ခေတ်စနစ်နှင့် မလျော်ညီတော့သော ဥပဒေများနှင့် တရားဝင်မှတ်ပုံတင်မှသာ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင် ခွင့်ရရှိမည်ဆိုသည့် အချက်များကြောင့် ပြည်တွင်းရှိ ရပ်ရွာအခြေပြု အဖွဲ့အစည်းများနှင့် အသေးစား NGO လုပ်ငန်းများ အခက်အခဲ ကြုံတွေ့နေကြရကြောင်း NGO အသိုင်းအဝိုင်းမှ သိရသည်။
“နိုင်ငံခြား အကူအညီကို တိုက်ရိုက်ရယူနေတဲ့ ပြည်တွင်း NGO ကြီးတွေကို မှတ်ပုံတင်ခိုင်းတာက ကိစ္စမရှိပါဘူး။ ဒါပေမယ့် ကိုယ့်ရပ် ကိုယ့်ရွာအတွက် ကိုယ့်ထမင်းကိုယ်စားပြီး လုပ်နေတဲ့ CSO တွေ၊ CBO တွေကို မှတ်ပုံမတင်ခိုင်းပါနဲ့။ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ အသိအမှတ်ပြုမှုနဲ့ လှုပ်ရှားခွင့် ပေးစေချင်တယ်” ဟု ရက္ခိတ လူမှုဖွံ့ဖြိုးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်သိန်းဖေက ပြောသည်။
၁၉၈၈ ခုနှစ်က ပြဌာန်းခဲ့သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ မှတ်ပုံတင်ခြင်း ဥပဒေသည် ၈၈ အရေးတော်ပုံ ကာလအတွင်းက အဖွဲ့အစည်းများကို ဖိနှိပ်ကန့်သတ်ရန် ရေးဆွဲထားသည့် ဥပဒေဖြစ်သည့်အပြင် မှတ်ပုံတင်ရန် မြန်မာငွေ ၅ သိန်း တောင်းခံသည့် ကိစ္စသည်လည်း ရပ်ရွာအခြေပြု အဖွဲ့အစည်းများအတွက် အဟန့်အတားများ ဖြစ်နေကြောင်း သိရသည်။
“တချို့ဒေသတွေမှာ မှတ်ပုံတင်မရှိဘဲ မလှုပ်ရှားရဘူး၊ လှုပ်ရှားရင် အဖွဲ့ ကြီးကြီးငယ်ငယ် ထောင် ၅ နှစ် ဆိုပြီး ပြောထားတာတွေရှိတယ်။ ဒီအဖွဲ့အစည်းလေးတွေဟာ အစိုးရအဖွဲ့က မလုပ်နိုင်တဲ့၊ မမြင်နိုင်တဲ့ နေရာတွေက ကွက်လပ်တွေကို လိုက်ဖြည့်ပေးနေတာပါ။ ဒါကို နားလည်ပေးပါ။ လုပ်ခွင့်ပေးစေချင်ပါတယ်” ဟု ဦးမောင်မောင်သိန်းဖေက ဆိုသည်။
၂၀၁၁ ခုနှစ်မှ စတင်ပြီး ပြည်တွင်း NGO များ၏ မှတ်ပုံတင်ကြေးကို ၁ နှစ်လျှင် ၁၀၀ ကျပ်နှုန်းဖြင့်သာ ပေးဆောင်နေရာမှ ၂၀၁၂ ခုနှစ်တွင် မှတ်ပုံတင်ကြေး ၁ နှစ်လျှင် ၁ သိန်းနှုန်းဖြင့် ငါးနှစ်စာ တပြိုင်နက် ပေးဆောင်စေခဲ့ရာ တနိုင်တပိုင်နှင့် အချိန်ပိုင်း လုပ်ကိုင်နေသော အဖွဲ့အစည်းများ အခက်အခဲ တွေ့နေရကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ တတိယပတ်က သင်္ကန်းကျွန်းမြို့နယ် မဲဆန္ဒနယ် လွှတ်တော် အမတ် ဦးသိန်းညွန့်က ခေတ်နှင့်လျှော်ညီသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ မှတ်ပုံတင်ခြင်း ဥပဒေသစ် ပြဌာန်းနိုင်ရေး အဆိုတင်သွင်းခဲ့ရာ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဥပဒေရှိပြီးသားဖြစ်၍ အသစ်ပြန်လည်ရေးဆွဲရန် မလိုအပ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။
