လွှတ်တော်များ၌ ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်များသည် ပြည်ထောင်စုအဆင့် မဟုတ်ဟု ဆုံးဖြတ်ခဲ့သော အခြေခံ ဥပဒေ ဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့်အဖွဲ့ကို ပြည်သူ့လွှတ်တော် စုံစမ်းရေးကော်မရှင်က စစ်ဆေးမှုပြုလုပ်တော့မည် ဖြစ်သည်။
ယင်း စုံစမ်းရေးကော်မရှင် အဖွဲ့အား ပြည်သူ့လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ ဥက္ကဋ္ဌ အဖြစ် ဦးဆောင်ပါဝင်သည့် အဖွဲ့ဝင် ၁၅ ဦး ဖြင့် ယမန်နေ့က ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။
အခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥက္ကဋ္ဌ နှင့်အဖွဲ့သည် ပေးအပ်ထားသည့် တာဝန်ထမ်း ဆောင်နိုင်မှု မရှိခြင်း၊ ဥပဒေနှင့်အညီ မလုပ် ဆောင်ခြင်း စသည် တို့ကို စုံစမ်း စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
စုံစမ်း စစ်ဆေးမှုကို အမြန်ဆုံးဆောင်ရွက်မည် ဖြစ်ကြောင်း၊ စစ်ဆေး တွေ့ရှိချက်များကို လွှတ်တော်သို့ တင်ပြ၍ လွှတ်တော်မှ အတည်ပြု ပေးမည် ဖြစ်ပြီး နိုင်ငံတော် သမ္မတ ထံ ဆက်လက်တင်ပြရမည်ဟု စုံစမ်းရေးအဖွဲ့ဝင်တချို့က ဧရာဝတီ ကို ပြောပြ သည်။
“ခုံရုံး အဖွဲ့ရဲ့ လုပ်ဆောင်မှုတွေဟာ ဥပဒေနဲ့ ညီမညီ ဆိုတာပဲ စုံစမ်းရေးအဖွဲ့က စစ်ဆေးရမှာ ဖြစ်တယ်၊ စစ်ဆေးတွေ့ရှိချက်ကို
လွှတ်တော်က အတည်ပြုပြီး သမ္မတကို တင်ပြပြီးရင် ဒီကိစ္စက ပြီးစီးသွားပါပြီ”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စုံစမ်းရေး အဖွဲ့ဝင် ဦးဘရှိန် က ပြောသည်။
စုံစမ်းစစ်ဆေးချက်အရ ခုံရုံး၏ လုပ်ဆောင်မှုသည် ဥပဒေနှင့် မညီဟု လွှတ်တော်က အတည်ပြု၍ သမ္မတထံ တင်ပြပြီး ပါက သမ္မတ၏ အတည်ပြုချက်ဖြင့် ခုံရုံး ဥက္ကဋ္ဌနှင့်အဖွဲ့သည် နုတ်ထွက် ရမည်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရီ(ခ)ခင်မောင်ရီ ကလည်း ဧရာဝတီ ကိုပြောသည်။
“သမ္မတဆီကို တင်ပြပြီးတာနဲ့ လွှတ်တော်ရဲ့ အတည်ပြုချက် မှန်ကန်ကြောင်း သမ္မတ က အတည်ပြုပေးရမှာပါ၊ အဲဒါဆိုရင် ခုံရုံး အဖွဲ့က ဥပဒေ အရ နုတ်ထွက်ပြီးသား ဖြစ်သွားပြီပေါ့”ဟု ၎င်းက ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်တခု မှ စွပ်စွဲပြစ်တင်မှု ကိစ္စအတည်ပြုပြီးပါက တခြား လွှတ်တော် မှ စုံစမ်း စစ်ဆေးရမည် ဖြစ်သည်။ စုံစမ်းမှု ရလဒ်ကို ပြည်ထောင်စု လွှတ်တော်ထံ တင်ပြ၍ အတည်ပြုချက် ခံယူပြီးပါက ထိုအမှု ကိစ္စ သည် အတည် ဖြစ်ကြောင်း ဖွဲ့စည်းပုံက ဆိုထားသည်။
ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတ က ပယ်ဖျက်ပိုင်ခွင့် မရှိကြောင်း သိရ သည်။
“ပြည်ထောင်စု လွှတ်တော်ရဲ့ အတည်ပြုတဲ့ ကိစ္စကို တကယ်လို့ သမ္မတ က အတည်မပြုပေးဘူး၊ ပယ်ဖျက်မယ်ဆိုရင် သမ္မတ ကိုလည်းပဲ စွပ်စွဲပြစ်တင်နိုင်တယ် လို့ ဖွဲ့စည်းပုံ ဥပဒေမှာ ပြဌာန်းထားပြီးသားပါ”ဟု ဦးခိုင်မောင်ရီ က ပြောသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်ဖေ တင်သွင်းသည့်“ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ သည် ဖွဲစည်းပုံအခြေခံဥပဒေ ပြဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန် စွာ မထမ်းဆောင်ခြင်းတို့အရ စွပ်စွဲ ပြစ်တင်ကြောင်း” အဆို ကို ကိုယ်စားလှယ် ၁၆၃ ဦး၏ ထောက်ခံမှုဖြင့် အတည်ပြုနိုင်ခဲ့ ခြင်း ဖြစ်သည်။
ထို့အတူ အခြေခံဥပဒေ ဆိုင်ရာခုံရုံး အဖွဲ့သည် မှားယွင်းစွာ ဆောင်ရွက်မိကြောင်း ကြေညာချက် ထုတ်ပြန်ပေးရန် အဆိုတခု အား ပျော်ဘွယ်မဲ ဆန္ဒနယ်မှ ဦးမြင့်စိုး က သြဂုတ်လ ၂၇ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်၌ တင်သွင်း ဆွေးနွေး ကြရာ ကိုယ်စားလှယ် ၆၂၉ ဦးအနက် ၄၄၇ ဦး က ထောက်ခံ၍ အတည်ပြုပေးခဲ့ကြောင်း သိရသည်။
ခုံရုံး ဥက္ကဋ္ဌ ဦးသိန်းစိုးကမူ လွှတ်တော်၏လုပ်ဆောင်ချက်သည် တရားစီရင်ရေး အပေါ် လွှမ်းမိုးရာ ရောက်သကဲ့သို့ နိုင်ငံတကာ စံနှှုန်းနှင့်ကိုက်ညီမှု မရှိကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်လည်း ကိုက်ညီမှုမရှိ၍ အတည်မပြုသင့်ကြောင်း တုံ့ပြန် ဆွေးနွေး ခဲ့သေးသည်။
“လွှတ်တော်၏ လုပ်ဆောင်မှုသည် ဖွဲ့စည်းပုံ ဥပဒေအား တန်ဖိုးမဲ့အောင် လုပ်ဆောင်သည်”ဟု ပြင်းထန်စွာ ကန့်ကွက်ပြောဆို ခဲ့သည်။
လွှတ်တော်သည် ဖွဲ့စည်းပုံ ဥပဒေကို ချိုးဖောက်သည်ဟု ဆိုကာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ စာချွန်လွှာ လျှောက်ထားကြောင်းလည်း သိရသည်။
ခုံရုံး အငြင်းပွားမှုကိစ္စသည် နှစ်ဦး နှစ်ဘက်စလုံး အဆင်ပြေစေရန် အတွက်ဟု ဆိုကာ ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်ရန် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ထံ သမ္မတ က သဝဏ်လွှာပေးပို့၍ တိုက်တွန်းခဲ့သော်လည်း လွှတ်တော်မှ လက်မခံ၍ စွပ်စွဲပြစ်တင်မှု အဆင့် သို့ ရောက်ရှိခဲ့သည်။
