သတင်း

ဦးပိုင် ရှင်းလင်းချက် မပြည့်စုံဟု ကြေးနီစီမံကိန်း ယာသိမ်းခံများ တုံ့ပြန်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်း ကြေးနီ စီမံကိန်းအတွက် သိမ်းမြေများနှင့်ပတ်သက်၍ မြန်မာ့ စီးပွားရေး ဦးပိုင်လီမီတက်နှင့် တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဌတို့၏ ဖြေရှင်းချက်များမှာ ယာသိမ်းခံတောင်သူများ၏ နစ်နာမှုများကို လျစ်လျူရှု ခဲ့ကြောင်း မူရင်းယာပိုင်ရှင်များက ပြောသည်။

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း (ဓာတ်ပုံ – Canadian Friend of Burma)
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း (ဓာတ်ပုံ – Canadian Friend of Burma)

သိမ်းမြေများနှင့် ပတ်သက်၍ ရွှေ့ပြောင်းရမည့် တောင်သူများ အတွက် မြေယာ သီးနှံလျော်ကြေး၊ နှစ်ရှည်သီးနှံ လျော်ကြေးများ ကို လည်း ပေးလျော်ခဲ့ပြီး ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော် ဒု ဥက္ကဌနှင့် ဦးပိုင်လီမိတက်မှ ဦးဝင်းကြည်တို့၏ စာနယ်ဇင်း များအား ရှင်းလင်းချက် အပေါ် တောင်သူများက တုံ့ပြန် ပြောဆိုကြခြင်း ဖြစ်သည်။

“သူတို့ပြောတာတွေက အကုန်မမှန်ဘူး၊ ကောင်းကွက် ကလေးတွေကိုပဲ ရွေးပြောပြီး နားလှည့်ပါးရိုက် လုပ်သွားတာ၊ ကျနော်တို့ ဝက်မှေးရွာမှာဆိုရင် မရွှေ့ပြောင်းတဲ့လူတွေက ခြံမြေ အဆောက်အဦ လျော်ကြေးတွေ လုံးဝကို မယူပါဘူး၊ ဒီလိုနစ်နာတဲ့ ဟာတွေကို မထည့်ပြောဘဲနဲ့ လုံးချသွားတာ”ဟု ဝက်မှေးရွာသား ဦးအောင်ဇော်ဦး က ဧရာဝတီသို့ ပြောသည်။

၂၀၁၀ ဒီဇင်ဘာလထဲတွင် ဓာတ်သတ္ထုရှာဖွေ စမ်းသပ်ရန် အတွက် ဖြတ်သန်းသွားလာမည့် သီးနှံစိုက်ခင်းများကို ၃ နှစ်စာ လျော်ကြေး အဖြစ် ကျပ် ၅ သိန်း ၂ သောင်း နှုန်းဖြင့် ပေးကြောင်း ပြောဆိုခဲ့သော်လည်း နောက်ပိုင်းတွင် မြေယာလျော်ကြေးအဖြစ် ပြောင်း လဲသုံးစွဲ၍ သိမ်းယူလိုက်သဖြင့် နစ်နာဆုံးရှုံးခဲ့ရကြောင်း ဒေသခံ တောင်သူများက ပြောဆိုကြသည်။

“အဲဒါကို မုံရွာခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်းက ကျနော်တို့ကို ၂၀၁၀ တုန်းက သီးနှံလျော်ကြေးဆိုပြီး ပြေားထားပြီးတော့ အခုနောက်ပိုင်းမှ သူက မြေလျော်ကြေးဆိုပြီးဖြစ်သွားတာ၊ ကျနော်တို့က စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးကို သွားတင်ပြတော့ အဲဒါသူ စေတနာအမှားနဲ့ မှားပြီးပြောတာပါတဲ့၊ တကယ်တော့ မြေလျော်ကြေးပါတဲ့”ဟု ဦးအောင်ဇော်ဦး က ပြောသည်။

အသိမ်းခံမြေများအတွက် တရားမျှတစွာ ဖြေရှင်းပေးရေး ဒေသခံ ယာသိမ်းခံတို့က ဆက်တိုက်တောင်းဆိုမှုများ ဖြစ်ပွားနေပြီး နောက် ယခုလ ၂၂ ရက်နေ့တွင် စီးပွားရေး ဦးပိုင်လီမိတက်နှင့် တိုင်းဒေသကြီးလွှတ်တော် ဒု ဥက္ကဌတို့က ဆားလင်းကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ယင်းသို့ရှင်းလင်းရာတွင် လက်ပံတောင်း ကြေးနီစီမံကိန်းကို နိုင်ငံတော်၏ ခွင့်ပြုမိန့်ဖြင့် အကြီးစား ဓာတ်သတ္ထု တူးဖော်ခွင့်၊ ထုတ် လုပ်ခွင့်အမိန့်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်တို့ဖြင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က တရားဝင် လုပ်ကိုင် လျက်ရှိကြောင်း မြေယာနှင့် သီးနှံလျော်ကြေးများအတွက် ကျပ် သန်းပေါင်း ၉၀၀၀ ကျော် ပေးလျော်ခဲ့ပြီးဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

