ရန်ကုန်မြို့လယ်ကနေ ကားနဲ့ မိနစ်အနည်းငယ်ပဲ သွားရတဲ့နေရာမှာ နေနေပေမယ့် ဦးလှရွှေတယောက် ကမ္ဘာတခုထဲ ရောက်နေသလို ဖြစ်နေပါတယ်။
သူနေတဲ့ရပ်ကွက်က ရေလည်းမလာတဲ့အပြင် အမှိုက်လည်း မသိမ်းပါဘူး။ အနီးဆုံးဘတ်စကားမှတ်တိုင်ကို ရောက်ဖို့ဆိုရင်လည်း နောက်ဖေး လမ်းကြိုလမ်းကြားတွေကိုဖြတ်ပြီး အဝေးကြီး လမ်းလျှောက်ရပါတယ်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး ပြည်သူလူထု အကျိုးအတွက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်လို့ ကြေငြာခဲ့တာ အခုဆိုရင် ၁၇ လ ရှိသွားပါပြီ။ အခုအချိန်ထိတော့ ဦးလှရွှေ နေတဲ့အရပ်ဆီ သမ္မတရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ မရောက်လာသေးပါ။
ပြီးခဲ့တဲ့ လကုန်ပိုင်းမှာ သမ္မတက အစိုးရအဖွဲ့အတွင်း ဝန်ကြီနေရာအပြောင်းအလဲတွေ တသီတတန်းလုပ်လိုက်တဲ့အခါ ဒါဟာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုအတွက် အဓိက တွန်းအားဖြစ်စေတဲ့အရာတခုလို့ ပြည်တွင်းပြည်ပ အင်အားစု တွေက ယူဆကြပါတယ်။
ဒါပေမယ့် တချိန်ထဲမှာလည်း အခုလို အစိုးရအဖွဲ့အပြောင်းအလဲက ဆင်းရဲမွဲတေမှု အမှတ်မျဉ်း (Poverty Line) အောက်မှာ ရှိနေဆဲဖြစ်တဲ့ မြန်မာပြည်သူ ၂၅ ရာခိုင်နှုန်းအတွက် စီးပွားရေးအရ ဒါမှမဟုတ် လူမှုရေး အရ တိုးတက်ကောင်းမွန်မှု တစုံတရာ ဆောင်ကျဉ်းလာပါ့မလားဆိုတာ မေးခွန်းမေးစရာ ဖြစ်လာပါ တယ်။
ဝန်ကြီးနေရာအပြောင်းအလဲနဲ့ပတ်သက်ပြီး ဦးလှရွှေနေတဲ့ အရပ်ထဲက လူလတ်ပိုင်းအရွယ် အမျိုးသားတယောက်ကို ကျနော်မေးကြည့်မိပါတယ်။ သူက “ပြောင်းတော့ ဘာဖြစ်လဲ” တဲ့။
ဟုတ်တာပေါ့။ အများစုက အလုပ်လက်မဲ့ဖြစ်နေကြပြီး ၂ လုံးထီနဲ့ ကံစမ်းနေကြတဲ့ ဒီအရပ်မှာ ဝန်ကြီးအပြောင်းအလဲ ဆိုတာ သူတို့အတွက် စိတ်လှုပ်ရှားစရာမှ မဟုတ်တာကိုး။ အဲ့ဒီတော့ ပြောင်းလဲ ပြောင်းပေါ့ပဲ ရှိမှာပေါ့။ အစိုးရအဖွဲ့ထဲရောက်လာတဲ့ လူသစ်တွေထက်စာရင် သူတို့ ပိုပြီးစိတ်ဝင်စားတာက နေ့စဉ်ပေါက်ဂဏန်းလေ။
