အစိုးရနှင့် တတိယ အကြိမ် အပစ်အခတ် ရပ်စဲရေး ဆက်လက် တွေ့ဆုံဆွေးနွေးမည့် ရက်ကို ယမန်နေ့က ပြန်လည် သတ်မှတ် လိုက်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) က ထုတ်ပြန်ထားသည်။
ကရင်ပြည်နယ် ဘားအံမြို့တွင် သြဂုတ်၂၇ ရက်နေ့မှစတင်၍ ၃ ရက်ကြာ တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းဆုံးဖြတ်ထားခြင်းကို ရွှေ့ဆိုင်းခဲ့ပြီးနောက် လာမည့် စက်တင်ဘာလ ၃ ရက်မှ ၄ ရက်နေ့ တို့ကို ပြန်လည် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
တွေ့ဆုံဆွေးနွေး ရာတွင် ပြည်သူလူထု အတွက် အာမခံချက်ရှိသော လုံခြုံမှုရရှိရေးနှင့် အဆင့်တိုင်းတွင် ယုံကြည်မှု တည်ဆောက် ရေး တို့ကို ဦးတည်သည့် အချက်၂ ချက်ကို အဓိကထားပြီး ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ယမန်နေ့ကKNU ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို အချက် ၂ ချက်မှာ ပြည်သူလူထု ဘဝလုံခြုံမှုကို အာမခံပေးနိုင်ရေးနှင့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ကျင့်ဝတ် စည်းကမ်း များ (Code of Conduct) မူကြမ်းတို့ ဖြစ်ကြောင်း သိရသည်။
KNU မှ ပြောရေး ဆိုခွင့်ရှိသူ မနော်မေဦးက“ခိုင်မာတဲ့ အပစ်အခတ် ရပ်ဆိုင်းရေး အတွက် အဓိက ကျတဲ့ အချက် ၂ ချက် ဖြစ်သလို ပြည်သူလူထုရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မယ့် အဓိက အချက် ၂ ချက်လည်း ဖြစ်တယ်၊ ပြည်သူလူထုဘ၀ လုံခြုံမှုကို အာမခံနိုင်ဖို့ ဆိုတဲ့အခါမှာ ကျမတို့ကတော့ အကောင်းဆုံး ပြည်သူအတွက်ရော တိုင်းပြည်အတွက်ရော မျှော်လင့်ပြီးတော့ ဒီအချက် ၂ ချက်ကို တတိယ အကြိမ်မှာ ဆွေးနွေးဖို့ ပြင်ဆင်ထားတယ်”ဟု ဧရာဝတီ သို့ ပြောသည်။
ဘားအံမြို့တွင် တွေ့ဆုံဆွေးနွေးမည့်ပွဲကို KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် အပါအဝင် ကိုယ်စားလှယ် ၁၀ ဦးခန့် သွားရောက်မည် ဖြစ်၍ အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဒု ဥက္ကဌ ဦးအောင်မင်း ဦး ဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်မည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
KNU ဘက်မှ သွားရောက်မည့် ကိုယ်စားလှယ် ၁၀ ဦးတွင် စစ်ဘက်မှ တာဝန်ရှိသူ ၃ ဦး လိုက်ပါသွားပြီး ပြည်တွင်း၊ ပြည်ပမှ လေ့ လာသူ ၈ ဦး တို့ကိုလည်း ဖိတ်ကြားထားကြောင်း မနော်မေဦးက ဆက်ပြောသည်။
တတိယအကြိမ် တွေ့ဆုံဆွေးနွေးမည့်ပွဲတွင် ခိုင်မာသည့် အပစ်အခတ် ရပ်စဲရေး ပေါ်ပေါက်စေရေး အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဌ ဦးအောင်မင်းနှင့် KNU ခေါင်းဆောင်များ မြဝတီမြို့တွင် ယခုလ ၅ ရက်နေ့က အလွတ်သဘော နောက်ဆုံး တွေ့ဆုံဆွေးနွေးခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က ဘားအံမြို့တွင် ပထမဆုံး အကြိမ် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးခဲ့ပြီး ဒုတိယ အကြိမ် ကို ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးပွဲ အနေနှင့် ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ဧပြီလ ၆ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့သည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အစိုးရ ကိုယ်စားလှယ် အနေနှင့် ဦးအောင်မင်း က KNU ကိုယ်စားလှယ်များကို ငြိမ်းချမ်း ရေး တွေ့ဆုံ ဆွေးနွေးရန် တရားဝင် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
KNUသည် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှ စတင်ကာ အစိုး ရအဆက်ဆက်ကို ဆန့်ကျင် တော်လှန်ခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော်ပြီ ဖြစ်သည်။