စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်း ကြေးနီ စီမံကိန်းအတွက် အသိမ်းခံထားရသည့်မြေများ ပြန်ရရှိရေး အတွက် မူရင်းယာပိုင်ရှင် တောင်သူများက “ယာသိမ်းတိုက်ပွဲ” ဆင်နွှဲနေကြောင်း သတင်းရရှိသည်။
၂၀၁၀ ခုနှစ်က ဒေသခံတို့၏ မြေများပေါ်တွင် ဓာတ်သတ္ထုရှာဖွေခြင်းကြောင့် စိုက်ခင်းပျက်စီးမှုများအတွက် သီးနှံလျော်ကြေး အဖြစ် ပြော၍ ပေးချေထားသည့် အခကျေးငွေကို ယခုနှစ်ထဲ၌ မြေလျော်ကြေး အဖြစ် ပြောင်းလဲပြောဆိုလိုက်ပြီးနောက် ဒေသခံများက ၎င်းတို့ မြေများကို ကာကွယ်ရန် လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်းသိရသည်။
“အသိမ်းခံထားရတဲ့ ကျနော်တို့ ယာတွေထဲမှာ ကျနော်တို့ က တဲတွေသွားပြန်ဆောက်ထားတယ်၊ တချို့တဲတွေကိုလည်း လုံထိန်း တွေက ပြန်ဖျက်တယ်၊ ကျနော်တို့ကတော့ ယာမြေတွေ ပြန်လည်ရရှိသည်အထိ ကျနော်တို့က တိုက်ပွဲဝင်သွားမှာ”ဟု ဝက်မှေးရွာသား ဦးအောင်ဇော်ဦး က ဧရာဝတီသို့ ပြောသည်။
ကြေးနီစီမံကိန်းကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် တရုတ် ဝမ်ပေါင် ကုမ္ပဏီတို့က ၂၀၁၁ ခုနှစ်ထဲမှ စ၍ အကျိုးတူ ပူးပေါင်း လုပ်ဆောင်နေခြင်း ဖြစ်ပြီး စီမံကိန်းအတွင်း ကျရောက်နေသော ကျေးရွာ ၂၆ ရွာ၏ မြေဧက ၇၈၀၀ ကျော်တို့ကို သိမ်းယူ လုပ်ကိုင် နေခြင်းဖြစ်သည်။
ယင်းသို့ သိမ်းယူ၍ စီမံကိန်းစတင်လုပ်ဆောင်ရာ ကာလတွင် တစ်ဧကလျင် ကျပ် ၅ သိန်း ၂ သောင်းနှုန်းဖြင့် သီးနှံလျော်ကြေး အဖြစ် ထိုအခါက ရွာခံများကို မုံရွာခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်း က ပြောဆိုခဲ့ပြီး ယခုနှစ်တွင် ဦးခင်မောင်ဆန်း အပါ အဝင် စစ်ကိုင်းတိုင်း ဝန်ကြီး ဦးသာအေးတို့က မြေလျော်ကြေးအဖြစ် ပေးချေခဲ့ခြင်းဖြစ်ကြောင်း ပြောင်းလဲပြောဆိုလာ သဖြင့် မြေများ ပြန်ရရန် တိုက်ပွဲဝင်ကြခြင်းဖြစ်သည်ဟုဆိုသည်။
“ကျနော်တို့ယူခဲ့စဉ်တုန်းကလည်း ၃ နှစ်စာ သီးနှံလျော်ကြေးဆိုပြီး ယူခဲ့တာ၊ မြေယာလျော်ကြေးအဖြစ် ယူခဲ့တာမဟုတ်ဘူး၊ နောက်မှ ဝန်ကြီးချုပ် ဦးသာအေးကိုယ်တိုင်က မြေယာလျော်ကြေးလို့ပြောပြီးတော့ လျော်ကြေးကို နှစ်ခါပေးရိုးထုံးစံမရှိဘူးလို့ ပြောတယ်။ ကျနော်တို့ကလည်း မြေယာလျော်ကြေးပေးမယ်ဆိုရင်လည်း လက်မခံနိုင်ပါဘူး၊ ရေရှည်လုပ်ကိုင်ပြီး ဘဝရပ်တည်လို့ ရမယ့် ကျနော်တို့မြေတွေကိုပဲလိုချင်တယ်” ဟု မြေသိမ်းခံ တောင်သူ တစ်ဦးက ပြောသည်။
