ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြန်လာရန် သမ္မတ ဦးသိန်းစိန်၏ ဖိတ်ခေါ်ချက်ကြောင့် ပြည်တော်ပြန်ခဲ့သူ ရှေ့နေ ကိုစောကျော်ကျော်မင်းကို ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက ပြစ်မှုဟောင်းဖြင့် ထောင်ဒဏ် ၆ လ ချမှတ်၍ အင်းစိန်ထောင်သို့ ပို့လိုက်ကြောင်း သတင်းရရှိသည်။
၂၀၁၂ ခုနှစ် ဆန်းပိုင်းက ပြည်တော်ပြန်လာခဲ့သည့် ရှေ့နေ ကိုစောကျော်ကျော်မင်းကို သူရင်ဆိုင်ရန် ကြွင်းကျန်နေသည့် ပြစ်မှုဥပဒေ ပုဒ်မ ၂၂၈ နှင့် ဆက်လက် တရားစွဲဆိုခဲ့ပြီး ဗုဒ္ဓဟူးနေ့က အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
“သမ္မတက ပြောတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ရင်တော့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကျခံရမယ် ဆိုတဲ့အတိုင်း လုပ်တာပဲ။ ဒါပေမယ့် အခုဟာက ရာဇဝတ်မှုလည်း မဟုတ်သလို သူတို့စွဲထားတဲ့ ပြစ်မှုဆိုတာဟာလည်း တကယ်တမ်းတော့ ဥပဒေကြောင်းအရ တရားမျှတမှုမရှိဘူး။ အမှုဆင်ပြီး တမင်လုပ်တာလို့ပဲ ပြောချင်ပါတယ်” ဟု ရှေ့နေ ကိုညီညီထွေးက ပြောသည်။
ရှေ့နေ ကိုညီညီထွေးမှာ စောကျော်ကျော်မင်းနှင့် အမှုတွဲ တခုတည်းဖြစ်ပြီး အဆိုပါအမှုကြောင့် ထောင်ဒဏ် ၆ လ ကျခံခဲ့ရကာ ရှေ့နေလိုင်စင်လည်း သိမ်းခံထားရသူဖြစ်သည်။
ကိုသန့်ဇင်မျိုး အပါအဝင် ၁၁ ဦး၏ အမှုအတွက် ရှေ့နေအဖြစ် ဆောင်ရွက်နေစဉ် ၂၀၀၇ ခုနှစ်၌ စစ်ဆေးခံရသူများက တရားစီရင်မှုကို အယုံအကြည်မရှိကြောင်း ပြောဆို၍ တရားသူကြီးကို ကျောပေးထိုင်ခဲ့ရာ အမှုစစ်ဆေးခြင်းကို နှောင့်နှေးကြန့်ကြာအောင် ကြိုတင်ရည်ရွယ်ချက်ဖြင့် ပြုလုပ်သည်ဆိုသည့် စွဲချက်ဖြင့် ကိုစောကျော်ကျော်မင်းနှင့် ကိုညီညီထွေးကို တရားရုံးက တရားလိုပြု၍ တရားစွဲဆိုခဲ့သည်။ ထိုစဉ်က ကိုစောကျော်ကျော်မင်းသည် ပြည်ပသို့ တိမ်းရှောင်ခဲ့သည်။
“တကယ်ဆိုရင်ဗျာ၊ ကျနော်တို့ အမှုသည် သန့်စင်မျိုးနဲ့ ၁၁ ယောက်ဆိုရင်တောင် အစိုးရသစ် တက်လာပြီးနောက်ပိုင်း လွတ်ငြိမ်းချမ်းသာနဲ့ လွတ်ကုန်ပြီဗျာ။ အရင်အစိုးရ လက်ထက်တုန်းက မတရားစွဲထားတဲ့ အမှုနဲ့ ဒီလို ပြစ်ဒဏ်ချတယ်ဆိုတာ မဖြစ်သင့်ဘူး။ အစိုးရသစ်ဖြစ်တယ်သာ ပြောနေပေမယ့် တရားရေးကတော့ မပြောင်းလဲသေးပါဘူးဗျာ” ဟု ကိုညီညီထွေးက ပြောသည်။
ကိုစောကျော်ကျော်မင်းကို ယခုကဲ့သို့ တရားစီရင်မှု ပြုခြင်းသည် သမ္မတ၏ ပြည်ပရောက် နိုင်ငံသားများကို ဖိတ်ခေါ်မှုများ၊ အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးကြောင်း ပြောဆိုချက်များနှင့် ဖီလာဆန့်ကျင်နေကြောင်း သူက ဝေဖန်သည်။
သူက “သမ္မတကြီးက ပြန်လာပါ ပြောပေမယ့် သူတို့ရဲ့ လုံခြုံရေးအတွက် သော်လည်းကောင်း၊ သူတို့ရဲ့ ရပ်တည်ချက်အတွက် သော်လည်းကောင်း အတိုင်းအတာတခုအထိ စောင့်ရှောက်ပေးမယ် ဆိုတာမျိုး မရှိဘူးဆိုတာ ဒီဖြစ်ရပ်က ထင်ရှားတဲ့ သာဓကပဲ။ ဒီလိုလုပ်တာ ကိုယ့်နိုင်ငံကိုယ် ပြန်ချင်တဲ့သူတွေကို ဟန့်တားလိုက်သလိုပဲ” ဟု ပြောသည်။
ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြန်လာ၍ နိုင်ငံတိုးတက်ရေးအတွက် လုပ်ဆောင်ကြရန် သမ္မတ ဦးသိန်းစိန်က ၂၀၁၁ ခုနှစ် သြဂုတ်လအတွင်း ဖိတ်ခေါ်ခဲ့ပြီး သီးလေးသီးအငြိမ့်အဖွဲ့မှ ပထမဆုံး ပြည်တော်ပြန်ခဲ့သည်။
ထို့အတူ အမည်ပျက်စာရင်း သွင်းခံရသူ ၆ ထောင်ကျော်အနက်မှ ၂ ထောင်ကျော်ကို အမည်ပျက် စာရင်းမှ ဖျက်သိမ်းကြောင်းကိုလည်း မကြာသေးခင်က ကြေညာခဲ့သေးသည်။