အစိုးရက နိုင်ငံတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရေးများ ဆက်လက် လုပ်ဆောင်မည်ဟု ကတိပြုနေသော်လည်း ကရင် ပြည် နယ် အတွင်းရှိ မိသားစုများ၏ သုံးပုံ တပုံခန့်သည် လူ့အခွင့်အရေး ချိုးဖောက်မှု ခံနေရဆဲဖြစ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ တဖွဲ့က ထုတ်ဖော် ပြောကြား လိုက်သည်။
အမေရိကန် အခြေစိုက် Physicians for Human Rights(PHR) အဖွဲ့က ယမန်နေ့က ထုတ်ပြန်သည့်“Bitter Wounds and Lost Dreams: Human Rights Under Assault in Karen State, Burma” အမည်ရှိ အစီရင်ခံစာတွင် ထိုသို့ ဖော်ပြထားသည်။
PHR အနေနှင့် စစ်တမ်းကောက်ယူသူ ၂၂ ဦးကို သင်တန်းပေးပြီး ၂၀၁၂ ခုနှစ် ဇန်နဝါရီလအတွင်း ကရင်ပြည်နယ်၌ စစ်တမ်း ကောက်ယူ၍ ထုတ်ပြန်ထားသည့် စာမျက်နှာ ၈ မျက်နှာပါ ယင်း အစီရင်ခံစာတွင် ကျေးရွာပေါင်း ၈၈ ရွာ မှ မိသားစုဝင် ၆၆၅ ဦးကို မေးမြန်း၍ ဖော်ပြထားခြင်း ဖြစ်သည်။
ထို ၆၆၅ ဦးကို ကောက်ယူခဲ့သည့် စစ်တမ်းတွင် အဓမ္မလုပ်အားပေး ခိုင်းစေ ခံရခြင်း၊ ပေါ်တာ ထမ်းပေးရခြင်း၊ မြေမြှုပ်မိုင်းများ ရှင်း လင်းပေးရခြင်း စသည့် လူ့အခွင့်ရေးဆိုင်ရာ ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး စံချိန် စံညွှန်း သတ်မှတ်ထားသော မေးခွန်း ၉၃ ခုကို မေးမြန်းထားခြင်း ဖြစ်ကြောင်း သိရသည်။
ယင်း အစီရင်ခံစာ၌ အစိုးရ စစ်တပ်၏ အဓမ္မ လုပ်အားပေး ခိုင်းစေမှုများ၊ ညှဉ်းပန်း နှိပ်စက်မှုများ၊ အဓမ္မပြုကျင့်မှုများနှင့် ပတ်သက် သည့် စစ်တမ်း ကောက်ယူမှုများလည်း ပါဝင်သည်။
အထူးသဖြင့် အစိုးရ စစ်တပ် ထိန်းချုပ်သည့် ဒေသများအတွင်း လူ့အခွင့်အရေး ဆိုင်ရာ ချိုးဖောက်မှုများသည် တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့များနှင့် အစိုးရစစ်တပ် အကြား အခြေအနေတင်းမာနေသော နေရာများထက် ၈ ဆ နီးပါး ပိုများကြောင်း အစီရင်ခံစာ က ဆိုသည်။
အစိုးရအနေဖြင့် ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲ မှုများ လုပ်ပြနေသော်လည်း အစိုးရ စစ်တပ် ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများက ကရင်ပြည်သူများကို ခြောက်လှန့်နေကြောင်း လည်း အစီရင်ခံစာတွင် ပါရှိသည်။
နှစ်ပေါင်း ၆၀ ကျော် တိုက်ခိုက်နေသော ကရင်အမျိုးသား အစည်းအရုံး(KNU)နှင့် အစိုးရ တို့ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။
လတ်တလောတွင် ကရင်ပြည်နယ် အနှံ့အပြားနှင့် နယ်စွန်နယ်ဖျားရှိ အစိုးရ စစ်အခြေစိုက် စခန်း ၂၀၀ ကျော်ရှိပြီး ခြေလျင်တပ်ရင်း ၃၈ ခုဖြင့် အခိုင်အမာ တပ်ချထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
“တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသော်လည်း အရပ်သား ပြည်သူများသည် စစ်တပ်က ၎င်းတို့အား အတင်းအကျပ် ရိက္ခာ ထောက်ပံ့ ခိုင်းခြင်း၊ လုပ်အားပေး ခိုင်းစေခြင်းနှင့် သွားလာရေးတို့ကို ကန့်သတ်ချုပ်ချယ်ခြင်း စသည်ဖြင့် အမျိုးမျိုး ခံစားနေရသည်”ဟုလည်း အစီရင်ခံစာက ဆိုသည်။
PHR က အစီရင်ခံစာနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များ အသင်း(FCCT) တွင် ယမန် နေ့ က သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်း သတင်းစာ ရှင်းလင်းပွဲတွင် ကရင် လူ့အခွင့်အရေး အဖွဲ့ (KHRG)မှ Khu Khu Ju က ကရင် ဒေသခံများ ၏ လူ့ အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ပတ်သက်ပြီး တင်ပြခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။
အဓမ္မ လုပ်အားပေး ခိုင်းစေခံရခြင်း အပါအဝင် အစိုးရ၏ ဖွံ့ဖြိုး တိုးတက်မှု နှင့် ပတ်သက်သည့် စီမံကိန်းများကြောင့် လူ့ အခွင့် အရေး ချိုးဖောက်ခံရမှုများလည်း ပါဝင်သည်ဟု ၎င်းက ဆိုသည်။
“အခုလက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးနေတယ်၊ ဆွေးနွေးနေတာက ရေရှည် ငြိမ်းချမ်းရေးကို အလွယ်တကူ ဖန်တီးပေးမှာ မဟုတ် ဘူး၊ ဒီငြိမ်းချမ်းရေးဟာလည်း လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ တိုးတက်လာအောင် အာမခံချက်ပေးနိုင်မှာ မဟုတ်ဘူး၊ အဲဒါတွေကြောင့် အခြေခံ စည်းမျဉ်းစည်းကမ်းတွေကို ဖြေရှင်းဖို့ လိုအပ်ပါတယ်”ဟု Khu Khu Ju က ဆက်ပြောသည်။
PHR အစီရင်ခံစာ၌ တနင်္သာရီတိုင်း ထားဝယ် ရေနက် ဆိပ်ကမ်းနှင့် စီးပွားရေးဇုန် တဝိုက်တွင်လည်း ဒေသခံများကို လုပ်အားပေး ခိုင်းစေမှုများ၊ သွားလာရေး ကန့်သတ်မှု ပြုလုပ်ခြင်းများသည်လည်း တခြားသော လေ့လာဆန်းစစ်သည့် နေရာများထက် ၂ ဆမှ ၈ ဆ အထိ ပမာဏာ ပိုမိုမြင့်မားနေကြောင်း ပါရှိသည်။
ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်(ILO)အနေနှင့်လည်း လှုပ်ရှားမှုများကို မြန်မာနိုင်ငံတွင် ရန်ကုန်မြို့ထက် ကျော်လွန်၍ ကရင်ပြည် နယ် ကျေးလက်ဒေသများ အပါအဝင် တိုင်းရင်းသား လူနည်းစုများထံသို့ပါမကျန် ရောက်ရှိစေရန်နှင့် အဓမ္မလုပ်အားပေး ခိုင်းစေ ခံရသူများ အနေနှင့် အစီရင်ခံစာ တင်ပြနိုင်ရန် ဆောင်ရွက်သင့်ကြောင်း PHR က တိုက်တွန်းထားသည်။