မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် အတွင်းရှိ ကျူးကျော်နေထိုင်သူများကို သက်ဆိုင်ရာ အထက် ခွင့်ပြုမိန့်ကျသည်နှင့် ရှင်းလင်းသွားမည် ဖြစ်ပြီး တစုံတရာ ခုခံ ကာကွယ်ပါက အင်အားသုံး ဖြေရှင်းသွားမည်ဟု မန္တလေး စည်ပင်သာယာရေး ကော်မတီ မြေယာ စီမံခန့်ခွဲရေး ဌာနမှူး ဦးတင်ထွဋ်ကျော်က ပြောဆိုလိုက်သည်။
မန္တလေးမြို့တော်ခန်းမ၌ စက်တင်ဘာ ၅ ရက်နေ့က ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ တခုတွင် ဦးတင်ထွဋ်ကျော်က ထိုသို့ ဧရာဝတီ ကို ပြောကြားခြင်း ဖြစ်သည်။
ချမ်းမြသာစည် မြို့နယ် မြရည်နန္ဒာ ရပ်ကွက်ရှိ ကျူးကျော် မြေကွက်များတွင် လက်ရှိ လူ နှစ်ထောင်ခန့် နေထိုင်လျက်ရှိကြောင်း သိရသည်။
ယင်းမြေကွက်များပေါ်တွင် ကျူးကျော် နေထိုင်သူများအား ဦးဆောင်သည့် ကိုဝင်းမြင့်ထွန်း ဆိုသူကို သြဂုတ်လ ၂၀ ရက်က ရဲ တပ် ဖွဲ့ဝင် ၈၀ ခန့်က ဝင်ရောက်စီးနင်း၍ ဖမ်းဆီးရာမှ ကျူးကျော် နေသူများနှင့် ရုန်းရင်း ဆန်ခတ်မှု ဖြစ်ပွားခဲ့ပြီး ထိခိုက် ဒဏ်ရာရမှုများ ရှိခဲ့သည်။
ကိုဝင်းမြင့်ထွန်း သည် သြဂုတ်လ ၂၃ ရက်တွင် ကိုယ်တိုင် ရဲ စခန်းသို့ သွားရောက် အဖမ်းခံခဲ့သည်။ အဖမ်းမခံရခင် တရက် အလို တွင် ယင်းကျူးကျော်မြေ ကိစ္စနှင့် ပတ်သက်ပြီး ဗီဒီယို ရုပ်သံ မှတ်တမ်း တင်ခဲ့သည်။
ထိုမှတ်တမ်းတွင် ကိုဝင်းမြင့်ထွန်းက ၎င်းကို ဦးတင်ထွဋ်ကျော်က နောက်ကွယ်မှ ကြိုးကိုင် ခိုင်းစေခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။
ဦးတင်ထွဋ်ကျော်ကမူ‘‘ဒီကိစ္စ သူ့ရဲ့ တဖက်သတ် ပြောကြားချက်ပါ၊ သူ့ကို ကျနော် ပြောခဲ့တာက မင်း(ကိုဝင်းမြင့်ထွန်း)က သူပုန်ပဲ၊ ဒီမြေတွေကို မင်းက အဲဒီလို ကျူးကျော်နေထိုင်ပြီး ဆင်းရဲမွေတေမှု လျှော့ချတဲ့ လုပ်ငန်း လုပ်တယ်ဆိုပြီး ပြောရအောင် ဒါမင်းပိုင် တာ မှ မဟုတ်တာ ဆိုပြီး ကျနော် ပြောခဲ့တာပါ”ဟု တုံ့ပြန်ပြောဆိုသည်။
ယင်းကျူးကျော်မြေများမှာ ၁၉၉၁ ခုနှစ်က လ/န ၃၉ ဖြင့် ခွင့်ပြုထားပြီး မြေကွက်များကို ပိုင်ဆိုင်သည့် လယ်သမားများ ထံမှ အစိုးရ က ဝယ်ယူထားခြင်း ဖြစ်သည်ဟု ဆိုသည်။
ထို့ကြောင့် အဆိုပါမြေများကို လယ်သမားများလည်း ပိုင်ဆိုင်ခြင်းမရှိသကဲ့သို့ လယ်သမားများထံမှ တဆင့် ဝယ်ယူထားသူများလည်း ပိုင်ဆိုင်ခြင်းမရှိကြောင်း ဦးတင်ထွဋ်ကျော်က ပြောဆိုသည်။
ယင်းကျူးကျော်မြေကွက်မှာ ရာနှင့်ချီရှိပြီး မန္တလေး စည်ပင်သာယာမှ အကွက် ၄၀ ခန့် ပိုင်ဆိုင်ထားကြောင်း၊ ယခင် လယ်သမားများက ဦးလဆန်အောင်ဝါ ၏ ကချင် ငြိမ်းချမ်းရေး အဖွဲ့ကို ပြန်လည် ရောင်းချခြင်းများ ပြုလုပ်ထားကြောင်းလည်း သိရသည်။
ကချင် ငြိမ်းချမ်းရေး အဖွဲ့က ထိုမြေများကို ၁၉၉၃ ခုတွင် တဧကလျှင် ကျပ် ၄၀၀၀ ခန့်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး တရားဝင်ဝယ်ယူခြင်း မဟုတ်၍ ၎င်းတို့အနေဖြင့်လည်း တရားမဝင် ဝင်ရောက်နေထိုင်ခြင်း ဖြစ်ကြောင်း ကိုဝင်းမြင့်ထွန်းက ပြောဆိုထားသည်။
ကိုဝင်းမြင့်ထွန်းသည် မြေကွက်များအပေါ် ကျူးကျော်နေထိုင်ပြီး တလ ကျော်တွင် ကချင် ငြိမ်းချမ်းရေး အဖွဲ့၏ တိုင်ကြားချက်ဖြင့် ရဲ တပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ သို့သော် ၎င်းအား ပစ္စည်းပျောက်ဆုံးမှုဖြင့် ဖမ်းဆီးခြင်း ဖြစ်သည်ဟု ဆိုသည်။
ကချင် ငြိမ်းချမ်းရေး အဖွဲ့မှ ဒု ဗိုလ်မှူးကြီး ညွန့်စိန်က“ကျူးကျော် နေထိုင်တဲ့ လူတွေကို အခုထိ မဖယ်ခိုင်းသေးပါဘူး၊ ကျနော်တို့က ပျောက်သွားတဲ့ ပစ္စည်းထက် ဒီမြေကွက်မှာ ဒီလို ကျူးကျော်တဲ့သူတွေ ရှိနေသေးတာ ဘယ်လို သဘောလဲ ဆိုတာ နားလည်လို့ မရသေးပါဘူး”ဟု ပြောဆိုသည်။