သမ္မတ ဦးသိန်းစိန် အနေဖြင့် သက်တမ်း ၂ နှစ်ခန့်ရှိပြီဖြစ်သော အစိုးရအဖွဲ့အား ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လိုက်ခြင်းသည် အကောင်းဘက်သို့ ဦးတည်နေသည့် လက္ခဏာများဟု လေ့လာသူများက ရှုမြင်ကြသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက “သမ္မတရုံး ဝန်ကြီး ၄ ဦး ထပ်တိုးတာကိုက ပြုပြင်ပြောင်းလဲရေးကို အားစိုက်လုပ်ဖို့ဆိုတာ သိသာပါတယ်၊ အကောင်းဘက်ကို ဦးတည်တယ်၊ ပြုပြင်ပြောင်းလဲရေးကို အကောင် အထည်ဖော်နေ တယ်ဆိုတာ ကတော့ မြင်နေ ရတယ်၊ စောင့်ကြည့် ရမယ်” ဟု ဆိုသည်။
နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက သမ္မတ ဦးသိန်းစိန်၏ ယခု ပြုပြင်ပြောင်းလဲမှုသည် ပြည်သူဆန္ဒကို အခြေခံကာ ဆောင်ရွက်ခြင်းဖြစ်ပြီး အစပထမဟု ပြောနိုင်ကြောင်း၊ မကြာမီတွင် ဆက်လက်ပြီး အရှိန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ပြုပြင်ပြောင်းလဲရေးများ စတင်နေပြီ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
အစိုးရ သက်တမ်း ၂ နှစ်အတွင်း အားနည်းချက်၊ အားသာ ချက်များကို လေ့လာကာ ပြုပြင်ပြောင်းလဲ မှုများကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ ပြည်သူများ၏ အားမလို အားမရ ဖြစ်နေခြင်း၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများ အလုံးအရင်းနှင့် ဝင်ရောက် မလာခြင်း၊ ပြည်တွင်းငြိမ်းချမ်းရေး မရရှိသေးခြင်းကိုလည်း သမ္မတ ဦးသိန်းစိန် အနေဖြင့် သိရှိထားကြောင်း ဦးဇော်ဌေးက ဆိုသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သည့် ဦးဝင်းတင်ကမူ “အစောကြီးကတည်းက လုပ်ရမှာ၊ အလာကောင်းပေမယ့် အခါနှောင်းတယ်လို့တောင် ပြောလို့ရတယ်” ဟု ပြောသည်။
ဝန်ကြီးအများစုမှာ စစ်အစိုးရလက်ထက်ကတည်းက ပါဝင်ခဲ့သည့် သဘောထား တင်းမာသူများဖြစ်ပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းစဉ်နှင့် မကိုက်ညီကြောင်း၊ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်းဆိုလျှင် စာပေလွတ်လပ်ခွင့်နှင့် ပတ်သက်၍ ပိတ်ပင်ချုပ်ချယ်သူဟု နာမည်ကြီးပြီး သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌတို့၏ မိန့်ခွန်းများကိုပင် ဖြတ်တောက်စိစစ်မှု ပြုလုပ်ကြောင်း၊ အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဟောင်း ဦးဇော်မင်းဆိုလျှင်လည်း မြစ်ဆုံဆည် စီမံကိန်းနှင့် ပတ်သက်ပြီး ပြောဆိုမှုများ ပြုလုပ်စဉ်ကတည်းက ရာထူးမှ ဖယ်ရှားသင့်သူဖြစ်ကြောင်း ဦးဝင်းတင်က ဆက်လက်ပြောသည်။
ပြီးခဲ့သည့် တနင်္လာနေ့မှ စတင်ကာ ပြုလုပ်သည့် ဝန်ကြီးရာထူး အပြောင်းအရွှေ့တွင် ပြည်တွင်းငြိမ်းချမ်းရေး အကောင်အထည်ဖော်နေသူ မီးရထားဝန်ကြီး ဦးအောင်မင်း၊ စက်မှုဝန်ကြီး ဦးစိုးသိန်း အပါအဝင် ဝန်ကြီး ၉ ဦးကို ရာထူးအပြောင်းအရွှေ့ ပြုလုပ်ခဲ့ပြီး၊ အရပ်သားပညာရှင်ရှင်များနှင့် အမျိုးသမီးများ ပါဝင်သည့် ဒုဝန်ကြီး ၁၅ ဦးကိုလည်း ထပ်မံခန့်ခဲ့သည်။
ယမန်နေ့က ဆောက်လုပ်ရေးဝန်ကြီး ဦးခင်မောင်မြင့်နှင့် အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဇော်မင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးလွန်းမောင်တို့အား သမ္မတ ဦးသိန်းစိန်က ရာထူးမှ နှုတ်ထွက်ခွင့်ပြုခဲ့သည်။
ပြန်ကြားရေး ဝန်ကြီးအသစ်ဖြစ်သူ ဦးအောင်ကြည်မှာ သဘောထား ပျော့ပြောင်းသူတဦးဟု လူသိများသော်လည်း စာပေမူဝါဒများအပေါ်တွင် မည်သို့သဘောထားမည်ကို မသိရသေးကြောင်း၊ စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်း၊ လစ်လပ်သွားသည့် ဝန်ကြီးဌာနများ အားခန့်အပ်ရာတွင် သက်ဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်ပြီး ကျွမ်းကျင်နှံ့စပ်သူ၊ ဆုံးဖြတ်ချက် ပေးနိုင်သူများကိုသာ ခန့်အပ်သင့်ကြောင်း၊ အရပ်သားပညာရှင်များကို ခန့်အပ်ခြင်းသည် ကောင်းသော လက္ခဏာတခုဟု ပြောဆိုနိုင်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဆိုသည်။
အစိုးရသစ်အနေနှင့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရာတွင် ရှေးရိုးစွဲ၊ ခေတ်နောက်ပြန်ဆွဲသည့် အမြင်ရှိသူများကို ချန်ထားခဲ့မည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြီးခဲ့သည့် မေလတွင်တကြိမ်၊ ယခုလလယ်တွင် တကြိမ် သတိပေး ပြောဆိုခဲ့သည်။
အစိုးရနှင့် နီးစပ်သူများ အဆိုအရ ယခု အပြောင်းအလဲမှာ အစသာဖြစ်ပြီး ဝန်ကြီးအပြောင်းအလဲများကို ဆက်လက် လုပ်ဆောင်ဦးမည် ဖြစ်ကြောင်း၊ လစ်လပ်နေသည့်ဝန်ကြီးများ ခန့်အပ်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ကိုယ်စားလှယ်များပင် ပါဝင်နိုင်ကြောင်း သိရသည်။