စစ်အစိုးရလက်ထက်က အမည်ပျက်စာရင်း သွင်းထားသည့် လူဦးရေ ၆ ထောင်ကျော်အနက် စာရင်းမှ ပယ်ဖျက်ပေးလိုက်သည့် နိုင်ငံခြားသားနှင့် မြန်မာနိုင်ငံသား ၂ ထောင်ကျော်စာရင်းကို သမ္မတရုံး၏ ဝက်ဘ်ဆိုဒ်မှ ယနေ့ထုတ်ပြန်လိုက်သည်။
နာမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးလိုက်သော နိုင်ငံခြားသား ၁၁၄၇ ဦးစာရင်းတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း မယ်ဒလင်း အောဘရိုက်၊ အထက်လွှတ်တော်အမတ် တွန်လင်းတော့စ်၊ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) မှ ဒေးဗစ် စကောက် မက်သီဆင်၊ ဂျာနယ်လစ်များဖြစ်သည့် ဘာတေးလစ်တနာ၊ ဒင်းနစ် ဒီဂရေး၊ ဂျွန်ပေဂျာ၊ အင်ဒရူးမာရှယ် စသည့် နိုင်ငံရေး၊ မီဒီယာ၊ စီးပွားရေး အသီးသီးမှ ထင်ရှားသူများစွာ ပါဝင်သည်။
၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းနှင့် ပတ်သက်၍ လျှို့ဝှက် သတင်းပို့ခဲ့သူလည်းဖြစ်၊ မြန်မာ အာဏာရှင် စနစ်ကို ဝေဖန်ရေးသားလေ့ရှိပြီး မြန်မာနိုင်ငံကို အကြိမ်များစွာ သွားရောက်ခဲ့ဖူးသူ Reuters သတင်းထောက် အင်ဒရှုးမာရှယ်က ထောင်နှင့်ချီသောသူများကို ရန်သူများကဲ့သို့ အမည်ပျက်စာရင်းသွင်းထားသည့် အကြောင်းရင်းကို ပို၍ စိတ်ဝင်စားကြောင်း ဧရာဝတီသို့ ပြောသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သား ၂ ဦးဖြစ်သော Alexander Aris (ကိုမြင့်ဆန်းအောင်) နှင့် Kim Aris (ကိုထိန်လင်း)၊ စင်ပြိုင်အစိုးရ ဝန်ကြီး ဒေါက်တာ စိန်ဝင်းအဖွဲ့ အပါအဝင် နိုင်ငံအသီးသီးမှ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများ၊ ပညာရှင်များ၊ စီးပွားရေးသမားများ၊ သတင်း မီဒီယာသမားများလည်း အမည်ပျက်စာရင်းမှ ပယ်ဖျက်လိုက်သည့် နိုင်ငံခြားသားများ စာရင်းတွင် ပါဝင်သည်။
နိုင်ငံခြားသား ခံယူထားသည့် မြန်မာများ စာရင်းတွင် ကိုမိုးသီးဇွန်၊ ဒေါက်တာ ဆလိုင်းထွန်းသန်း၊ ဒေါ်မော်ရင်း အောင်သွင်၊ ဒေါက်တာ အောင်ခင်၊ ဦးအောင်ဒင် (USCB)၊ ဦးတင်မောင်ထူး (ကနေဒါ)၊ ဒေါက်တာ Alice ခေါ် ဒေါ်ခင် စောဝင်း (ကနေဒါ)၊ ဦးတင်မောင်သော် (CRDP)၊ ဒေါက်တာ ကြည်မေကောင်း၊ ဒေါ်အေးအေးသန့်၊ VOA မြန်မာဌာနမှူး ဦးသန်းလွင်ထွန်း၊ ဒေါက်တာ အေးကျော်၊ ဦးဘိုဘိုကျော်ငြိမ်း၊ အယ်ဒီ အောင်မြင့် ခေါ် ဗိုလ်အောင်ဒင်၊ ဦးချမ်းအေး (USA) စသူတို့လည်း ပါဝင်သည်။
၂၀၀၉ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံ လေဆိပ်၌ အဖမ်းခံရသူ ကိုညီညီအောင်နှင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံရစဉ်ကာလက နေအိမ်ကို ရေကူးဝင်ရောက်ခဲ့သူ အမေရိကန် နိုင်ငံသား ဂျွန်ဝီလီယံ ယက်ထောတို့ကိုလည်း နာမည်ပျက်စာရင်းမှ ပယ်ဖျက်သည့်အထဲတွင် ဖော်ပြထားသည်။
သမ္မတရုံးက ယနေ့ သြဂုတ်လ ၃၀ ရက်နေ့စွဲဖြင့် အမည်ပျက်စာရင်းမှ ပယ်ဖျက်လိုက်သည့် မြန်မာနိုင်ငံသား ၉၃၅ ဦး အမည်စာရင်းကိုလည်း ဆက်လက်ဖော်ပြထားသည်။
