အစိုးရက နိုင်ငံသား မှတ်ပုံတင်ပြန်ထုတ်ပေး၍ နေထိုင်ခွင့်ပြုမည်ဆိုပါက အမေရိကန်နိုင်ငံသား ခံယူထားခြင်းကို စွန့်လွှတ်၍ မြန်မာ နိုင်ငံတွင် ပြန်လည် နေထိုင်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) အဖွဲ့ဝင်များက ပြောဆိုလိုက်သည်။
စနေနေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ABSDF ဥက္ကဌ ဟောင်း ကိုမိုးသီးဇွန် နှင့် ၇ ဦးက ၎င်းတို့ ၏ ဆန္ဒသဘောထားကို ယမန်နေ့က ရန်ကုန်မြို့ ယုဇန ဟိုတယ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောဆိုခြင်း ဖြစ်သည်။
“ကျနော်တို့ အားလုံးက မြန်မာပြည်ထဲမှာ ပြန်နေခွင့်ရမယ်ဆိုရင် အမေရိကန် နိုင်ငံသားကို ဖျက်သိမ်းသွားမှာပါ။ ကျနော်တို့ အားလုံး က အဲ့ဒီ စိတ်တွေရှိကြပါတယ်”ဟု ABSDF အဖွဲ့ဝင် ကိုရွှေစင်ထွန်းက ပြောသည်။
မိမိတိုင်းပြည်ကို အကြောင်းအမျိုးမျိုးကြောင့် စွန့်ခွာ၍ တိုင်းတပါး၌ နိုင်ငံသားအဖြစ် ခံယူခဲ့ရကြောင်း၊ မိမိ တိုင်းပြည်အတွင်း နေ ထိုင်ပြီး ပြည်သူအတွက် ပြန်လည်လုပ်ဆောင်သွားရန်လည်း စဉ်းစားနေကြောင်း၊ တိုင်းတပါး နိုင်ငံသား ခံယူထားသည်ကိုပါ ဖျက် သိမ်းပြီး ပြည်တွင်း၌ ဝင်ရောက်နေထိုင်နိုင်ရန် ကြိုးစားနေကြောင်းကိုလည်း ၎င်းက ပြောဆိုသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲကို အမိမြေငြိမ်းချမ်းရေး လုပ်ငန်းစဉ်(The Mission For Peace in Motherland) အမည်နှင့် ပြုလုပ်ခြင်း ဖြစ်ပြီး အဓိက မြန်မာပြည်အတွင်းဖြစ်ပွားနေသည့် ပြည်တွင်းစစ်ရပ်စဲရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးကို ပိုမို လုပ်ဆောင် သွားမည်ဟု သိရသည်။
“တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ပြည်တွင်းစစ်ရပ်စဲရေး ငြိမ်းချမ်းရေးက အဓိက လိုအပ်တယ်။ ပြည်တွင်း စစ်ရှိနေသရွေ့မြန်မာပြည်က ဆင်းရဲတွင်းကနေ လွတ်မှာမဟုတ်ဘူး။ ပြီးတော့ လူသားရင်းမြစ်တွေ၊ ပညာရေး ကဏ္ဍတွေ ကို အကူအညီပေးကာ ပြုလုပ် ချင်တယ်”ဟု ABSDF ဥက္ကဌ ဟောင်း တဦးဖြစ်သည့် ကိုထွန်းအောင်ကျော် က ပြောကြားသည်။
ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံးရရှိရန်လည်း ဆောင်ရွက်လိုကြောင်း၊ အထူးသဖြင့် ကချင် အပါအဝင် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆွေးနွေး လိုကြောင်း၊ ပြည်ပသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသူ အားလုံး ပြည်တွင်းသို့ ပြန်လာ၍ တိုင်းပြည်တိုးတက်ရေး အတွက် ဆောင်ရွက်ကြစေလိုကြောင်း ABSDF အဖွဲ့ဝင်များက သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။
ABSDF မြောက်ပိုင်း သတ်ဖြတ်မှုနှင့်ပတ်သက်၍ ကိုမိုးသီးဇွန်ကလည်း“ကိုယ်တိုင်ပါဝင်တဲ့ မြောက်ပိုင်းမှ ရဲဘော်ရဲဘက်တွေ ကျရှုံးတဲ့ သူတွေ ကျန်နေသေးတဲ့ သူတွေအားလုံးနဲ့ သူတို့မိသားစုတွေကို ဆက်သွယ်ပြီး ဂုဏ်ပြန်ဆယ်နိုင်ဖို့နဲ့ အသိအမှတ်ပြုဖို့ လုပ်ဆောင် သွားမှာပါ”ဟု ယခု သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။
၁၉၉၁-၉၂ ခုနှစ်က ကချင်ပြည်နယ် ပါဂျောင်ဒေသတွင် စစ်ထောက်လှမ်းရေးဟု စွပ်စွဲပြီးလူ ၁၀၀ ကျော်ကို ဖမ်းဆီး၍ ပြစ်ဒဏ်ပေး စီရင်မှု ဖြစ်ပွားခဲ့ရာ ABSDF မြောက်ပိုင်း ဥက္ကဌ ကိုထွန်းအောင်ကျော် အပါအဝင် ၃၅ ဦး သေဆုံး၍လူ ၅၀ ကျော်မှာ တရုတ်ပြည် ဘက်သို့ ထွက်ပြေးလွတ်မြောက် သွားခဲ့ကြောင်း သိရသည်။
ကိုမိုးသီးဇွန်၊ ကိုထွန်းအောင်ကျော်၊ ကိုကိုလေး၊ ကိုရင်အေး၊ ကိုမူးသာ၊ ကိုရွှေစင်ထွန်း၊ ကိုကိုအောင် တို့သည် ပြီးခဲ့သည့် စနေနေ့က ရန်ကုန်မြို့သို့ စတင်ရောက် ရှိလာခြင်းဖြစ်သည်။
အမိမြေငြိမ်းချမ်းရေး လုပ်ငန်းစဉ်(The Mission For Peace in Motherland)တွင် အမေရိကန်မှ ကိုထွန်းအောင်ကျော်၊ ကိုမိုးသီးဇွန်၊ ကိုကိုလေး ၊ ကိုဇော်မင်း၊ ကိုမူးသာ၊ ကိုရင်အေး၊ ကိုရွှေစင်ထွန်း၊ ကိုသက်ထွန်း၊ ဒေါက်တာ အေးမင်း၊ ကိုအောင်မျိုးတင့် နှင့် ဂျပန် နိုင်ငံမှ ကိုကိုအောင် တို့ ပါဝင် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။
၎င်းတို့သည် စက်တင်ဘာ ၂ရက်နေ့က ကိုမင်းကိုနိုင်၊ ကိုကိုကြီး အစရှိသည့် ၈၈ အရေးအခင်း ကာလ ဦးဆောင်လှုပ်ရှားသူများနှင့် တွေ့ဆုံကြပြီး အစိုးရ ဝန်ကြီးများနှင့်လည်း တွေ့ဆုံခဲ့သေးသည်။