စစ်ကိုင်းတိုင်း၊ မုံရွာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ဆန္ဒပြနေသည့် လယ်သိမ်းခံ တောင်သူများနှင့် ကုမ္ပဏီအကြား ဆက်ဆံရေးမှာ တင်းမာနေဆဲဖြစ်ပြီး ဒေသခံ အာဏာပိုင်များက လုံခြုံရေးများ ပိုမို ချထားလာနေကြောင်း ဒေသခံများက ပြောသည်။
ရာနှင့်ချီသော လယ်သိမ်းခံ လယ်သမားများ၊ ဒေသခံများ ယမန်နေ့က မုံရွာ- ပုသိမ် အဝေးပြေးလမ်းပေါ်တွင် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ခြင်း၊ စီးပွားရေးဦးပိုင်လီမိတက် မြန်မာ-ဝမ်ပေါင် ကုမ္ပဏီ စီမံကိန်း နယ်မြေတွင်း မဝင်ရန် မကြာသေးမီက ကြေငြာခဲ့သည့် ပုဒ်မ ၁၄၄ တို့ကို ကိုယ်စားပြုသည့် အခေါင်း ၃ ခုကို မီးရှို့ ဆန္ဒပြခြင်းများ ပြုလုပ်ခဲ့ပြီးသည့်နောက် ယခုလို လုံခြုံရေးများ တိုးမြင့်လာခြင်း ဖြစ်သည်ဟု ဆိုသည်။
“မနေ့ညက ဆည်တည်းရွာအပြင်မှာ ကင်းပုန်းတွေ လာချတယ်။ ရဲတွေလည်း တိုးလာတယ်။ ရွာထဲကို ဝင်ဖို့ ကြိုးစားတာ ရွာသားတွေက ပေးမဝင်ဘူး။ ဒီမနက်မှာတော့ သူတို့ ဘာမှမလုပ်သေးဘူး။ ဒါပေမယ့် အားလုံးကတော့ ဘာဆက်ဖြစ်မလဲ စောင့်ကြည့်နေတဲ့ အနေအထားဖြစ်နေတယ်။ လယ်သမားတွေကတော့ သူတို့နဲ့ သူတို့ကို ကူညီသူတွေကို ဖမ်းလားဆီးလား လုပ်မှာ စိုးရိမ်လို့ သူတို့ ရွာထဲမဝင်လာအောင် စောင့်ဖို့ ကင်းတွေ ချထားကြတယ်” ဟု ဒေသခံ တဦးက ပြောသည်။
လယ်သိမ်းခံ လယ်သမားများအရေး ကူညီပေးနေသူ ကိုဝေဠုကို အာဏာပိုင်များက ထိန်းသိမ်းထားပြီးသည့်နောက် ကျန်သူများကိုပါ ထိန်းသိမ်းမည်ကို ဒေသခံများက စိုးရိမ်နေသည်ဟု သူက ပြောသည်။
သြဂုတ်လ ၃၁ ရက်နေ့က မုံရွာ-ရန်ကုန် အဝေးပြေးကားတွင် လိုက်ပါလာသော ကိုဝေဠုကို ဒေသခံ အာဏာပိုင်များက ခေါ်ဆောင်သွားခဲ့ပြီးနောက် သာသနာ အကြည်ညိုပျက်စေမှု ပုဒ်မ ၂၉၅ ဖြင့် အာဏာပိုင်များက တရားစွဲဆိုရန် ပြင်ဆင်နေသည်ဟု မြင်းမူရဲစခန်းမှ မိသားစုဝင်များကို ပြောဆိုခဲ့ကြောင်း၊ မိသားစုဝင်များမှာ ကိုဝေဠုနှင့် တွေ့ဆုံခွင့်မရသလို မည်သည့်နေရာတွင် ထိန်းသိမ်းထားရှိသည်ကိုလည်း မသိရသေး၍ စိုးရိမ်ပူပန်နေကြောင်း သူက ဆိုသည်။
ထို့အတူ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် လယ်ယာမြေများပျောက်ဆုံးမှု၊ သဘာ၀ ပတ်ဝန်းကျင်များ ပျက်စီးနေမှုများကို ဖြေရှင်းပေးရန် သမတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ထံ အသနားခံစာ တင်သွင်းမည့် လက်မှတ်စုဆောင်းမှုကိုလည်း စတင်နေပြီဟု ဆိုသည်။