“အစိုးရအဖွဲ့သစ်မှာ ဘယ်သူတွေပါတယ်၊ လွှတ်တော်ထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို ဒီကလူတွေက ဂရုမစိုက်ဘူး။ တနေ့စာ တနေ့ကာမိအောင် အလုပ်ရှုပ်နေကြတာ” လို့ အသက် ၇၅ နှစ် အရွယ် အဘိုးအိုတယောက်က ပြောပါတယ်။ ဝန်ကြီးနေရာ ၃၀ အပြောင်းအလဲကို သမ္မတက ကြေငြာအပြီး ရက် အနည်းငယ်အကြာမှာ သူက ကျနော့်ကို အခုလို ပြောပြတာပါ။
တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ဟောင်း ဝါရင့်နိုင်ငံရေးသမားကြီး ဦးချန်ထွန်းကလည်း ပြုပြင်ပြောင်းလဲမှု အစစ်အမှန်ဆိုတာ သာမန်ပြည်သူတွေရဲ့ဘဝတွေ ပိုကောင်းလာတာကို ဆိုလိုတာဖြစ်တယ်၊ ထိပ်ပိုင်းက ဝန်ကြီး အဆင့်မှာ ပြောင်းရုံတခုထဲနဲ့ မရဘူးလို့ ဆိုပါတယ်။
“အောက်ခြေမှာ တိုးတက်မှုတွေကို မြင်ချင်တယ်ဆိုရင် မြို့နယ် ဒါမှမဟုတ် ရပ်ကျေးအဆင့် အာဏာပိုင် တွေကိုပါ ပြောင်းပစ်ဖို့လိုတယ်” လို့ အသက် ၉၁ နှစ်ရှိပြီဖြစ်တဲ့ ဦးချန်ထွန်းက ပြောပါတယ်။ လယ်သမားတွေကို အမတော်ကြေးငွေတွေ ချပေးတဲ့အခါ အာဏာပိုင်တွေကြားမှာ ခြစားမှုတွေ မကြာခဏဖြစ်လေ့ရှိတယ်လို့လည်း သူက ထောက်ပြပါတယ်။
“ခြစားတဲ့ဝန်ထမ်းတွေက အစိုးရက အားနည်းစေတယ်။ အားနည်းတဲ့ အစိုးရက ပြည်သူလူထု အကျိုးရှိ တာထက်ရှိရင် ဒုက္ခပိုဖြစ်စေမယ်” တဲ့။
ဒီမိုကရက်ပါတီ (မြန်မာ) ရဲ့ ဥက္ကဌ ဦးသုဝေကတော့ အစိုးရထဲက ရှေးရိုးဝါဒီနဲ့ ပြုပြင်ပြောင်းလဲရေးလိုလားသူတွေရဲ့ အကွဲအပြဲဟာ တကယ့်အပြောင်းအလဲတွေဖြစ်ဖို့ ခက်ခဲစေလိမ့်မယ်လို့ ယုံကြည်နေသူပါ။
“တပ်မှူးငယ်တယောက်က သမ္မတရဲ့အမိန့်ကို ဖီဆန်ရဲတယ်ဆိုရင် သူ့အထက်မှာ သူ့ကို ကာကွယ်ပေးနိုင်မယ့် ပြီးတော့ သမ္မတအမိန့်ကို မနှစ်သက်တဲ့သူ တစုံတယောက်ရှိနေလို့သာ အဲ့ဒီလို ဖီဆန်ရဲတာပေါ့။ ဒါကြောင့်မို့လည်း သမ္မတရဲ့ ပြုပြုင်ပြောင်းလဲရေး လုပ်ငန်းစဉ် အများစုက သေသေချာချာ အကောင်အထည် မပေါ်တဲ့အပြင် သာမန်ပြည်သူလူထုလည်း ဆိုးဆိုးဝါးဝါး နစ်နာနေရတာပါ” လို့ သူက ဆိုပါတယ်။
မကြာသေးခင်က သူ သမ္မတနဲ့ တွေ့ဆုံခဲ့တဲ့အချိန်မှာလည်း လက်ရှိလုပ်ငန်းစဉ်တွေမှာ အတားအဆီး အနှောင့်အယှက် တချို့ရှိနေတဲ့အကြောင်း သမ္မတက သူ့ကို ဝန်ခံခဲ့တယ်လို့ ပြောပြပါသေးတယ်။
