အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီတိုင်း ပုသိမ်မြို့ရှိ ရေဘေးဒုက္ခသည်များ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေ ကျပ်သိန်း ၂၀ ကို ယနေ့ သွားရောက် လှူဒါန်းသည်။
ရေကြီးနစ်မြုပ်ခဲ့သည့် ပုသိမ်မြို့ပေါ်ရပ်ကွက် ၁၁ ခု အနက် အမှတ် ၁၂ နှင့် အမှတ် ၁၄ ရပ်ကွက်များအတွက် ကျန်းမာရေး ရန်ပုံငွေအဖြစ် ရပ်ကွက်တခုလျှင် ကျပ် ၁၀ သိန်းစီ ယနေ့ မနက်ပိုင်းက ကိုယ်တိုင်လာရောက် လှူဒါန်းခြင်းဖြစ်သည်။
“ဘာကြောင့် နှစ်တိုင်းရေကြီးရသလဲဆိုတာ ရပ်ကွက်အလိုက် လေ့လာဖို့လိုတယ်။ ရေရှည်အတွက် လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ဖို့ ကျမတို့ ကြိုးစားပြီး စီစဉ်သွားမှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပုသိမ်မြို့ ဥမ္မာဒန္တီလမ်းရှိ NLD တိုင်းရုံးတွင် ပြုလုပ်ခဲ့သည့် အခမ်းအနားတွင် မြို့ခံလူထုအား ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ပေးအပ်သွားသည့် အလှူငွေများကို ရေဘေးကြုံတွေ့ခဲ့ရသည့် ရပ်ကွက်အတွင်းရှိ ပြည်သူများ၏ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍအတွက် ထောက်ပံ့ပေးသွားမည်ဟု အမှတ် ၁၄ ရပ်ကွက် NLD အဖွဲ့ဝင် ကိုချစ်ကိုက ပြောသည်။
“ရပ်ကွက်ထဲမှာ ဆင်းရဲလို့ ခြင်ထောင်တောင် မဝယ်နိုင်တဲ့လူတွေ ရှိတယ်။ မိုးရာသီဆိုတော့ သွေးလွန်တုပ်ကွေးဖြစ်မှာ စိုးရိမ်ရတယ်။ ဒါကြောင့် ခြင်ထောင်တွေ ဝယ်လှူမယ်။ နောက် ကျောင်းမတက်နိုင် ဖြစ်နေတဲ့ ကလေးတွေကို ကျောင်းစားရိတ် ထောက်ပံ့ပေးသွားဖို့ ကျနော်တို့ စီစဉ်သွားမယ်” ဟု သူက ပြောသည်။
သွားရောက်ခဲ့သည့် ရပ်ကွက် ၂ ခုစလုံးမှ ဒေသခံများအား ၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲ ပြဿနာများကို ဒေါ်အောင်ဆန်းစုကြည်က တင်ပြစေပြီး အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်ပေးမည်ဟု ပြန်လည် ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပုသိမ်မြို့သို့ နံနက် ၉ နာရီဝန်းကျင်က ရောက်ရှိခဲ့ပြီး နေ့လည် ၂ နာရီဝန်းကျင်တွင် ရန်ကုန်သို့ ပြန်လည်ထွက်ခွာသွားသည်။