ယခုလ ၂၄ ရက်နေ့မှ စတင်ခဲ့သော “ယာသိမ်းတိုက်ပွဲ” ယမန်နေ့ညနေပိုင်းကလည်း ဆက်လက် ဆင်နွှဲခဲ့ပြီး ဝက်မှေး၊ ဇီးတော၊ ဆည်တဲနှင့် ကန်တော အပါအဝင် ယာသိမ်းခံထားရသော ကျေးရွာများမှ တောင်သူ ၅၀၀ ကျော်က ၎င်းတို့ပိုင်ဆိုင်ခဲ့သော ယာမြေများသို့ သွား၍ ယာတဲများထိုးကာ သက်သေထူ တိုက်ပွဲဝင်ခဲ့သည်ဟု ဆိုသည်။
ယင်းသို့လုပ်ဆောင်ရာတွင် လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသော လုံထိန်းတပ်ဖွဲ့ အင်အား ၃၀၀ ခန့် ကလည်း စောင့်ကြည့် နေခဲ့ပြီး နှောင့်ယှက်မှု တစ်စုံတစ်ရာ လုပ်ဆောင်ခြင်းမရှိဟု တောင်သူများက ပြောသည်။
ယခုလ ၂၂ ရက်နေ့က စစ်ကိုင်းတိုင်း လွှတ်တော် ဒု ဥက္ကဌနှင့် ဦးပိုင်လီမိတက်မှ ဦးဝင်းကြည်တို့က စာနယ်ဇင်း များအား ခေါ်ယူ၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် သိမ်းမြေများနှင့် ပတ်သက်၍ ရွှေ့ပြောင်းရမည့် တောင်သူများ အတွက် မြေယာ သီးနှံလျော်ကြေး၊ နှစ်ရှည်သီးနှံ လျော်ကြေးများ အတွက် ကျပ် သန်းပေါင်း ၉၀၀၀ ကျော် ပေးလျော်ခဲ့ပြီးဖြစ်ကြောင်းပြောသည်။
တောင်သူများကမူ ထိုသတင်းစာရှင်းလင်းပွဲသည် ၎င်းတို့၏ နစ်နာမှုများကို လျစ်လျူရှု၍ အဓမ္မသိမ်းယူထားသည့် မြေများကို အများအမြင်တွင် တရားဝင်စေရန် တစ်ဖက်သတ်လုပ်ဆောင်သွားခြင်းဖြစ်ကြောင်း အစိုးရအပါအဝင် စီမံကိန်းကုမ္ပဏီများက ၎င်းတို့အား တရားဝင် တွေ့ဆုံဖြေရှင်းခြင်းမရှိကြောင်း ပြောဆိုကြသည်။
ယမန်နေ့မွန်းလွဲပိုင်းက ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင် ဦးထွန်းမြင့်အောင်နှင့် ဦးမျိုးသန့်တို့က ဦးပိုင် ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများ၊ စီမံကိန်းတာဝန်ခံ ဦးမြင့်အောင်၊ တိုင်းလွှတ်တော် ဒုဥက္ကဌ ဦးသောင်းစိန်၊ တိုင်းသတ္ထုတွင်း ဝန်ကြီးဌာန တာဝန်ရှိသူ ဦးသန်းထိုက်၊ တိုင်းမြေစာရင်းဌာန ဦးစီးမှူး၊ တိုင်းအဆင့် ဥပဒေ အရာရှိချုပ်တို့နှင့် တွေ့ဆုံဖြစ်ကြောင်း ဦးမျိုးသန့် က ပြောသည်။
“ကျနော်တို့က ပထမအကြိမ် ပွင့်လင်းလူ့အဖွဲ့အစည်း အစီအစဉ်နဲ့ လာတုန်းက သူတို့ဘက်ကနေပြီး တောင်သူတွေ စကား တစ်ဘက်ထဲကိုပဲ နားမထောင်ပါနဲ့ ကျနော်တို့ ဘက်ကပြောတာကိုလည်း နားထောင်ပါဦးဆိုပြီး ကမ်းလှမ်းထားတာရှိလို့ သွားနာထောင်တာပဲဖြစ်တယ်၊ ညှိနှိုင်းဆွေးနွေးတာမဟုတ်ပါဘူး” ဟု ဦးမျိုးသန့်က ဧရာဝတီသို့ ပြောသည်။
သို့သော်လည်း ဒသခံများနစ်နာနေသည့်ကိစ္စရပ်များကို ကုစားပေးဖို့ အစိုးရတွင်တာဝန်ရှိကြောင်း၊ တိုင်းဒေသကြီးက လုပ်ကိုင် ဖြေရှင်း မပေးနိုင်ပါက ပြည်ထောင်စုအစိုးရတွင်တာဝန်ရှိကြောင်း အသိပေးပြောဆိုခဲ့သည်ဟု သူကဆက်ပြောသည်။