“ပြည်ပရောက် မြန်မာတွေ ပြည်တော်ပြန်တဲ့ကိစ္စကို ကြည့်ရအောင်။ အဲ့ဒီလူတွေကို Black List ကနေ တရားဝင် ဖယ်ထုတ်နိုင်ဖို့အရေး သူ တနှစ် အချိန်ယူခဲ့ရတယ်။ ဒီလောက်ဆို အခြားကိစ္စတွေမှာ ဘာတွေဖြစ်နေလဲ ဆိုတာ မှန်းကြည့်လို့ ရနိုင်ပါတယ်” လို့ ဦးသုဝေက ဆက်ပြောပါတယ်။ သူ့နာမည်ကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းကမှ အစိုးရက အဲ့ဒီ Black List ကနေ ဖယ်ထုတ်ခဲ့တာပါ။
မြန်မာ့အရေးကျွမ်းကျင်သူတွေကတော့ နောက်ဆုံး အစိုးရဝန်ကြီးအဖွဲ့အပြောင်းအလဲဟာ “ပြုပြင်ပြောင်းလဲလိုစိတ် မရှိသည့်” သဘောထားတင်းမာသူ တချို့ကိုရှင်းထုတ်တဲ့ သမ္မတရဲ့ကြိုးပမ်းမှုဖြစ်တယ်လို့ ဆိုကြပါတယ်။ အဲဒီလို ပြောင်းလဲလိုစိတ်မရှိသူတွေကို ချန်ထားခဲ့ရမှာပဲလို့ သူရဲ့ မေလ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာကိုး။
“အစိုးရအဖွဲ့သစ်ထဲမှာသဘောထားတင်းမာသူတွေ မရှိတော့တာမို့ အခုဆိုရင် သမ္မတအနေနဲ့ လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်ပြီလို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် အဲ့ဒီအပြောင်းအလဲက အစပိုင်းလေးမှာပဲ ရှိသေးတဲ့အတွက် သူဘယ်လောက်အတိုင်းအတာအထိ လုပ်နိုင်မယ်ဆိုတာကိုတော့ ကျနော်တို့ မသိသေးပါဘူး” လို့ ဦးသုဝေက ထပ်ဖြည့်ပြောပါတယ်။
သမ္မတဦးသိန်းစိန်က သူ့ရဲ့ သမ္မတရုံးဝန်ကြီးတွေကို ၆ ဦးအထိ တိုးမြှင့်ခန့်ထားလိုက်တာဟာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ကို အရှိန်မြှင့်ဖို့ သူ့နည်းသူ့ဟန်နဲ့ ပြင်ဆင်တာလို့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ ခေါင်းဆောင် ကိုကိုကြီးက ယူဆပါတယ်။
“ဝန်ကြီးအဖွဲ့ အပြောင်းအလဲအပြီးမှာ ပြည်သူလူထုရဲ့ အခွင့်အရေးတွေကို မြှင့်တင်နိုင်မယ့် မှန်ကန်တဲ့ မူဝါဒ အပြောင်း အလဲတွေ ကျနော်တို့ တကယ်တွေ့လိုပါတယ်” လို့ သူက ဆိုပါတယ်။
အစိုးရအဖွဲ့ အပြောင်းအလဲနဲ့ပတ်သက်လို့ သံသယ တစုံတရာရှိနေကြပေမယ့် ကျနော်စကားပြောဖြစ်တဲ့သူတွေ ကတော့ ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေကို ဒုဝန်ကြီးတွေအဖြစ် ခန့်အပ်လိုက်တာဟာ အပြုသဘောဆောင်တဲ့ လက္ခ ဏာဖြစ်တယ်လို့ မြင်ကြပါတယ်။
