ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ချက်ချင်း ရပ်တန့်ပေးရန် ကချင် အဖွဲ့ ၁၁ ဖွဲ့ ပူးပေါင်း၍ စစ်အစိုးရကို ယမန်နေ့က တောင်းဆို လိုက်သည်။
ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီး အစည်းအရုံး(KWAT)၊ ကချင်ဖွံ့ဖြိုးရေး ကွန်ရက်(KDNG)၊ ကချင် ပြည်လုံးဆိုင်ရာ ကျောင်း သား သမဂ္ဂ(AKSYU)၊ ကချင် အမျိုးသား အဖွဲ့(Kachin National Organization-KNO) အပါအဝင် ၁၁ ဖွဲ့ က ပူးပေါင်း ထုတ်ပြန် ထားခြင်း ဖြစ်သည်။
စစ်ပွဲများကို ရပ်တန့်ပြီး အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဖော်ဆောင်မည့် စစ်မှန်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေး ပွဲများ စတင်နိုင်ရန် အတွက် ရည်ရွယ်ပြီး တောင်းဆိုခြင်း ဖြစ်ကြောင်း KWAT အဖွဲ့မှ မွန်နေလီက ဧရာဝတီသို့ ပြောသည်။
“သမ္မတ ဦးသိန်းစိန် အနေနဲ့ တစုံတရာအရေးယူပေးဖို့အတွက် လိုအပ်နေပြီ၊ တကယ်ပဲ တရားမျှတတဲ့ နည်းလမ်းတွေ၊ တကယ် ဖြစ် ပျက်နေတဲ့ ကိစ္စတွေကို လုပ်ပေးဖို့ တောင်းဆိုတာပါ”ဟု ၎င်းက ဆိုသည်။
အစိုးရတပ်အနေဖြင့် ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA)အား တိုက်ခိုက်နေမှုများ ရပ်တန့်ရန် ကာကွယ်ရေး ဝန်ကြီး ဌာနကို သမ္မတ ဦးသိန်းစိန်က ယခုနှစ်ဆန်းပိုင်းတွင် ညွှန်ကြားခဲ့သော်လည်း အစိုးရတပ်က ရပ်တန့်ခြင်းမရှိဘဲ ထိုးစစ်ဆင် တိုက်ခိုက်နေဆဲ ဖြစ်ဟုလည်း ဆိုသည်။
“ထိုးစစ်တွေက မရပ်ဘူး၊ ပိုပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ဖြစ်နေတယ်၊ မြို့ထဲမှာရှိတဲ့ ဒုက္ခသည် စခန်းတွေမှာ လူထုတွေတောင်မှ မသင်္ကာမှုနဲ့ မတရား ဖမ်းဆီးနှိပ်စက်တာတို့ ခံနေရတယ် ဆိုတဲ့ အခါကျတော့ ဒီကစ္စတွေကို ရပ်တန့်ပေးဖို့ လို တယ်”ဟု မမွန်နေလီက ဆက်ပြောသည်။
ကချင်ပြည်နယ်အတွင်း ဒေသခံများကို ရွှေ့ပြောင်းခိုင်းမှုများ၊ အဓမ္မလုပ်အား ခိုင်းစေမှုများ၊ အမျိုးသမီးများကို အဓမ္မပြုကျင့်မှုများ အပါ အဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာကလည်း စိုးရိမ်မှုရှိကြောင်း ထုတ်ပြန် ပြောဆိုထားသည်။
မကြာသေးခင်က ကချင်ပြည်နယ်သို့ သွားရောက် လေ့လာခဲ့သည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကလည်း မြန်မာ အစိုးရ စစ်တပ်နှင့် KIA ၂ ဘက်စလုံး လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ကြသည်ကို တွေ့ရှိရသဖြင့် ရပ်တန့်ရန် တိုက်တွန်းထားသည်။
လတ်တလောတွင်လည်း ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း အစိုးရတပ်နှင့် KIA တပ်ဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ဒေ သခံ ၆၀၀၀ ကျော်သည် အိုးအိမ်များကို စွန့်ခွာ၍ မြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်လာကြသည်။
ဖားကန့်မြို့နှင့် ၃ မိုင်ခန့် အကွာ တိုက်ပွဲဖြစ်ပွားရာ ဒေသရှိ ဖလခ၊ စိုင်းတောင်၊ မှော်မောင်းကုန်း၊ မှော်ဝန်းကြီး၊ မှော်ဝန်းလေး၊ ရှရော်ခ၊ စိုင်းဂျာဘုံ၊ လမောင်းကုန်း၊ မြောက်ဖြူနှင့် သန်းကြွယ် အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံများ ဖြစ်ကြောင်း သိရ သည်။
အဆိုပါ ဒုက္ခသည်များသည် ဖားကန့်မြို့ပေါ်ရှိ ခရစ်ယာန် ဘုရားကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့် လူမှုကယ်ဆယ်ရေးစခန်း ၂၃ ခုတွင် ခိုလှုံနေသကဲ့သို့ ဆွေမျိုးများထံ သွားရောက် ခိုလှုံနေသူများလည်း ရှိသည်။
ယမန်နေ့က ထုတ်ပြန်ထားသည့် အဖွဲ့ ၁၁ ဖွဲ့၏ ထုတ်ပြန်ချက်တွင် သမ္မတဦးသိန်းစိန်၏ ထိုးစစ်ဆင်မှု ရပ်တန့်ရန် ညွန်ကြားချက် ကို မလိုက်နာသော ရှေ့တန်းရှိ စစ်တပ်များကို ထိရောက်စွာ အရေးယူပေးရန်လည်း ဖော်ပြထားသည်။
ထို့အပြင် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသများရှိ ရှေ့တန်း စစ်မျက်နှာတွင် ရောက်ရှိနေသည့် အစိုးရစစ်တပ်မှ တပ်ရင်းပေါင်း ၈၀ ကျော်ကိုလည်း မိမိတို့ မူလအခြေစိုက်ရာ မိခင်တပ်ရင်းများသို့ ပြန်လည် ဆုတ်ခွာပေးရန် ယင်း ထုတ်ပြန်ချက် တွင်ပါရှိသည်။
ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများနှင့် ပတ်သက်၍ အစိုးရအနေနှင့် တိုက်ခိုက်မှုများ မပြုလုပ်ရန် အမိန့်ထုတ်ပြန် သကဲ့သို့ KIA ဘက်ကလည်း ထုတ်ပြန်ရန် လိုအပ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောဆိုထားသည်။
ကချင် အဖွဲ့ ၁၁ ဖွဲ့၏ ထုတ်ပြန်ချက်ကို သမ္မတ ဦးသိန်စိန် အစိုးရအဖွဲ့၊ ကုလသမဂ္ဂ နှင့် နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားနေ သည့် အဖွဲ့အစည်းများ အပါအဝင် တရုတ် အစိုးရထံသို့လည်း ပေးပို့ထားကြောင်း သိရသည်။
KIA နှင့် အစိုးရတပ်များအကြား ၂၀၁၁ ခုနှစ် ဇွန်လပိုင်းမှ စတင်ကာ ကချင်ပြည်နယ် အတွင်း တိုက်ပွဲများ တနှစ်ကျော်ကြာ ဖြစ်ပွား လျက်ရှိရာ ဒေသခံ ၉၀၀၀၀ ကျော် အိုးအိမ် တောင်ယာများကို စွန့်ခွာ၍ တရုတ်-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြ ရကြောင်းလည်း ယခု ကချင် ၁၁ ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။