မြန်မာပြည်ဘက်သို့ လက်နက်တင်ပို့ ရောင်းဝယ်ရေး လုပ်ကိုင်နေသူဟု ယူဆရသော ထိုင်းနိုင်ငံသား ၂ ဦးကို လက်နက်များနှင့် အတူ ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းအာဏာပိုင်များက ယနေ့ ဖမ်းဆီးလိုက်သည်။
လက်နက်များကို ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင် ခရိုင် မဲ့ဖာလွန်မြို့နယ် အတွင်းရှိ စစ်ဆေးရေး ဂိတ်တွင် ထိုင်း အာဏာပိုင်များက ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။
သက်သေခံ ပစ္စည်းများ အဖြစ် ဖမ်းဆီးရမိသော လက်နက်များထဲတွင် ၇၉ မမ လောင်ချာ ၁၉ လက်၊ အေကေ (၄၇) သေနတ် ၂၈ လက် စသည့် လက်နက်မျိုးစုံ တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းများအရ သိရသည်။
ယင်း လက်နက်များကို အိမ်နီးချင်းနိုင်ငံ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထံသို့ ရောင်းချရန် ဖြစ်ကြောင်း အဖမ်းခံရသူ များက ထွက်ဆိုကြောင်း ထိုင်း အခြေစိုက် krobkruakao သတင်းဝက်ဘ်ဆိုက်တွင် ယနေ့ ရေးသားထားသည်။ ထို သတင်း၌ လက် နက်ရောင်းချမည်ဆိုသော တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့၏ အမည်များကို ဖော်ပြထားခြင်း မရှိပေ။
သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးခွန်စိုင်းကမူ ထိုင်း ရဲအရာရှိ တဦးကို ကိုးကား၍ နောက်ဆုံးရရှိ ထားသည့် သတင်း အရ လက်နက်များကို “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တပ်ဖွဲ့ဝင်များကို ရောင်းရန်အတွက် ဖြစ်ကြောင်း အဖမ်းခံရသူများက ထွက်ဆိုခဲ့သည်ဟု ဧရာဝတီသို့ ပြောသည်။
“သူတို့ကို စစ်တဲ့ ရဲအရာရှိကတော့ ဝတပ်ဖွဲ့ကို ပို့တယ်လို့ပြောတယ်”ဟု ၎င်းက ဆိုသည်။ ယင်း ကိစ္စနှင့် ပတ်သက်၍ ရှမ်း ပြည် တပ်မတော် တောင်ပိုင်း (SSA-S) ကိုမေးမြန်းခဲ့ရာတွင်လည်း ၎င်းတို့နှင့် မသက်ဆိုင်ဟု ငြင်းဆိုကြောင်း ဦးခွန်ဆိုင်းက ဆက်ရှင်းပြ သည်။
“ဒီနေရာမှာ SSA လည်း ရှိတယ်၊ ၀ လည်း ရှိတယ်၊ ပြည်သူ့စစ်လည်း ရှိတယ် ဆိုတော့ ဘယ်သူမဆို ဖြစ်နိုင်တာပေါ့ သို့သော် လည်း တဖက်က ဒီထွက်ဆိုတဲ့ လူကလည်း ဖမ်းမိပြီးဆိုတော့ လိမ်စရာ အကြောင်းမရှိတော့လို့ ထင်တယ်”ဟု ၎င်းက ဆိုသည်။
သို့သော် မည့်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပတ်သက်ကြောင်း ဧရာဝတီ သတင်းက သီးခြား အတည် ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။
အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်ပြီး ယနေ့တွင် ချင်းရိုင်မြို့၌ ထိုင်းအာဏာပိုင်များက သတင်းစာ ရှင်းလင်းပွဲ တရပ်ပြုလုပ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့ကလည်း ရှမ်းပြည်နယ် တာချီလိတ် မြို့နယ်ဘက်သို့ လက်နက်တင်ပို့ ရောင်းဝယ်ရေး လုပ်ကိုင်နေသူဟု ယူဆရသော ထိုင်း နိုင်ငံသား ၁ ဦး ကို လက်နက်များနှင့်အတူ ထိုင်း-မြန်မာ နယ်စပ်တွင် ဖမ်းမိခဲ့သေးသည်။ ထိုစဉ်ကလည်း အာပီဂျီ လောင်ချာ ၁၂ လက်၊ အေကေ ၄၇ မောင်း ပြန် ရိုင်ဖယ် ၁၇ လက်၊ အမ် ၁၆ မောင်းပြန် ရိုင်ဖယ် ၆ လက်၊ အမ် ၇၉ လောင်ချာ ၁၂ လက်နှင့် အာပီဂျီ ဗုံးသီး ၉ လုံး တို့ကို ဖမ်းဆီး ရမိခဲ့ကြောင်း ထိုင်း သတင်းများက ဖော်ပြကြသည်။
၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း၌လည်း UWSA တပ်ဖွဲ့ အတွက် လက်နက်ရောင်းဝယ်ရေး လုပ်ကိုင်နေသူဟု ယူဆရသော ထိုင်းနိုင်ငံသား ၂ ဦးကို လက်နက်များနှင့် အတူ ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့သေးသည်။
ထိုစဉ်က သေသေခံ ပစ္စည်းများ အဖြစ် ၉ မမ ပစ္စတို ၅၆ လက်၊ သေနတ်ပြောင်းရှည် ၂ လက်၊ ၆၀ မမ လောင်ဂျာ နှင့် သေနတ် ကျည်ဆန် အတောင့် ၂၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့သည်။
မယ်ဆိုင်မြို့ တဖက်ကမ်းရှိ တာချီလိတ်မြို့သည် အစိုးရ စစ်တပ်၊ ရဲ၊ လူဝင်မှု ကြီးကြပ်ရေး (လဝက)၊ အကောက်အခွန်၊ ငြိမ်းချမ်း ရေးယူထားသည့် အဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါး ရောင်းဝယ်လုပ်ကိုင်နေသူများ ကျင်လည် ကျက်စားနေသော မြို့ဖြစ်ကြောင်း သိရသည်။