သမ္မတ ဦးသိန်းစိန်၏ ရခိုင်အရေး ရပ်တည်ချက်ကို ထောက်ခံသည့် ဆန္ဒထုတ်ဖော်ပွဲအား မန္တလေးမြို့နယ် ၂ မြို့နယ်သာ လုပ်ခွင့်ပေးမည်ဖြစ်ပြီး ကျန်သည့် ၄ မြို့နယ် လုပ်ခွင့်မပေးတော့ကြောင်း သိရသည်။
သြဂုတ်လ ၂၈ ရက်နေ့က မြို့နယ် ၆ မြို့နယ်တွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် တရားဝင်စာတင်ထားပြီး စက်တင်ဘာလ ၂ ရက်နေ့မှစတင်၍ ဆန္ဒပြခွင့်ကို တမြို့နယ်လျှင် တနေရာနှင့် တရက် တချိန်သတ်မှတ်ကာ စီတန်းလှည့်လည်ခွင့် ပြုမိန့်ရခဲ့သည်။ မြို့နယ် ၆ မြို့နယ် ဖြစ်သည့်အတွက် ၃ ရက် တရားဝင် ဆန္ဒပြခွင့် ရရှိထားပြီး ဖြစ်သည်။
စက်တင်ဘာလ ၂ ရက်နေ့ နံနက်၁၀နာရီ အချိန်တွင် မဟာအောင်မြေမြို့နယ်မှ ပထမဆုံးအချိန် လှည့်လည် လမ်းလျှောက်ခဲ့သည်။ မန္တလေးမြို့ ၈၄ လမ်းနှင့် ၃၅ လမ်းထောင့်မှ စတင်ပြီး လမ်းလျှောက်ခဲ့ခြင်း ဖြစ်သည်။ ရဟန်းရှင်လူ အင်အား ၁ သောင်းကျော် ပါဝင်ပြီး နံနက် ၁၀ နာရီမှ ၁၁ နာရီအထိသာ စီတန်းလှည့်လည်ခဲ့သည်။
နေ့လည် ၁ နာရီတွင် အောင်မြေသာစံမြို့နယ်ရှိ ရဟန်းရှင်လူပေါင်း ၁ သောင်းကျော်တို့ကလည်း လမ်း ၈၀ နှင့် ၁၂ လမ်း စတင်ပြီး စနစ်တကျ စီတန်းလှည့်လည် ဆန္ဒပြခဲ့သေးသည်။
ဆန္ဒပြသည့်အချိန်တွင် ပြဿနာ တစုံတရာ ပေါ်ပေါက်လာခြင်း မရှိသော်လည်း စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၁ နာရီတွင် ကျန်မြို့နယ် ၄ မြို့နယ်ကို ဆန္ဒပြခွင့်မပေးတော့ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက င်းဆန္ဒပြပွဲကို ဦးဆောင်သည့် ဆရာတော် ဦးဝီရသူထံ ဖုန်းဆက် အကြောင်းကြားလာသည်ဟု သိရသည်။
ထို့နောက် စက်တင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းတွင်ပင် ဆန္ဒပြခွင့်ကို ပြန်လည်ရုတ်သိမ်းသည့်စာ ထုတ်ပြီး ပိတ်ပင်ခဲ့သည်။
‘‘သူတို့ ချထားတဲ့ ဥပဒေကို သူတို့ပဲ ပြန်ပြီးချိုးဖောက်သွားတာပါ။ ဦးဇင်းကတော့ တရားဝင်နည်းလမ်းတကျ လုပ်ဆောင်ခဲ့တာပဲ။ ပြန်လည် ရုတ်သိမ်းခွင့်ရှိတဲ့ အနေထားက သဘာဝဘေးအန္တရာယ် ကျရောက်မှပဲ ဒီလိုလုပ်ခွင့်ရှိတယ်ဆိုတာ သူတို့စည်းကမ်းချက်မှာလည်း ပါတာပဲ။ ခုဟာက ဘာမှ မဖြစ်ဘဲ ခွင့်ပြုထားတဲ့ ဥပဒေကို ချက်ခြင်း ရုတ်သိမ်းသွားတာပါ။ သိပ်ပြီး ကြောက်အားကြီးနေသေးတယ်။ ဒီလိုလုပ်တာ လုံးဝမှ ဒီမိုကရေစီ နည်းလမ်းမကျပါဘူး” ဟု ဦးဝီရသူက မိန့်သည်။
