တရုတ်နိုင်ငံတွင် နိုင်ငံရေးခိုလှုံနေရသော အသက် ၉၃ နှစ်ရှိ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကူမင်းမြို့ ဆေးရုံကြီး တွင် အရေးပေါ် ဆေးကုသနေရပြီး နောက်ဆုံးအနေဖြင့် ရွှေတိဂုံဘုရားကို ဖူးမျှော်ရန် ဆန္ဒရှိနေကြောင်း သိရသည်။
နောက်ဆုံးလက်ကျန် ရဲဘော်သုံးကျိပ်ဝင် နှစ်ဦးအနက်မှ တဦးဖြစ်သည့် ဗိုလ်မှူးချုပ် ကျော်ဇော၏ ကျန်းမာရေးမှာ စိုးရိမ်စရာရှိနေပြီ ဖြစ်ကြောင်း၊ ဆေးရုံကြီး၏ အသက်ကယ်ဆောင်တွင် ထားရှိ၍ ကုသနေရပြီး အောက်ဆီဂျင်ဘူး အကူအညီဖြင့် အသက်ရှုနေရ ကြောင်း၊ အစာကိုလည်း ပိုက်ဖြင့် သွင်းနေရကြောင်း သားဖြစ်သူ ဦးအောင်ကျော်ဇော က ပြောသည်။
“မီးစာကုန်ဆီခမ်းတဲ့ အရွယ်ပါ၊ စိတ်မကောင်းတာက စစ်သားပဲကွာ သေဆိုလည်း သေရမှာပေါ့၊ ဒါပေမယ့် ဖေဖေ နောက်ဆုံး အကြိမ် ရွှေတိဂုံဘုရားကို ဖူးချင်တယ်လို့ ပြောတာကိုပါ”ဟု ၎င်းက ဆိုသည်။
ထိုသို့ ကျန်းမာရေး ချို့ယွင်းလာနေပြီဖြစ်သော်လည်း လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက မိတ်ဆွေအပေါင်းအသင်း လုပ်ဖော်ကိုင် ဖက်များကို မှတ်မိနေသေးကြောင်း၊ အထူးသဖြင့် ရန်ကုန်မြို့နေ အသက် ၉၁ နှစ် အရွယ်ရှိပြီဖြစ်သည့် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရဲထွဋ် ကို သတိရကြောင်း ပြောသည်ဟု သိရသည်။
ရဲဘော်သုံးကျိပ်ဝင် အများစုမှာ ကွယ်လွန်သွားကြပြီဖြစ်ပြီး ယခုအခါ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောနှင့် ဗိုလ်ရဲထွဋ် နှစ်ဦးသာ ကျန်ရှိတော့သည်။
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောသည် ပဲခူးတိုင်း သာယာဝတီ ခရိုင် ဆိုင်းစုရွာ ဇာတိ ဖြစ်ပြီး နယ်ချဲ့ဆန်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။
ကိုလိုနီခေတ်က ဟိုင်နန်ကျွန်းသို့ သွားရောက်ကာ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ စစ်ပညာသင်ယူခဲ့ပြီးနောက် မြန်မာ့သမိုင်းတွင် ထင်ရှားသည့် ရဲဘော်သုံးကျိပ်ဝင် တဦး ဖြစ်လာသည်။
ဂျပန်တော်လှန်ရေး ကာလအတွင်း စစ်တောင်းမြစ် အရှေ့ဘက်ခြမ်း တိုင်းအမှတ် ၄ စစ်ရေးခေါင်းဆောင်တဦး အဖြစ် တာဝန်ယူ ရသည်။
လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်အစပိုင်း တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်ယူကာ ကရင်ကာကွယ်ရေးတပ်(KNDO) များ ဝန်းရံထားသည့် ရန်ကုန်မြို့ကို ကာကွယ်နိုင်ခဲ့ပြီး ပဲခူး၊ ဖြူး၊ တောင်ငူမြို့များကို ဆက်လက် သိမ်းယူနိုင်ခဲ့သည်။
၁၉၄၉ ခုနှစ် KNDO တပ်များနှင်သုံးလကြာ တိုက်ခိုက်ခဲ့ရသည့် အင်းစိန်တိုက်ပွဲ သည် သူ၏ ဘဝတွင် မမေ့နိုင်သော တိုက်ပွဲဖြစ် သည် ဟု ၎င်း၏ အတ္ထုပ္ပတ္တိတွင် ရေးသားထားသည်။
၁၉၅၄ ခုနှစ်တွင် ကျူးကျော်သူ ကူမင်တန် တရုတ်ဖြူ တပ်များကို မြန်မာပြည်မှ မောင်းထုတ်နိုင်ခဲ့သည့် ဘုရင့်နောင် စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည်။
စစ်တိုက်ရာတွင် ရဲဘော် ရဲဘက်များနှင့် အတူ ယှဉ်ပေါင်တန်း တိုက်ပွဲဝင်တတ်သူ သတ္တိပြောင်မြောက်သူ တဦးအဖြစ် အားလုံးက အသိအမှတ် ပြုပြောဆိုရသူဖြစ်သည်။
၁၉၅၇ ခုနှစ်တွင် စစ်ရေးဆိုင်ရာ လျှို့ဝှက်ချက်များ ပေါက်ကြားသည်ဟု စွပ်စွဲခံရပြီး တပ်မတော်မှ ထုတ်ပယ်ခြင်း ခံရသည်။
ထို့နောက် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ဦးဆောင်မှုဖြင့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်ခဲ့ပြီး ၁၉၇၆ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ အခြေစိုက်ရာ တရုတ်-မြန်မာ နယ်စပ်သို့ ထွက်ခွာသွားခဲ့သည်။
မကြာသေးခင်က အစိုးရကိုဆန့်ကျင်သည့် ပြည်ပရောက် အတိုက်အခံနိုင်ငံရေးသမားအများစုကို နာမည်ပျက်စာရင်းမှ ဖယ်ရှားပေးခဲ့ သော်လည်း ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ပါဝင်ခြင်း မရှိပေ။
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကဲ့သို့ တရုတ်ဖြူ တပ်များကို မောင်းထုတ်ပေးနိုင်ခဲ့သည့် နောက်ဆုံးလက်ကျန် ရဲဘော်သုံးကျိပ်ဝင် တဦးအား တိုင်းပြည်သို့ ပြန်လည်ခေါ်ယူရန် ပြည်သူများကလည်း လိုလားလျက်ရှိသည်။
ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦးကလည်း ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောသည် သူ၏ ဆရာသမားတဦး ဖြစ်သည့် အပြင် ရဲဘော်သုံးကျိပ်ဝင် နောက်ဆုံးလက်ကျန် နှစ်ဦးအနက် တဦးဖြစ်သောကြောင့် မြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်လာစေလိုကြောင်း မကြာသေးခင်က ထုတ်ဖော်ပြောကြားခဲ့သေးသည်။