နိုင်ငံရေးအကျဉ်းသားဟောင်းများအား နိုင်ငံကူးလက်မှတ် ထုတ်ပေးရာတွင် တပြေးညီ သတ်မှတ်ချက် မရှိခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးများကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များက တင်ပြထားကြောင်း သတင်းရရှိသည်။
“တယောက်ချင်း ပေးနေတဲ့ ပုံစံမျိုးထက်ကို လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အားလုံးကို တပြေးညီ ပုံစံတခု သတ်သတ်မှတ်မှတ် ရှိသင့်တယ်ဆိုတာကို ပြည်ထောင်စုအဆင့် ဝန်ကြီးများကို ပြောထားပါတယ်” ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ဧရာဝတီသို့ ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ သမ္မတရုံး ဝန်ကြီးများဖြစ်သော ဦးအောင်မင်းနှင့် ဦးစိုသိန်းတို့ တင်ပြထားခြင်း ဖြစ်ကြောင်း သိရသည်။
ယခုအခါ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမြအေးတို့အား နိုင်ငံကူးလက်မှတ် ရရှိပြီဖြစ်ကြောင်း အကြောင်းကြားခဲ့ကြောင်း၊ နာမည်ကြီး၊ လူသိများသည့် ခေါင်းဆောင်များကိုသာ နိုင်ငံကူးလက်မှတ် ထုတ်ပေးပြီး နိုင်ငံရေး အကျဉ်းသားဟောင်း သာမန် ကျောင်းသားလူငယ်များကို မပေးဘဲ ချန်လှပ်ထားခြင်းသည် သဘာ၀ မကျ၍ သွားရောက်ထုတ်ယူခြင်း မရှိသေးကြောင်း သူက ဆက်ပြောသည်။
ဦးမင်းကိုနိုင်သည် ယခု လာမည့် စက်တင်ဘာလ ၁၄၊ ၁၅ ရက်နေ့တွင် ဝါရှင်တန် အခြေစိုက် National Endownment for Democracy (NED) က ပေးအပ်သည့် Democracy Award ဆုကို တက်ရောက်ယူရန်အတွက် ဖိတ်ကြားထားခြင်း ခံရသူဖြစ်သည်။
ယခုအခါ ဦးမင်းကိုနိုင်အပါအဝင် ၈၈ မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ နိုင်ငံရေးအကျဉ်းသားဖြစ်ဖူးသည့် ကျောင်းသား လူငယ်များကို နိုင်ငံတကာက ဖိတ်ကြားထားမှုများရှိကြောင်း၊ အားလုံးပါဝင်သည့် နိုင်ငံရေးဖြစ်စဉ်၊ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ် ဆောင်ရွက်ရန်အတွက် သီးခြား ကန့်ထားခြင်းများ မဖြစ်သင့်တော့ကြောင်း ဦးကိုကိုကြီးက ဆိုသည်။
“အဲဒါက နိုင်ငံကူးလက်မှတ် ထုတ်မပေးတဲ့အတွက်ကြောင့် နိုင်ငံအတွက် အရေးပါတဲ့ လူသားအရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်တာ အားလုံးမှာ ထိခိုက်နစ်နာနေတယ်လို့ ကျနော်တို့မြင်တယ်” ဟု သူက ဆိုသည်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် နာမည်ပျက်စာရင်းမှမှ ပယ်ဖျက်ပေးပြီး ပြည်ပမှ နာမည်ကြီး အတိုက်အခံတချို့ကိုလည်း ပြည်ဝင်ခွင့်များပေး၍ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေချိန်တွင် ပြည်တွင်း အင်အားစုများကိုလည်း နိုင်ငံတကာ အတွေ့အကြုံ ရစေရေးအတွက် နိုင်ငံကူးလက်မှတ် ထုတ်ပေးသင့်ကြောင်း ဦးကိုကိုကြီးက ဆက်ပြောသည်။