ပြည်ပရောက် မြန်မာ့အရေး လှုပ်ရှားသည့် MPU, FTUB, AAPP, NDD, DPNS, BSLO, မြန်မာနိုင်ငံ ရှေ့နေများကောင်စီ၊ ညီညွတ်သော တိုင်းရင်းသားလူငယ်များ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်း၊ မြန်မာအမျိုးသမီးများ သမဂ္ဂ၊ ကရင်အမျိုးသမီး အစည်းအရုံး အစရှိသည့်အဖွဲ့များ၊ လူ့အခွင့် အရေး၊ ဒီမိုကရေစီအရေးလှုပ်ရှားနေသူများကို နာမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးထားသည်။
ပယ်ဖျက်ပေးသည့် စာရင်းထဲတွင် ပါဝင်သူ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင့် (AAPP) တွဲဖက်အထွေထွေ အတွင်းရေးမှူး ကိုဘိုကြည်က ယေဘုယျအားဖြင့် ယခုလုပ်ရပ်သည် ကောင်းမွန်ကြောင်း၊ နောက်ဆက်တွဲ နှောင်ဖွဲ့မှု မရှိလျှင် ကြိုဆိုကြောင်း ဧရာဝတီကို ပြောသည်။
“သံရုံးမှာ ဗီဇာလျှောက်မှ ဟိုလက်မှတ်ထိုး၊ ဒီလက်မှတ်ထိုးဆိုရင်တော့ မကောင်းဘူး။ အဲဒါမျိုး မလုပ်ဘူးလို့ မျှော်လင့်ပါတယ်။ တကယ်လို့ သံရုံးမှာ ဝန်ခံ ကတိလက်မှတ် ထိုးရမယ်ဆိုရင်တော့ ကျနော် ခဏ လေ့လာရေးခရီးအဖြစ် ပြန်ဖို့တောင် ခက်ပါလိမ့်မယ်” ဟု ကိုဘိုကြည်က ဆိုသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဥက္ကဋ္ဌဟောင်း တဦးဖြစ်သူ ကိုမိုးသီးဇွန်က “ကျနော်တို့ကိုတောင် အစိုးရက နားလည်မှုပေးနိုင်ရင် တခြားလူတွေ အကုန်လုံးကို ပေးသင့်တယ်။ အဲဒီလို ပေးလိုက်တဲ့အတွက် အစိုးရအနေနဲ့ ပိုပြီး နာမည်ကောင်းရဖို့ ရှိတယ်။ နိုင်ငံတော်အတွက် ပိုအကျိုးရှိဖို့ပဲ ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကိုမိုးသီးဇွန်နှင့် ABSDF ပထမဆုံး ဥက္ကဋ္ဌဖြစ်သူ ကိုထွန်းအောင်ကျော်၊ ကိုကိုလေး၊ ကိုမူးသာ၊ ကိုအောင်၊ ကိုရွှေစင်၊ ကိုရင်အေး စုစုပေါင်း ၇ ဦးပါအဖွဲ့သည် စက်တင်ဘာလ ၁ ရက်နေ့တွင် နှစ်ပေါင်း ၂၄ နှစ်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
၎င်းတို့အနေဖြင့် အမေရိကန်ရှိ မြန်မာသံရုံးတွင် မည်သည့် ဝန်ခံကတိ၊ စာရွက်စာတမ်းကိုမှျှ လက်မှတ်ရေးထိုးခဲ့ရခြင်း မရှိကြောင်း ကိုမိုးသီးဇွန်က ပြောသည်။
အလုပ်သမားရေး လှုပ်ရှားသူ FTUB မှ ဦးမောင်မောင်၊ ABSDF ဥက္ကဌဟောင်း ဒေါက်တာ နိုင်အောင်တို့လည်း မနက်ဖြန်တွင် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။
ယနေ့ ထုတ်ပြန်သည့် စာရင်းဖော်ပြချက်များတွင် အမည်များ ထပ်နေခြင်း၊ သတင်းစာဆရာ ကြေးမုံ ဦးသောင်း ခေါ် အောင်ဗလ ကဲ့သို့သော ကွယ်လွန်ပြီးသူများ ပါဝင်နေသည်။
ပယ်ဖျက်ပေးသည့် အမည်ပျက် စာရင်းထဲတွင် ပြည်တွင်း၌ နေထိုင်သူများလည်း အများအပြားပါဝင်ပြီး နှုတ်ထွက်သော အစိုးရဝန်ထမ်းများ၊ လျော်ကြေးပေး၍ ဝန်ထမ်းအဖြစ်မှ နှုတ်ထွက်သည့် ကျောင်းဆရာမများ၊ ဆရာဝန်များ စသူတို့လည်း ပါဝင်ကြောင်း သိရသည်။