“အခု လောလောဆယ်တော့ မုံရွာနဲ့ ပတ်ဝန်းကျင်ရွာတွေမှာ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ပညာပေး ဟောပြောတာတွေလုပ်ရင်း လက်မှတ်တွေ လိုက်စုနေပါတယ်။ ပြီးရင်တော့ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ လက်မှတ်တွေ လိုက်စုပြီးတော့ သမတဆီ တင်မယ်” ဟု လယ်သမားများအရေး ကူညီနေသည့် ပြည်သူ့အကျိုးဆောင် ကွန်ယက်အဖွဲ့ဝင်တဦးက ပြောသည်။
စစ်တပ်ပိုင် စီးပွားရေးဦးပိုင်လီမိတက်နှင့် တရုတ်အမျိုးသားပိုင် မြန်မာ-ဝမ်ပေါင် ကုမ္ပဏီတို့ ၂၀၁၁ ခုနှစ်မှ စတင်၍ အကျိုးတူ လုပ်ကိုင်နေသည့် အဆိုပါ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ပတ်ဝန်းကျင်ရှိ ဝက်မှေး၊ ဆည်တည်း၊ ကန်တောနှင့် ဇီးတော စသည့် ရွာပေါင်း ၂၆ ရွာမှ လယ်မြေဧက ၇၈၀၀ ကျော် သိမ်းဆည်းခံခဲ့ရသည်။
လယ်သိမ်းခံ လယ်သမားများနှင့် ဒေသခံ ရွာသူရွာသားများက လယ်မြေများအတွက် ထိုက်တန်သော လျော်ကြေးငွေပေးရန်၊ ကျေးရွာများရွှေ့ပြောင်းရာတွင် သင့်တော်သော နေအိမ်၊ နေရာများ အစားထိုးပေးရန်၊ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှုကို အလေးထားရန်၊ စီမံကိန်း ဒေသတွင်းရှိ ဘာသာရေး အဆောက်အဦများ၊ စေတီများကို မပျောက်ပျက်အောင် ထိန်းသိမ်းပေးရန်တို့ကို တောင်းဆို ဆန္ဒပြနေရာ ကိုဝေဠု အပါအဝင် လူ့အခွင့်အရေး လှုပ်ရှားသူများ၊ ဗကသ ကျောင်းသားများအဖွဲ့တို့က ကူညီခဲ့ကြသည်။
အဆိုပါ ဒေသတွင် ကြေးနီတူးဖော်သည့်လုပ်ငန်းများကို ၁၉၈၀ ခုနှစ်မှ စတင်၍ ယူဂိုဆလားဗီးယားနိုင်ငံမှ ကုမ္ပ္ပဏီ၊ ကနေဒါနိုင်ငံအခြေစိုက် အိုင်ဗင်ဟိုး ကုမ္ပဏီ စသည်တို့ဖြင့် သတ္တုတွင်း ဝန်ကြီးဌာနက ပူးပေါင်းကာ ကြေးနီတူးဖော်မှုများ ပြုခဲ့သည်။
စက်ရုံမှ စွန့်ပစ်ရေများကြောင့် ပတ်ဝန်းကျင်လယ်ယာမြေများတွင် ညစ်ညမ်းမှုများဖြစ်ပေါ်ပြီး စိုက်ပျိုးရန် ခက်ခဲမှုများလည်း ဖြစ်ပေါ်နေပြီး ကြေးနီတူးဖော်မှုများကြောင့် ကြေးစင်တောင်နှင့် စပယ်တောင်များမှာ ပျောက်ဆုံးသွားခဲ့ရာ လက်ပံတောင်းတောင်ပါ ပျောက်ဆုံးသွားမည်ကိုလည်း ဒေသခံများက စိုးရိမ်နေကြသည်။