သမ္မတ ဦးသိန်းစိန် အဆိုပြုထားသည့် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန ၃၆ ခုထားရှိရေးကို ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ကာ အတည်ပြုလိုက်သည်။
လွှတ်တော်ကိုယ်စားလှယ် ၉ ဦးက ဆွေးနွေးကြပြီး ထောက်ခံမဲ ၅၁၁ မဲ၊ ကန့်ကွက်မဲ ၄၉မဲ၊ ကြားနေမဲ ၄၀ ဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။
အစိုးရသစ် စတင်ဖွဲ့စည်းစဉ်က ဝန်ကြီးဌာန ၃၄ ခုဖြင့် ဖွဲ့စည်းပြီး ဝန်ကြီးဦးရေ ၃၀ ခန့်အပ်ကာ တာဝန်ပေး လုပ်ဆောင်စေခဲ့သော်လည်း မကြာသေးမီက သဘောထားတင်းမာသည့် ဝန်ကြီးတချို့ကို ဖယ်ရှားကာ အစိုးရအဖွဲ့ကို အသစ်ပြန်လည် ပြုပြင်ဖွဲ့စည်းခဲ့သည်။
သမ္မတရုံး ဝန်ကြီးဌာနကိုလည်း ပြည်တွင်း ငြိမ်းချမ်းရေးနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကဏ္ဍများတွင် တိုးတက်စေရန်အတွက် မူလ နှစ်ဌာနအပြင် နောက်ထပ် ၄ ခု တိုးချဲ့ကာ ၆ ဌာန အထိ ဖွဲ့စည်းခဲ့သည်။
အဆိုပါ သမ္မတရုံး ဝန်ကြီးဌာန ၆ ခု၏ တာဝန်မှာ ငြိမ်းချမ်းရေး၊ ဝန်ကြီးဌာနအချင်းချင်း ဆက်သွယ်ရေး၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုနှင့် ပတ်သက်ပြီး စီမံခန့်ခွဲရေးတို့ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်က ဆိုသည်။
“၂၀၁၃ ဆီးဂိမ်းမှာ အောင်မြင်စွာ ဆောင်ရွက်ဖို့ရယ် ၂၀၁၄ ခုနှစ်မှာ စတင်မယ့် အာဆီယံ ဥက္ကဋ္ဌ တာဝန်ကို သီးခြားဆောင်ရွက်ဖို့တွေ ရှိတာကြောင့် ဖွဲ့စည်းရတယ်လို့ ဆိုပါတယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သမ္မတရုံးဝန်ကြီးများအဖြစ် မီးရထားဝန်ကြီး ဦးအောင်မင်း၊ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှု ဝန်ကြီး ဦးတင်နိုင်သိန်း၊ ဘဏ္ဍာရေးအခွန် ဝန်ကြီး ဦးလှထွန်းတို့ ၄ ဦးကို ထပ်မံခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ဗိုလ်ချုပ် သိန်းဌေး တာဝန်ယူသည့် မြန်မာ့စက်မှုဖွံဖြိုးရေး ဝန်ကြီးဌာနကို ဖျက်သိမ်းခဲ့ပြီး လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန အမှတ် (၁) နှင့် (၂) ကိုလည်း ပြန်လည်ပေါင်းစည်းကာ ဝန်ကြီးတဦးတည်းမှ ကိုင်တွယ်စေခဲ့သည်။
ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှု ဝန်ကြီးဌာန နှင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန၊ အလုပ်သမား ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာနကဲ့သို့ ဝန်ကြီးတဦးတည်းမှ ပူးတွဲတာဝန်ယူရသည့် ဝန်ကြီးဌာနများကိုလည်း ခွဲထုတ်ကာ ဝန်ကြီးတဦးချင်း သီးသန့်တာဝန်ယူစေသည်။
ကာကွယ်ရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး လှမင်း၏ နေရာတွင် တပ်မတော် စစ်ထောက်ချုပ် ဒု ဗိုလ်ချုပ်ကြီး ဝေလွင်ကို အစားထိုးရေး ခန့်အပ်ရေးနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ် အသစ်အဖြစ် လက်ရှိ သတ္ထုတွင်းဝန်ကြီး ဦးသိန်းထိုက်တို့ကို ခန့်အပ်ရေးအား လာမည့်သောကြာနေ့တွင် ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးရန်ရှိကြောင်း ဦးဖုန်းမြင့်အောင်က ပြောသည်။