“ကျနော်တို့ အမြင်အရတော့ ကျိန်းသေတာကတော့ ဒေသခံတွေ ဒီအတိုင်းသွားရင် အများကြီး နစ်နာပါတယ်၊ ခုတော့ နှစ်ဖက်နားတွေ စုံသွားပြီး သူတို့ပြောတဲ့ အနေအထားအရ တစ်ဧကကို ၅ သိန်းနှုန်းလောက်ပေးထားတာက ဒါလုံလောက်တဲ့ လျော်ကြေးမဟုတ်ဘူး၊ နစ်နာကြေးကို နစ်နာကြေးဆိုတဲ့ အသုံးအနှုန်းမဟုတ်ဘဲနဲ့ ကရုနာကြေးဆိုပြီး သူတို့ကို တစ်သက်လုံး ကျေးဇူးတင်နေရမယ့် စကားလုံးတွေ သုံးတာကိုလည်း ကျနော်တို့ သဘောမတူပါဘူး”ဟု ဦးမျိုးသန့်ကပြောသည်။
သူကဆက်ပြီး “ဘယ်လောက်ပေးပေး သိန်းထောင်နဲ့ချီပြီးပေးပေး ငွေဆိုတာ ကုန်သွားမှာ ဖြစ်တဲ့အတွက် ဘဝအာမခံချက်ရှိတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေမှ မရဘူးဆိုလို့ရှိရင် ဒီမြေတွေကနေ မစွန့်ခွာတာ တောင်သူတွေအတွက် တရားမျှတမှု ရှိတယ်လို့ ကျနော်ကတော့ မြင်ပါတယ်” ဟုပြောသည်။

၈၈ မျိုးဆက်ကျောင်းသားများအနေနှင့် “ယာသိမ်းတိုက်ပွဲ”ဆင်နွှဲနေသော တောင်သူများနှင့်လည်း ကွင်းဆင်းတွေ့ဆုံဖြစ်ခဲ့ ကြောင်း၊ လယ်မြေများအသိမ်းခံရသည့် တောင်သူများမှာ ဆင်းရဲဒုက္ခကြုံတွေ့နေရကြောင်း၊ အနာဂတ်ပျောက်နေသည့် တောင်သူများအတွက် စိုးရိမ်ဖွယ်တွေ့မြင်ခဲ့ရကြောင်း ဦးထွန်းမြင့်အောင်က ဧရာဝတီသို့ ပြောသည်။
“ဒီစီမံကိန်းက ဒီဒေသ ဖွံ့ဖြိုးရေး အတွက် ဘယ်လောက်သုံးမှာလည်း ဆိုတာကိုလည်း သူတို့ဘာမှမသိရဘူး၊ အဲတော့ ယုံကြည်မှု တွေက မရှိဘူးဗျာ၊ သူတို့ဘဝ အနာဂတ်အတွက် ဘာမှ မသေချာတော့တဲ့ အခါမှာ ရွာသူရွာသားတွေက ဖြစ်ချင်ရာဖြစ်၊ သတ်ချင် လည်းသတ်၊ သူတို့မြေကိုတော့ ခုခံကာကွယ်မယ်ဆိုတဲ့အနေ အထားမျိုးတွေထိ ဖြစ်လာတယ်”ဟု ဦးထွန်းမြင့်အောင်က ပြောသည်။
ကြေးနီတူးဖော်မှုကြောင့်၊ ဒေသတွင်း၊ မြေယာများနှင့် လက်ပံတောင်းတောင်တန်းကြီးလည်း ပျောက်လုနီးဖြစ်နေပြီဖြစ်ကြောင်း၊ ယင်းသို့ကြောင့် သဘာဝ အမွေအနှစ်များနှင့် သဘာဝ ပတ်ဝန်ကျင် ပျက်စီးနေမှုများ ထိန်းသိမ်းနိုင်ရန်အတွက်၊ အစိုးရအဖွဲ့များ အရပ်ဘက်အဖွဲ့အစည်းများထံ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်းပြောသည်။
ထို့အတူ ဒေသခံ တောင်သူလယ်သမားများ တိုးတက်ရေး၊ ထိခိုက်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် ပြည်သူလူထု အာမ ခံချက် ရှိနိုင်မည့် မြေယာဥပဒေ ပေါ်ပေါက်လာရေးအတွက် လွှတ်တော်တွင်း၌ ရောက်ရှိရန် ဆောင်ရွက်သွားမည် ဖြစ်သကဲ့သို့ လွှတ်တော်ပြင်ပ အရပ်ဘက်အဖွဲ့အစည်း အသီးသီးနှင့်လည်း လှုပ်ရှားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးထွန်းမြင့်အောင်က ပြောသည်။