“ဝန်ကြီးအဖွဲထဲမှာ ကိုယ့်အလုပ်အကြောင်း ကိုယ်သိတဲ့သူ ရှိတာက အမိန့်နာခံဖို့ပဲ လေ့ကျင့်ထားတဲ့သူရှိတာထက် ပိုကောင်းပါတယ်” လို့ ဦးချန်ထွန်းက ဆိုပါတယ်။
ဦးလှရွှေကလည်း အစိုးရအနေနဲ့ တကယ်အပြောင်းအလဲတွေလုပ်ချင်ရင် ဖြစ်အောင်လုပ်ရမယ်လို့ ပြောပါတယ်။
“သူသမ္မတဖြစ်တာ ၁၇ လ ရှိသွားပေမယ့် အခုထိ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ရလာဒ် ဘာမှ မတွေ့ရသေးတာမို့ အစိုးရက ‘ပြုပြင်ပြောင်းလဲမှု ဒါမှမဟုတ် အပြောင်းအလဲ’ ဆိုတာကို သံယောင်လိုက် စတန့်ထွင်နေသလားလို့ တောင် ထင်နေမိတယ်” လို့ သူက ဆိုပါတယ်။
“သူတို့ (အစိုးရ) အနေနဲ့ ဆင်းရဲမွဲတေမှုကို လျော့ပါးစေချင်ရင် လူထု ဒုက္ခရောက်နေတာကို မျက်စေ့နဲ့တတ်အပ်မြင်ရ အောင် ဘာဖြစ်လို့ အောက်ခြေအဆင့်ထိ ဆင်းမကြည့်လဲ။ ဆင်းရဲသားတွေနေတဲ့ နေရာတခုကို သွားလည်ရင်တောင် အခြေအနေ ဘယ်လိုရှိသလဲဆိုတာ သူတို့ သိသွားနိုင်တာပဲ” လို့လည်း သူက ပြောပါသေးတယ်။
သမ္မတဦးသိန်းစိန်က ပြုပြင်ပြောင်းလဲမှုကို အားကောင်းစေဖို့ သူ့ရဲ့ အစိုးရအဖွဲ့သစ်ကို ကြေငြာပြီး ၄ ရက်မြောက် ညနေမှာ ကိုမင်းဇော်တယောက် ရန်ကုန်မြို့လယ်က ဘတ်စကားဂိတ်တခုမှာ ရှိနေခဲ့ပါတယ်။ သူက သူနေတဲ့ မြို့စွန် ကနေ အရောင်းစာရေးအဖြစ် အလုပ်လုပ်နေတဲ့ မြို့လယ်ကိုရောက်ဖို့ နေ့စဉ် နာရီပေါင်းများစွာ ဘတ်စကား တိုးစီးနေ ရသူပါ။
“သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲမှုကိစ္စတွေကို ကျနော် နည်းနည်းလေးပဲ သိပါတယ်” လို့ သူက ပြောပြပါ တယ်။
“ဒါပေမယ့်ဗျာ တကယ်လို့သာ သမ္မတကြီးအနေနဲ့ ကျနော်တို့ သက်တောင့်သက်သာနဲ့ အိမ်ပြန်နိုင်အောင် ဘတ်စကား လိုင်းတွေ ပိုပြီးစီစဉ်ပေးနိုင်မယ်ဆိုရင် သူဟာ သိပ်ကို စာနာတတ်တဲ့သူ ဖြစ်ပါလိမ်မ့ယ်” လို့ အခြားခရီးသည်တွေနဲ့ အတူ ကားပေါ် မတိုးတက်ခင်မှာ သူက ပြောသွားပါတယ်။
Hpyo Wai Tha ၏ Waiting for Reform to Hit the Streets ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြသည်။