ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲတွင် အစိုးရတပ်များနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တိုက်ပွဲကြောင့် ယမ်းဂိုဒေါင်တခု ပေါက်ကွဲခဲ့ကာ အစိုးရတပ်မှ တပ်ဖွဲ့ဝင် ၇၀ ကျော် ကျဆုံးသွားကြောင်း KIA မှ အရာရှိတဦးက ပြောသည်။
သြဂုတ်လ ၂၉ ရက်နေ့က ဖားကန့်မြို့နှင့် ၄ မိုင်ခန့်အကွာ စိုင်းဂျာဘုံကျေးရွာ၏ အရှေ့ဘက်ရှိ ဝေအောင်ကမ္ဘာ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီအနီးတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ ၂၆၉ တပ်ရင်းနှင့် KIO တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာမှတဆင့် ယမ်းဂိုဒေါင်ပေါက်ကွဲကာ ကုမ္ပဏီအဆောက်အအုံကို အကာကွယ်ယူ တိုက်ခိုက်နေသော အစိုးရတပ်များ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
“သူတို့တပ်တွေနဲ့ ကျနော်တို့ တပ်တွေက မျက်နှာချင်းဆိုင် သတိအနေအထားနဲ့ တိုက်နေတဲ့အချိန် ကုမ္ပဏီကို အကာကွယ်ယူပြီး သူတို့က တိုက်တယ်။ ကျနော်တို့ ပစ်လိုက်တဲ့ ပစ်မှတ်က ကုမ္ပဏီဘက်ကျပြီး ယမ်းစိမ်းတွေ လှောင်ထားတဲ့ ဂိုဒေါင်ပေါက်ကွဲသွားတော့ အုပ်စုလိုက် ကျကုန်တာ” ဟု KIA တပ်မဟာ ၂ လက်အောက်ခံ ရှေ့တန်း စစ်မြေပြင်မှ ဗိုလ်ကြီး လဒွဲက ဧရာဝတီသို့ ပြောသည်။
ပေါက်ကွဲမှုကြောင့် ကုမ္ပဏီအဆောက်အအုံများ အားလုံးနှင့် ကျောက်စိမ်းတူး စက်ကိရိယာများ ပျက်စီးကုန်ကြောင်း၊ ထို့အတူ KIA တပ်သားအချို့လည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့သော ယမ်းများမှာ ၃ တန်အထက်တွင် ရှိကြောင်း KIA ရှေ့တန်းတပ်ဖွဲ့များက ခန့်မှန်းပြောဆိုသည်။
သိုလှောင်ထားသော အဆိုပါယမ်းများသည် ကျောက်စိမ်းတူးဖော်ရာတွင် စက်များဖြင့် ဖြိုခွဲ၍ မရသော ကျောက်တုံး ကျောက်ဆောင်များကို ဖောက်ခွဲရန် အတွက် အသုံးပြုသည့် ယမ်းများဖြစ်ကြောင်း သိရသည်။
ပေါက်ကွဲမှုဖြစ်ပွားရာ နေရာသို့ နောက်တနေ့တွင် KIA တပ်ရင်းတပ်ဖွဲ့များ သွားရောက် စစ်ဆေးရာတွင် အစိုးရတပ်ရင်းမှ ကျဆုံးသွားသော တပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်း ၂၀ ကျော်နှင့် ရုရှားနိုင်ငံထုတ် ၇၃ မမ ဒုံးကျည်အခွံများ၊ ပျက်စီးနေသော လက်နက်များတွေ့ရှိခဲ့ရကြောင်း ရုပ်အလောင်းအများစုမှ ပေါက်ကွဲမှုကြောင့် မြေဖုံးလွှမ်းသွားကြောင်း ဗိုလ်ကြီး လဒွဲက ပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့သော ကုမ္ပဏီအနီးရှိ စိုင်းဂျာဘုံ၊ ဗလခ၊ မြောက်ဖြူ၊ ရှရှော်ခ စသည့် ကျေးရွာများရှိသော်လည်း ထိုကျေးရွာခံများကို ယခုလ ၂၄ ရက်နေ့ မတိုင်ခင်ကတည်းက နှစ်ဖက်တပ်များက သတိပေးထားသဖြင့် ဖားကန့်မြို့ပေါ်သို့ ရွှေ့ပြောင်း ခိုလှုံနေကြသဖြင့် ဒေသခံများ ထိခိုက်မှု မရှိခဲ့ကြောင်းသိရသည်။
