ထိုင်းနိုင်ငံ အခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ(DPNS) ဥက္ကဋ္ဌ ကိုအောင်မိုးဇော်သည် ၂၂နှစ်အတွင်း ပထမဆုံး အကြိမ် အဖြစ် မြန်မာနိုင်ငံ သို့ ယနေ့ နေ့လယ်ပိုင်းတွင် စတင် ရောက်ရှိသည်။
၂၈ ရက်ကြာ နေထိုင်မည့် ယခုခရီးစဉ်တွင် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့နှင့် ဆွေးနွေးမှုများ ပြုလုပ်မည့်အပြင် ပြည် တွင်း ၌ လူဘောင်သစ် ဒီမိုကရက်တစ် ပါတီကို ပြန်လည် ဖွဲ့စည်းရေးအတွက်လည်း ဆောင်ရွက်မည်ဟု သိရသည်။
ကိုအောင်မိုးဇော်က “လက်ရှိ မြန်မာပြည်မှာ ဖြစ်နေတဲ့ အခြေအနေကို လေ့လာမယ့်၊ သမ္မတ ဦးသိန်းစိန်နဲ့လည်း တွေ့ကောင်း တွေ့ပါလိမ့်မယ်၊ ပြည်တွင်း လူဘောင်သစ်တွေနဲ့ ပါတီပြန်လည်ဖွဲ့စည်းရေးကတော့ အဓိကဆွေးနွေးမယ့် ကိစ္စပါ”ဟု ဆိုသည်။
ထို့အပြင် ယခုခရီးစဉ်နှင့် ပတ်သက်ပြီး ရန်ကုန်မြို့ မင်္ဂလာဒုံ လေဆိပ်တွင် သတင်းစာရှင်လင်းပွဲ ပြုလုပ်ရန်ရှိကြောင်းလည်း ဆက်ပြော သည်။
DPNS ပါတီကို ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံအပြီး ကိုမိုးသီးဇွန်၊ ကိုသက်ထွန်း၊ ကိုဂျင်မီနှင့် တခြားသော ကျောင်းသား၊ လူငယ်များနှင့် ဦးဆောင်ကာ ဖွဲ့စည်းခဲ့သည်။ ထိုစဉ်က မြန်မာ့နိုင်ငံရေးတွင် ဒုတိယ အင်အားကြီး ပါတီအနေဖြင့် ရပ်တည်ခဲ့သည်။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး စစ်အစိုးရ၏ မတရားအသင်းကြေညာ၍ ဖမ်းဆီးမှုကြောင့် နယ်စပ်ဒေသတွင် ပြောင်းရွှေ့ အခြေ စိုက်ခဲ့ရသည်။
ပြီးခဲ့သည့် လများကမူ လူဘောင်သစ် ဒီမိုကရက်တစ် ပါတီကို တရားဝင်ပြန်လည်ဖွဲ့စည်းရန် ပြည်တွင်းရှိ ပါတီဝင်ဟောင်းများက ပါတီဖြစ်မြောက်ရေး စုစည်းရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်။
ပြည်တွင်းရှိ လူ့ဘောင်သစ် ပါတီ ပြန်လည် စုစည်းရေးကော်မတီ ပြောခွင့်ရ ကိုသီဟက“ကိုအောင်မိုးဇော်နဲ့ ပါတီပြန်လည် ဖွဲ့စည်း ရေး ဆွေးနွေးသွားမှာပါ၊ အဓိက အခက်အခဲက ပြည်တွင်းနဲ့ ပြည်ပ လုပ်ရကိုင်ရတာ မတူတာတွေကို ဆွေးနွေးမယ်”ဟု ဆိုသည်။
ကိုအောင်မိုးဇော်၏ ပထမဆုံးအကြိမ် ပြည်တော်ပြန်ခရီးစဉ်ကို ပြည်တွင်းအခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ပြန်လည် စုစည်းရေး ကော်မတီဝင် အနေဖြင့် သွားရောက်ကြိုဆိုမည် ဟုလည်း ၎င်းကဆိုသည်။
ပြီးခဲ့သည့် စနေနေ့က၂၃ နှစ် အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်ပြန်လည်ရောက်ရှိလာသည့် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌဟောင်း နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဥက္ကဋ္ဌဟောင်း ကိုမိုးသီးဇွန်အား လူ့ဘောင်သစ် ပါတီဝင်ဟောင်းများက ကြိုဆိုခဲ့သေးသည်။
ယခု သမ္မတဦးသိန်းစိန် အစိုးရသစ်လက်ထက်တွင် ပြည်ပရှိ အတိုက်အခံအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးမှုများ မကြာခဏပြု လုပ်လျက်ရှိရာ မကြာသေးမီ ရက်ပိုင်းကလည်း ABSDF ဥက္ကဋ္ဌဟောင်းများဖြစ်သော ကိုမိုးသီးဇွန်၊ ဒေါက်တာ နိုင်အောင်၊ ကိုထွန်း အောင်ကျော် အပါအဝင် ပြည်ပရောက် အတိုက်အခံ ၁၁ ဦး မြန်မာနိုင်ငံသို့ ပြန်လည်လာရောက်ရှိနေပြီ ဖြစ်သည်။