တိုင်းပြည် ပြန်လည်ထူထောင်ရေးတွင် အဓိက လိုအပ်နေသည့် လူသား အရင်းအမြစ်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖြစ် ပြည်ပ လေ့လာရေးခရီးများ၊ သင်တန်းများ တက်နိုင်ရန် နိုင်ငံကူးလက်မှတ်ကို အားလုံး တပြေးညီ သတ်မှတ်ပေးသင့်ကြောင်း၊ ပထမအသုတ်အဖြစ် လူစာရင်း ၂၀ ကို တင်ပြထားကြောင်း၊ ထို့အပြင် အကျဉ်းထောင်များမှ ပြန်လွတ်လာပြီး ဆက်လက် ပညာသင်ခွင့် မရသေးသူများအတွက်လည်း လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် သာမန်နိုင်ငံသား တဦးအနေဖြင့် နိုင်ငံကူးလက်မှတ် လျှောက်ထားလျှင် အချိန်ကာလအားဖြင့် ရက်သတ္တ ၃ ပတ် ကြာမြင့်သော်လည်း နိုင်ငံရေး အကျဉ်းသားဟောင်းများမှာမူ အနည်းဆုံး ၆ လနီးပါး ကြာမြင့်ကြောင်း၊ လျှောက်ထားရာတွင်လည်း တခြားနိုင်ငံသားများနှင့် မတူဘဲ သီးခြား အပိုလုပ်ဆောင်ရမှုများ ရှိကြောင်း သိရှိရသည်။
“ကျနော်တို့ လျှောက်လွှာတင်တဲ့ အချိန်မှာကတည်းက သီးခြား လျှောက်လွှာစာရွက်နဲ့ ဘယ်နှစ်ခုနှစ်ကနေပြီး ဘာပုဒ်မနဲ့ ထောင်ဘယ်လောက်ကျတယ်။ ဘယ်အချိန်မှာ ပြန်လွတ်တယ်၊ အားလုံးကို ထောင်ကျတဲ့ဖြစ်စဉ်ကို သီးခြား တစောင်ရေးတင်ရတယ်” ဟု ဦးကိုကိုကြီးက ဆိုသည်။
နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးနှင့် ပတ်သက်၍ ပြည်ထဲရေး ဝန်ကြီးဌာနက နိုင်ငံရေး အကျဉ်းသားဟောင်းများကို ထုတ်ပေးရာတွင် ထောင်မှ လွတ်ပြီးနောက်ကာလမှစ၍ ၁ နှစ် ဆိုင်းငံ့ထားရန် ဌာနတွင်း ညွှန်ကြားထားခဲ့ကြောင်း သိရသည်။
မကြာသေးမီက သမ္မတရုံးမှ ထုတ်ပြန်သည့် နာမည်ပျက်စာရင်း ပယ်ဖျက်ပေးမှုတွင် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ဦးဂျင်မီနှင့် ဦးပဏ္ဍိတ်ထွန်းတို့လည်း ပါဝင်လာခဲ့ရာ ၎င်းတို့အနေဖြင့်လည်း နိုင်ငံကူးလက်မှတ် ရနိုင်ပြီဟု ယူဆကြောင်း ဦးဂျင်မီက ပြောသည်။
“ကျနော်က ၂၀၀၆ ခုနှစ်ကတည်းက ပတ်စ်ပို့ လျှောက်ထားခဲ့တာ။ အဲဒီစာရင်းမှာ ပါလို့ထင်တယ်၊ မပေးခဲ့ဘူး။ အခုတော့ ရမယ့်ပုံပဲ။ ကိုမင်းကိုနိုင်ကိုတော့ စာအုပ်ရပြီပြောပေမယ့် အားလုံးတပြေးညီမဖြစ်လို့ သွားမထုတ်သေးဘူး” ဟု သူက ဆိုသည်။
နိုင်ငံရေးအကျဉ်းသားဟောင်းများ ဖြစ်ကြသည့် ရှေ့နေ ဦးအောင်သိန်း၊ အမေရိကန်က ပေးအပ်သည့် အမျိုးသမီး စွမ်းဆောင်ရှင်ဆုရှင် မဇင်မာအောင်တို့ နိုင်ငံကူး လက်မှတ်ရရှိခဲ့ပြီး မကြာသေးမီက ပြည်ပခရီးစဉ်များ သွားရောက် ခဲ့သော်လည်း မြန်မာနိုင်ငံသို့ ပြန်လည်ရောက်သည်နှင့် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များကို ပြန်လည် သိမ်းယူခံရကြောင်း သိရသည်။