ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ အဓိကရုဏ်းတွေ ဖြစ်ပွားတဲ့ ဇူလိုင်လ ၈ ရက်နေ့ကစပြီး ရပ်ဆိုင်းထားတဲ့ မြန်မာ-ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်တွေရဲ့ လစဉ်ဆွေးနွေးပွဲကို ယခုလ ၅ ရက်နေ့မှာ ပြန်လည် စတင်ခဲ့ကြောင်း သိရပါတယ်။
ယင်းအစည်းအဝေးကို မောင်တောမြို့ ကုန်သည်ကြီးများ အသင်းရုံးခန်းမှာ ကျင်းပပြီး နှစ်နိုင်ငံ နယ်ခြားစောင့်တပ် ခေါင်းဆောင်များ တက်ရောက်ကြောင်း၊ နယ်စပ်ကုန်သွယ်ရေး၊ ကူးသန်းသွားလာရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးကြကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ နစက (နယ်စပ်ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး) အရာရှိတဦးက ပြောပါတယ်။
“သူတို့အနေနဲ့ နယ်စပ်က တရားဝင် သွားလာနေတဲ့ လမ်းကြောင်းကို ပြန်ဖွင့်စေချင်တယ်။ နောက်ပြီးတော့ နကသ (နယ်စပ်ကုန်သွယ်ရေး) လမ်းကြောင်းတွေကိုလည်း ပုံမှန်အတိုင်း ဖြစ်စေချင်တယ်။ အဲဒီကိစ္စကိုလည်း မြန်မာဘက်က တတ်နိုင်အောင် ကြိုးစားပေးမယ်လို့ ပြောလိုက်ပါတယ်” လို့ အဆိုပါ အရာရှိက ပြောပါတယ်။
နံနက် ၉ နာရီမှှ ၁၁ နာရီအထိ ပြုလုပ်တဲ့ ယင်းအစည်းအဝေးကို မြန်မာဘက်မှ နစကမှ ဗိုလ်မှူးကြီး သန်းထိုက်အောင် ဦးစီးတဲ့အဖွဲ့နဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်ခြမ်းမှ တာ့ခ်နာ အခြေစိုက် နယ်ခြားစောင့်တပ် အမှတ် (၄၂) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဂျာဟစ်အာဆန် ဦးဆောင်တဲ့အဖွဲ့တို့ တက်ရောက်ကြပါတယ်။
အဓိကရုဏ်းများ ဖြစ်ပွားပြီးနောက် မြန်မာဘက်က တရားဝင် ကူးသန်းသွားခွင့်တွေကို ရပ်ဆိုင်းထားခဲ့ကြောင်း၊ သြဂတ်လ ၂၇ ရက်နေ့မှာ တရားဝင် နိုင်ငံကူးလက်မှတ်နဲ့ နေ့ချင်းပြန် ကူးသန်းသွားလာခွင့် ပြုထားပေမယ့် တပတ်ကြာ နိုင်ငံကူးခွင့်ကိုတော့ ပိတ်ထားဆဲဖြစ်ကြောင်း သိရပါတယ်။
မောင်တောမြို့မှ ကုန်သည်တဦးက “နယ်စပ်ပိတ်ထားတော့ ကျမတို့မှာ စီးပွားရေးတော့ အခက်အခဲဖြစ်တာပေါ့။ ဒါပေမယ့် ကျမတို့မြို့လုံခြုံဖို့ အတွက် ပိတ်ထားတာဖြစ်ပါတယ်။ လုံခြုံရေး စိတ်ချမှ ကျမတို့ မြို့သူမြို့သားတွေ အေးအေးဆေးဆေး နေနိုင်မှာပါ” ဟု ပြောသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ရှိ ကုန်သွယ်ရေးဆိပ်ကမ်းမှာ သစ်၊ ငါးနဲ့ စားသောက်ကုန်တွေဟာ တရားဝင်ရော၊ တရားမဝင်လမ်းကြောင်းကပါ ပုံမှန်ဝင်ရောက်နေကြောင်း တာ့ခ်နာရှိ ဆိပ်ကမ်းအလုပ်သမား တဦးက ပြောပါတယ်။
“လှေတွေကတော့ ပုံမှန်လိုလို ပြန်လာနေကြပြီ။ သစ်တို့၊ ဇီးယိုတို့၊ ငါးတို့လည်း ပြန်ဝင်နေပြီး။ ဒါပေမယ့် ဒီဆိပ်ကမ်းကနေ ဝင်နေကျ တပတ် ပတ်စ်ပို့နဲ့ အသွားအလာတွေတော့ ပိတ်ထားတုန်းပဲ” လို့ သူက ပြောပါတယ်။