“လိုအပ်နေတဲ့ သဘာ၀ ဘေးအန္တရာယ်စီမံချက် ဆွဲဖို့တွေ၊ ဆင်းရဲမွဲတေမှု လျှော့ချရေး လုပ်ငန်းတွေအတွက် ပြည်တွင်းအားနဲ့ မရရင် နိုင်ငံတကာအကူအညီ ရနိုင်ဖို့ နိုင်ငံတော်က လုပ်ပေးဖို့ လိုပါတယ်။ နိုင်ငံတကာ အကူအညီတွေဟာ NGO တွေကို တိုက်ရိုက်ပေးပါတယ်။ ဒါပေမယ့် အဲလိုပေးသူရှိသော်လည်းပဲ NGO တွေအတွက် အမြင်တွေက ဒီကောင်တွေက ငွေပဲတောင်းစားနေတယ်ဆိုတဲ့ အမြင်မျိုးရှိတဲ့အခါ ချုပ်ကိုင်ဖို့ပဲ စဉ်းစားနေတာတွေ့ရတယ်။ ဆိုတော့ ငွေလာပေးတာတောင်မှ လက်ခံယူပြီး အလုပ်ပြန် မလုပ်နိုင်တဲ့ ဘဝရောက်နေတယ်” ဟု EcoDev မှ သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးဝင်းမျိုးသူက ပြောသည်။
မှတ်ပုံတင် မလျှောက်နိုင်သေးသော NGO, CBO, CSO များသည် နိုင်ငံတကာ၏ တိုက်ရိုက် အကူအညီ ရယူရန် အခက်အခဲ မရှိသော်လည်း မှတ်ပုံတင်မရှိ၊ ဘဏ်စာရင်းမရှိသဖြင့် အခက်အခဲကြုံနေရပြီး ပြည်တွင်းတွင် လာရောက် အခြေစိုက် ရုံးဖွင့်ထားသည့် နိုင်ငံတကာ NGO ကြီးများ၏ လုပ်ငန်းများကိုသာ လက်ဝေခံအဖြစ် လုပ်နေရကြောင်း သိရသည်။
လူမှုကူညီရေးအဖွဲ့ငယ်တခု တည်ထောင်ထားသည့် လူငယ်တဦးက “ပြောရမယ်ဆိုရင် ကျနော်တို့က ဒေသခံပါ။ ဘယ်နေရာမှာ ဘာလိုနေတယ်၊ ဘာဖြစ်နေတယ်ဆိုတာ ကျနော်တို့ သိတယ်။ ဖြစ်နိုင်ရင် ကျနော်တို့ငွေနဲ့ ကျနော်တို့ လုပ်ချင်တယ်။ ဒါပေမယ့် အဲလိုမလုပ်နိုင်တဲ့ အခါ နိုင်ငံတကာ NGO ကြီးတွေရဲ့ ပရောဂျက်တွေအရပဲ သူတို့ ခိုင်းတဲ့နေရာတွေကိုပဲ သွားနေရတာတွေ ဖြစ်နေတယ်။ တကယ် လိုအပ်တဲ့ နေရာကို တော်တော်နဲ့ မရောက်နိုင်ဘူး” ဟု ဆိုသည်။
တရားဝင် မှတ်ပုံတင် အဖွဲ့အစည်းဖြစ်ရန် ကြိုးစားနေသူများမှာလည်း အဖွဲ့၏ အမှုဆောင်အဖွဲ့ဝင်များသည် နိုင်ငံရေး ကင်းရှင်းရမည်၊ အမှုဆောင် အဖွဲ့ဝင်ဦးရေ ၅ ဦးမှ ၁၀ ဦးအထိ ရှိရမည် အစရှိသည့် ကန့်သတ်ချက်များ၊ မှတ်ပုံတင်ရရှိရန် အနည်းဆုံး ၈ လမှ ၁ နှစ်အထိ စောင့်ဆိုင်းနေရခြင်း စသည်တို့ကို အမြန်ဆုံးပြင်ဆင်ပေးစေလိုသည့် ဆန္ဒရှိကြောင်း သိရသည်။
ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများအတွက် ဥပဒေသစ် ပြန်လည်ရေးဆွဲနိုင်ရေး ကိစ္စကို သြဂုတ်လ ၂၂ ရက်နေ့က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် NGO ကွန်ရက်အဖွဲ့ဝင်များနှင့် အစိုးရဌာန ဥပဒေရေးရာ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း ဒေသခံ NGO များ အများအပြား ပေါ်ပေါက်လာခဲ့ရာ ယနေ့အချိန်တွင် မှတ်ပုံတင်ထားသော NGO များနှင့် မှတ်ပုံတင် မရှိသော တနိုင်တပိုင် အဖွဲ့အစည်းပေါင်း ၁၀၀၀ ကျော်ရှိကြောင်း သိရသည်။