ဆန္ဒပြခွင့်မရရှိသော မြို့နယ်များမှာ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်နှင့် အမရပူရမြို့နယ်တို့ ဖြစ်သည်။
ယနေ့ စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၁၀ နာရီတွင် ပြည်ကြီးတံခွန်မြို့နယ်၌ ပြုလုပ်မည့် ဆန္ဒပြပွဲကိုလည်း ရုတ်သိမ်းခိုင်းခဲ့ကြောင်း၊ ရန်ကုန်- မန္တလေး အဝေးပြေးကားလမ်းမပေါ်ရှိ ပြည်ကျောင်းတိုက်တွင် စုစည်းနေသည့် ရဟန်းနှင့် လူအများကို စုရပ်တွင် ဆက်လက် မစုရုံးကြရန် ရဲအရာရှိများက ဆော်သြခဲ့ကြောင်း တွေ့ရသည်။
သို့သော်လည်း နေ့လည် ၁ နာရီတွင် ချမ်းအေးသာစံမြို့နယ်မှ ဆန္ဒပြပွဲကို သက်ဆိုင်ရာ အာဏာပိုင်များက မတားဆီးနိုင်ခဲ့ကြောင်း၊ သံဃာများ ဦးဆောင်သည့် ရာနှင့်ချီသောသူများသည် ၄၂ လမ်းမှတဆင့် မြတောင်တိုက်သို့ လမ်းလျှောက် ချီတက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
စက်တင်ဘာလ ၄ ရက်နေ့တွင် ပြုလုပ်မည့် ကျန်မြို့နယ် ၂ မြို့နယ်သည်လည်း ဆက်လက် ဆန္ဒထုတ်ဖော်သွားမည်ဟု ဆိုသည်။
‘‘သူတို့က ဆက်မလုပ်နဲ့လို့ အမိန့်ထုတ်တော့ ဦးဇင်းတို့ကတော့ ဆက်မလုပ်ဘူး။ ဒါပေမယ့် စိတ်အားထက်သန်တဲ့ လူတွေနဲ့ ရဟန်းတွေ ဆက်လုပ်တာကတော့ ဦးဇင်းတို့နဲ့ ဘာမှ မသက်ဆိုင်ပါဘူး။ ဦးဇင်းတို့ တာဝန်မယူဘူး။ အဲလို ဖြစ်လာရင် သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ တာဝန်ပဲလို့ ပြောခဲ့တယ်။ အစောကြီးကတည်းက ဒီလူအုပ်ကြီးကို ထိန်းသိမ်းဖို့နဲ့ ပွဲမဆူဖို့ သံဃာတွေ လိုက်ပါစောင့်ရှောက်ခွင့် ပြုထားတာ” ဟု ဦးဝီရသူက မိန့်သည်။
ဆန္ဒဖော်ထုတ်ပွဲသည် ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်က UNHCR နှင့် နေပြည်တော်တွင် ဇူလိုင် ၁၁ ရက်နေ့က တွေ့ဆုံစဉ် ပြောဆိုခဲ့သည့် သမ္မတ၏ ရပ်တည်ချက်ကို ထောက်ခံခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မည်သည့်အဖွဲ့စည်းကိုမဆို အကြမ်းဖက်သည့်ဝါဒကို မကျင့်သုံးပါက ဘာသာပေါင်းစုံ လက်ခံနိုင်ကြောင်း ဆရာတော်က ဆက်လက် မိန့်သည်။
ဆရာတော် ဦးဝီရသူသည် ရခိုင်ပြည်နယ်သို့ ကိုယ်တိုင်သွားရောက်ကာ ငွေသိန်း ၄၀၀ ကျော်နှင့် ကား ၁၀ စီးစာ ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့သေးသည်။