ပြည်သူ့လွှတ်တော် ကုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ပါဝင်ဆွေးနွေးခဲ့ရာတွင် နှစ်ဦး နှစ်ဘက်စလုံး၏ ဂုဏ်သိက္ခာ ထိခိုက်မှု မရှိရန် အပြန်အလှန် လေးစားမှုဖြင့် ဆွေးနွေးညှိနှှိုင်းခြင်းဖြင့် အဖြေရှာသင့်ကြောင်း၊ ပြည်သူ့ ဆန္ဒကို အလေး ထား သင့်ကြောင်း ဆွေးနွေးခဲ့သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် ကလည်း ယခုအချိန်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရမည့် အချိန် ဖြစ် ကြောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံဆိုင်ရာ အခြေခံဥပဒေ ခုံရုံး အဖွဲ့ကိုလည်း ပြည်သူများ ရွေးချယ် တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များဖြင့် ပြင်ဆင် ဖွဲ့စည်းသင့်ကြောင်း ပြောဆိုသည်။
အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ ၉ ဦးသည် ဖွဲ့စည်းပုံ ဥပဒေအရ အမျိုးသား လွှတ်တော် ဥက္ကဌ က ရွေးချယ်သူ ၃ ဦး၊ ပြည်သူ့လွှတ် တော် ဥက္ကဌ က ရွေးချယ်သူ ၃ ဦးနှင့် နိုင်ငံတော် သမ္မတ က ရွေးချယ်သူ ၃ ဦးတို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
“ပြည်သူ့ ကိုယ်စားလှယ်တွေပါဝင်တဲ့ ခုံရုံးအဖွဲ့ အသစ်ဖွဲ့စည်းနိုင်မယ်ဆိုရင် လာမယ့်ကာလအတွက် အကောင်းဆုံးဆောင်ရွက် နိုင်မှာပါ၊ လက်ရှိ ခုံရုံးအဖွဲ့ထဲမှာ ပညာရှင်တွေပါပေမယ့် သူတို့မှာ နီးရာဓား ကြောက်ရတာတွေ ရှိကောင်းရှိမှာပါ”ဟု ဦးခိုင်မောင်ရီ က ဆိုသည်။
လက်ရှိခုံရုံးအဖွဲ့ ၏ ဥက္ကဋ္ဌသည် ယခင် စစ်ဥပဒေချုပ် နှင့် ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိုးဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲ အတွက် ဖွဲ့စည်းသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ၏ ပထမဆုံး ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။
လက်ရှိခုံရုံးအဖွဲ့တွင် ဥက္ကဌ ဦးသိန်းစိုး အပါအဝင် ဒေါက်တာ တင်အောင်အေး၊ ဒေါ်ခင်လှမြင့်၊ ဦးထွန်းကြည်၊ ဦးစိုးသိန်း၊ ဦးခင်ထွန်း၊ ဦးဆန်းမြင့်၊ ဦးမြင့်ကြိုင်၊ ဒေါ်မိမိရီ စသည့် ပုဂ္ဂိုလ်များဖြင့် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ လတွင် ဖွဲ့စည်းခဲ့ပြီး သက်တမ်း အား ဖြင့် ပြည်ထောင်စု လွှတ်တော် အတိုင်း ၅ နှစ် တာဝန် ထမ်းဆောင်ရမည် ဖြစ်သည်။
ခုံရုံး အငြင်းပွားမှု ပြဿနာသည် လွှတ်တော် အသီးသီး၌ ဖွဲ့စည်းထားသော လွှတ်တော်ဆိုင်ရာ ရေးရာ ကော်မတီ၊ ကော်မရှင် စသည့် အဖွဲ့များသည် ပြည်ထောင်စု အဆင့် မဟုတ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့က ဆုံးဖြတ်ခဲ့ပြီး နောက် အပြန်အလှန်အငြင်းပွားမှု ကြီးထွားလာခဲ့ခြင်း ဖြစ်သည်။ လွှတ်တော်တခုလျှင် ကော်မတီ၊ ကော်မရှင် ၃၀ ဝန်းကျင်စီ ရှိကြောင်း သိရသည်။