ကချင်ပြည် လွတ်လပ်ရေး အဖွဲ့(KIO)ထိန်းချုပ်နယ်မြေသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိလာသည့် မြန်မာ့ တပ်မတော်သားများ နေရပ်ပြန်နိုင်ရန် အတွက် စီစဉ်ပေးနေသည်။
ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA) ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွန်မော် က“ဒီမှာရောက်နေတဲ့ သူတွေပြန်ဖို့ ILO က အဆက် အသွယ် လုပ်နေပြီ”ဟု ပြောပြသည်။
ယင်း အစီအစဉ်တွင် ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်(ILO) က ကြားဝင်ဆောင်ရွက် ပေးနေခြင်း ဖြစ်သည်ဟု ဆိုသော်လည်း အသေးစိတ် အစီအစဉ်ကိုမူ မသိရှိရပေ။
KIO နယ်မြေတွင် ရောက်ရှိနေသည့် အသက်ပြည့် စစ်သား၊ ကလေး စစ်သား စုစုပေါင်း ၄၀ နီးပါးရှိကြောင်း KIO ဘက်က သိရ သည်။
၎င်းတို့သည် နေရပ်ပြန်ပါက အရေးယူခံရမည်ကို စိုးရိမ်သဖြင့် မပြန်ကြသေးဘဲ ဆက်လက် နေထိုင်ကြသူများဖြစ်သည်ဟုလည်း ဆို သည်။
ပြန်လွှတ်လိုက်သည့် စစ်သားတချို့မှာ နေရပ်မပြန်တော့ဘဲ တရုတ်ပြည် နယ်စပ်မြို့များတွင် ဒေသခံတရုတ် လူမျိုးများ မလုပ်လို သည့် အလုပ်များတွင် လုပ်အားခ ဈေးပေါပေါဖြင့် နေ့စား ဝင်ရောက် လုပ်ကိုင်နေကြခြင်းများလည်း ရှိကြောင်း သိရသည်။
KIO နယ်မြေတွင် ရောက်ရှိနေသော ကလေး စစ်သား တဦးကလည်း “ပြန်ရင်တော့ ရန်ကုန်ပဲပြန်ရမှာပေါ့၊ အိမ်က လှိုင်သာယာမှာ၊ အခုရှိသေးလား မသိဘူး၊ တပ်ထဲ ရောက်သွားတာလည်း အိမ်ကမသိဘူး”ဟု ပြောသည်။
၎င်းမှာ ဧရာဝတီ တိုင်း မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်မြို့သို့ လာသည့် သဘောၤတွင် စစ်သား အဖြစ် စုဆောင်းခြင်းခံရသူ ဖြစ်ကြောင်း သိရသည်။
KIO ထိန်းချုပ်နယ်မြေသို့ ရောက်ရှိလာသည့် မြန်မာ့ တပ်မတော်သားများကို သုံ့ပန်း ဟု မသုံးနှုန်းဘဲ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိ လာသည့် မြန်မာ့ တပ်မတော်သားများ ဟု KIO က သုံးနှုန်းသည်။
KIA နှင့် အစိုးရတပ်များသည် ၂၀၁၁ ခုနှစ် ဇွန်လအတွင်းက စတင်၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး ၁၇ နှစ်ကြာမြင့်ခဲ့သည့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်လည်း ပျက်ပြားသွားခဲ့ရသည်။ ယင်းတိုက်ပွဲများကြောင့် ဒေသခံ အရပ်သား ပြည်သူ ၇၅၀၀၀ ခန့် ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။
အစိုးရနှင့် KIO ကြား ငြိမ်းချမ်းရေးအတွက် ၂၀၁၁ နိုဝင်ဘာ၊ ၂၀၁၂ ဇန်နဝါရီ နှင့် မတ်လတို့တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေ သော်လည်း ရေရာသည့် သဘောတူညီချက် တစုံတရာ မရရှိသေးဘဲ ရှိနေသည်။