌာန) မှ လက်ထောက်အယ်ဒီတာ ဆလိုင်းရောဘတ်က ဆိုသည်။
“အလုပ်အကိုင်ကရှားတော့ လူငယ်တွေ တော်တော်များများက ချင်းပြည်နယ်မှာမှ မရှိကြတော့တာ။ တချို့က အိန္ဒိယ နိုင်ငံဘက် ထွက်လာတယ်။ ငွေကြေးတတ်နိုင်တဲ့ လူတွေကျတော့ မလေးရှားတို့ ဘာတို့ကို ထွက်ကြတာပေါ့၊ တော်တော်များများကတော့ စားဝတ်နေရေး ခက်ခဲ့တော့ ပညာရေးကိုလည်း အားမပေးနိုင်တော့ဘူး” ဟု ဆလိုင်းရောဘတ်က ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံ၏ အဓိက ပြဿနာမှာ ဆင်းရဲမွဲတေမှုဖြစ်ပြီး ဆင်းရဲခြင်းကို ဖြစ်စေသည့် အကြောင်းမှာ အလုပ်လက်မဲ့ များပြားခြင်းဖြစ်ကြောင်း၊ ထိုပြဿနာကို ဖြေရှင်းရန် ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများ၏ အကူအညီ ရယူ၍ ဆောင်ရွက်ရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလက ပြောဆိုခဲ့သေးသည်။
NLD ပါတီ အနေဖြင့်လည်း ဗြိတိန် နိုင်ငံတကာ ဖွံ့ဖြိုးမှု အကူအညီပေးရေး ဌာန (Department for International Development- DFID) ၏ အကူအညီဖြင့် ပြုလုပ်သော ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် အခြေခံ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ပြည်နယ်နှင့်တိုင်းတချို့တွင် စတင်လုပ်ဆောင်နေကြောင်း သိရသည်။
နိုင်ငံအတွင်း ဆင်းရဲမွဲတေမှု အဖြစ်အများဆုံးစာရင်း၌ ရှိနေသည့် ချင်းပြည်နယ်ထဲတွင် စုစုပေါင်းလူဦးရေ ၅ သိန်း ၄ သောင်းခန့် နေထိုင်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ကြကြောင်း၊ ပြည်နယ်အတွင်း မြို့နယ်ပေါင်း ၉ မြို့နယ်နှင့် မြို့နယ်ခွဲ ၄ ခုရှိပြီး ခရိုင် ၃ ခုရှိကြောင်း ချင်းပြည်နယ်အစိုးရ မှတ်တမ်း အချက်လက်များအရ သိရသည်။
ပြည်ထောင်စုအစိုးရ၏ ယခုနှစ်ထုတ်ပြန်ထားချက်များအရ ချင်းပြည်နယ်တွင်နေထိုင်သူ လူဦးရေ၏ ၇၃ ရာခိုင်နှုန်းမှာ ဆင်းရဲမွဲတေမှုနှင့်ရင်ဆိုင်နေသည်ဟု ဆိုသည်။
ထို့အတူ ၂၀၁၁ ခုနှစ် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီစဉ် (UNDP) ၏ စစ်တမ်း ကောက်ယူချက်အရ ချင်းပြည်နယ်သည် မြန်မာနိုင်ငံရှိ ပြည်နယ်နဲ့ တိုင်း ၁၄ ခုအနက် ဖွံ့ဖြိုးမှု အနည်းဆုံးနှင့် အဆင်းရဲဆုံး ပြည်နယ် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ချင်းပြည်နယ်တွင်းနေထိုင်သူ ဒေသခံများသည် စပါး၊ ပြောင်းဖူး၊ ပဲစင်းငုံနှင့် ပဲအမျိုးမျိုး စိုက်ပျိုးသည့်အပြင် အသားတု အဖြစ် အသုံးပြုသော ဝဥများကိုလည်း စိုက်ပျိုးထုတ်လုပ်ကြကြောင်း၊ JICA မှ ချေးငွေများ ရရှိပါက စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့တွင် အဓိကထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးဗန်ထောင်းက ပြောသည်။
JICA အဖွဲ့သည် ကမ္ဘာ့နိုင်ငံအသီးသီးတွင် အခြေစိုက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းရေး ကဏ္ဍများတွင် ကူညီ ထောက်ပံ့ပေးနေသည့် အဖွဲ့ဖြစ်သည်။
ထိုအဖွဲ့သည် ချင်းပြည်နယ်အတွင်း၌ လူမှုအဆင့်အတန်း မြင့်မားရေးအတွက် မြေဆီလွှာထိန်းသိမ်းရေးနှင့် ရာသီအလိုက် အသုံးဝင်သီးနှံ စိုက်ပျိုးရောင်းဝယ်ရေး၊ ဆေးဘက်ဝင် သစ်ပင်များ စိုက်ပျိုးရေး၊ တရားမဝင် သစ်ခိုးထုတ်မှု ပပျောက်ရေးနှင့် သစ်တောထိန်းသိမ်းရေး ပညာပေးလုပ်ငန်းများကို ၂၀၀၆ ခုနှစ် မေလ ၁၅ ရက်နေ့မှ စတင်ကာ ဂျပန်ယန်းငွေ သန်း ၅၀ ထောက်ပံ့၍ မြန်မာနိုင်ငံ သစ်တောရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း JICA အင်တာနက် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
သမ္မတ ဦးသိန်းစိန်က တနိုင်ငံလုံး ဆင်းရဲမွဲတေမှု ၂၆ ရာခိုင်နှုန်း ရှိကြောင်း ၂၀၁၅ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်းသို့ လျော့ချနိုင်ရန် ရည်မှန်းချက်ထား၍ ဆောင်ရွက်နေကြောင်း ၂၀၁၁ ခုနှစ် သြဂုတ်လအတွင်း ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် မိန့်ခွန်းတွင် ပြောကြားသွားသည်။