ပေါက်ကွဲမှုအရှိန်ကြောင့် အနီးရှိကျေးရွာများမှ အိမ်တချို့ ပြိုကျပျက်စီးကုန်ကြောင်း လုံးခင်းကျေးရွာသူတဦးက ပြောသည်။ ထို့အတူ ပြင်ထန်သည့် ပေါက်ကွဲမှု၏ တုန်ခါမှုကြောင့် ဖားကန့်မြို့ပေါ်ရှိ အဆောက်အအုံတချို့မှ မှန်ပြတင်းတခါးများလည်း ပျက်စီးကုန်ကြောင်း မြို့ခံများက ပြောသည်။
ဗလခ ရွာသူတဦးကလည်း “ကျမတို့ ဈေးဆိုင်ပေါ်ကိုလည်း ခဲလုံးတွေကျလို့ ပျက်စီးကုန်တယ်လို့ အစောင့်ကျန်ခဲ့တဲ့ လူတွေက တဆင့်သိရတယ်။ ပြန်တော့ မကြည့်ဖြစ်ဘူး။ ရွာကလူတွေက မြို့ပေါ်ကို အကုန်လုံးလိုလို ထွက်ပြေးလာတော့ လူတွေတော့ ထိခိုက်မှု မရှိပါဘူး” ဟု ပြောသည်။
ပေါက်ကွဲမှု၊ သေဆုံးမှုများနှင့် ပတ်သက်၍ နှစ်ဖက်အတည်ပြုနိုင်ရန် အနီးစပ်ဆုံးဖြစ်သော ဖားကန့်မြို့နယ် ရဲစခန်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ရာ ပေါက်ကွဲမှုကို အတည်ပြုသော်လည်း မြို့တွင်းလုံခြုံရေးကို ဂရုစိုက်နေရသဖြင့် အစိုးရတပ်များ ကျဆုံးမှုကို သိရှိခြင်း မရှိကြောင်း ဖြေကြားသည်။
သို့သော် ပြည်တွင်း အခြေစိုက် The Voice Weekly ဂျာနယ်၏ Facebook စာမျက်နှာတွင် အဆိုပါ ပေါက်ကွဲမှုသည် KIA အဖွဲ့များ ထောင်ထားသည့် အတွဲလိုက်ပေါက်ကွဲသော မိုင်းပဒေသာ ပေါက်ကွဲမှုဖြစ်ကြောင်း၊ ထိုပေါက်ကွဲမှုတွင် အစိုးရတပ် ခလရ ၂၆၉ မှ အရာရှိ ၆ ဦးအပါအဝင် စုစုပေါင်း ၄၈ ဦး ကျဆုံးသွားကြောင်း ဗန်းမော်အခြေစိုက် စစ်ဆင်ရေးနှင့် ကွပ်ကဲမှု ဌာနချုပ် (စကခ) (၂၁) ကို ကိုးကား၍ ဖော်ပြထားသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများ၊ ဖားကန့်မြို့နယ် အတွင်းရှိ စိုင်းတောင်၊ လုံးခင်းနှင့် စမား စသည်နေရာများတွင် အခြေချထားသည့် အစိုးရတပ်စခန်းများကို လက်နက်ခဲယမ်းနှင့် တပ်အင်အားများ တိုးချဲ့နေကြောင်း ယခုအခါ နှစ်ဖက် အသင့်အနေအထားတွင် ရှိနေကြောင်း KIA က ပြောသည်။
ယခင်က ဖားကန့်မြို့နယ်ထဲတွင် အစိုးရတပ်များအနေဖြင့် KIA အပေါ် ယခုကဲ့သို့ ထိုးစစ်ဆင် တိုက်ခိုက်မှုများ မရှိခဲ့သော်လည်း ယခုလ ၂၄ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် ဒေသတွင်းရှိ ဗလခ၊ စိုင်းတောင်၊ မှော်မောင်းကုန်း၊ မှော်ဝန်းကြီး၊ မှော်ဝန်းလေး၊ ရှရော်ခ၊ စိုင်းဂျာဘုံ၊ လမောင်းကုန်း၊ မြောက်ဖြူနှင့် သန်းကြွယ် အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံ ၈ ထောင်ကျော်သည် အိုးအိမ်များကို စွန့်ကာ ဖားကန့်မြို့ပေါ်ရှိ ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေကြသည်။