၎င်းတို့ အနေဖြင့် ၂၀၁၁ ခုနှစ်တွင် ယာမြေများအား မိုင်းမြေအဖြစ် ပြောင်းလဲအသုံးပြုခွင့် ရရှိခဲ့ပြီးနောက် မြေလျော်ကြေး၊ သီးနှံ လျော်ကြေး ပေးရာတွင် တောင်သူများ နစ်နာမှု မရှိစေရေးအတွက် ကာလပေါက်ဈေးထက် ပိုမို တွက်ချက်၍ တဧက လျှင် ကျပ် ၅ သောင်းခွဲ ခန့် ပေးလျော်ခဲ့ကြောင်းနှင့် မြေအမည်စာရင်း မပေါက်သူများကိုလည်း လျော်ကြေးထုတ်ပေးထားသည်ဟု ဆိုသည်။

ထို့အတူ ကျေးရွာသစ်များအား ယခင်နေအိမ်၏ အတန်းအစားပေါ်မူတည်၍ A,B,C,D အဆင့်များခွဲကာ အိမ်အတန်းအစား အလိုက် မိမိတို့ စိတ်ကြိုက်ပြုပြင်ရန် A အဆင့်ကို ကျပ် ၁၀ သိန်း၊ B အဆင့်ကို ၈ သိန်း၊ C အဆင့်ကို ၆ သိန်းနှင့် D ကို ၄ သိန်းစီ နှုန်းထားခွဲ၍ ထုတ်ပေးထားကြောင်းနှင့် အလုပ်အကိုင်များကိုလည်း ဖန်တီးပေးထားကြောင်း သတင်းစာ၌ ဖော်ပြထားသည်။

အစားထိုး ဆောက်လုပ်ပေးထားသော အိမ်များသည် ပျဉ်ထောင်၊ ပျဉ်ခင်းဖြင့် အဖြစ်သဘော အကြမ်းဆောက်လုပ်ပေးထားပြီး အဆင် သင့် နေထိုင်နိုင်သည့် အိမ်များမဟုတ်ကြောင်း ယင်းနေရာများသို့ ရွှေ့ပြောင်းခဲ့ရခြင်းမှာလည်း အဓမ္မစေခိုင်းခြင်းကြောင့် ဖြစ် ကြောင်း ဆည်တဲ ရွာသား တဦးက ပြောသည်။

“ကျနော်တို့က လုံးဝ ရွှေ့ပြောင်းချင်ကြတာမဟုတ်ဘူး၊ မရှိမဲ့၊ ရှိမဲ့လေး ဆုံးရှုံးမှာ စိုးတဲ့အပြင် ပြဿနာ ရှာခံရမှာကြောက်လို့ ရွှေ့ပေး ခဲ့ရတာ၊ သူတို့ပေးထားတဲ့ အိမ်တွေနဲ့လည်း နေထိုင်လို့မရဘူး၊ အရံသင့် တက်နေလို့ရတဲ့ အိမ်ရာတွေလည်း မဟုတ်ဘူး၊ ကျနာ် တို့ အိမ်တွေမှာဆို ထမင်းချက်အိမ်၊ နွားတင်းကုတ်ပါတယ် သူတို့ဆောက်ပေးထားတဲ့ အိမ်တွေက ကျဉ်းတယ်၊ အဲဒါတွေလည်းမပါဘူး”ဟု သူက ဧရာဝတီသို့ ပြောသည်။

မူရင်းယာပိုင်ရှင်များက ယနေ့ညနေပိုင်းတွင် ဆုံးရှုံးခဲ့ရသော ၎င်းတို့ယာခင်းများထဲတွင် တဲများထိုး၍ “ယာသိမ်းတိုက်ပွဲ” ဆင်နွှဲသွားမည် ဖြစ်ကြောင်း၊ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့များလည်း ရောက်ရှိနေကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဆွေးနွေးရန် စီစဉ်နေကြ ကြောင်း ဦးအောင်ဇော်ဦး က ပြောပြသည်။

“သူတို့က ၃ နှစ်စာ သီးနှံလျော်ကြေးလို့ သုံးပြီးမှ မြေလျော်ကြေးဆိုပြီး ဒေသခံ တောင်သူလယ်သမားတွေကို မလှိမ့်တပတ် လုပ်လို့ ကျနော်တို့ လယ်ယာမြေတွေကို ပြန်ရအောင် တိုက်ပွဲဝင်သွားမှာဗျ”ဟု ဦးအောင်ဇော်ဦး က ဆက်ပြောသည်။

မုံရွာ ကြေးနီစီမံကိန်းအတွက် ၂၀၁၂ ခုနှစ် မေလက လယ်ယာမြေ ဧကပေါင်း ၇၈၆၈ ဧကခန့်ကို နိုင်ငံပိုင်မြေဖြစ်သဖြင့် လျော်ကြေး ပေး၍ သမ္မတအမိန့်ဖြင့် သိမ်းပိုက်ခြင်းဖြစ်သည်ဟု ထိုစီမံကိန်းကို အဓိက လုပ်ဆောင်နေသည့် ဦးပိုင် ကုမ္ပဏီလီမိတက်၊ တရုတ် နိုင်ငံ ဝမ်ပေါင်း ကုမ္ပဏီနှင့် ဒေသဆိုင်ရာ အာဏာပိုင်များက ရွာသားများကို ပြောဆိုခဲ့သည်ဟု သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading