ကာကွယ်ရေး ဝန်ကြီးအသစ် ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် အပါအဝင် တခြားသောလစ်လပ်နေသည့် ဝန်ကြီးဌာန ဝန်ကြီး ၁၁ ဦးနှင့် အသစ်ခန့်အပ်သည့် ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးသိန်းထိုက်တို့ ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် ကျမ်းသစ္စာ ကျိန်ဆိုသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်မှာ အငြိမ်းစားယူသွားသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သူဟု လူသိများပြီး နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။ လွန်ခဲ့သည့် ၂၀၁၀ ပြည့်နှစ်က ပြုလုပ်ခဲ့သည့် စစ်တပ်ရာထူး အပြောင်းအလဲ တွင် စစ်ထောက်ချုပ် ဖြစ်လာခဲ့သူ ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လက ရန်ကုန်တိုင်းဒေသကြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာပြီးနောက် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဖြစ်လာနိုင်သူဟု တစ်ပေးခြင်းခံရသူလည်း ဖြစ်သည်။
ယခုအခါ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခင် ကာကွယ်ရေးဝန်ကြီး တာဝန်ယူနေသူ ဒု ဗိုလ်ချုပ်ကြီး လှမင်း အား စစ်ဘက်ဆိုင်ရာတွင် ပြန်လည် တာဝန်ထမ်းစေမည်ဟု သမ္မတ ဦးသိန်းစိန် ထံ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။
အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ကံဇော်၊ သတ္တုတွင်း ဝန်ကြီးဌာန ဝန်ကြီး ဒေါက် တာ မြင့်အောင်၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနဝန်ကြီး ဒေါက်တာ ကိုကိုဦး၊ ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းရှိန်၊ ယဉ်ကျေးမှုဝန်ကြီး ဦးအေးမြင့်ကြူ ၊ အလုပ်သမားဝန်ကြီး ဦးမောင်မြင့်၊ ဆောက်လုပ်ရေးဝန်ကြီး ဦးကျော်လွင်၊ စက်မှုဝန်ကြီး ဦးအေးမြင့်၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီး ဦးဌေးအောင် တို့ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်လာခဲ့သည်။
ထူးခြားသည်မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးအဖြစ် ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် အား တာဝန်ပေးခဲ့ရာ ပထမဆုံး အမျိုးသမီး ဝန်ကြီး ဖြစ်လာခြင်းဖြစ်သည်။
ရန်ကုန်တိုင်း အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ယခု အစိုးရသစ် တွင် ပညာရှင်များနှင့် လုပ်ငန်း အတွေ့အကြုံရှိသည့် ပုဂ္ဂိုလ်များအား တာဝန်ပေးခြင်းသည် ကောင်းမွန်သော လုပ်ရပ်ဖြစ်သည်ဟု ဆိုသည်။
မကြာသေးခင်ကမှ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးတာဝန်ယူခဲ့သူ ဗိုလ်ချုပ်ဇေယျာအောင် သည်လည်း မီးရထား ဝန်ကြီး အဖြစ် တာဝန်ယူမည် ဖြစ်သည်။
အလားတူ ယနေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ယခင် သတ္တုတွင်းဝန်ကြီး ဦးသိန်းထိုက်အား နုတ်ထွက်သွားသည့် ပြည်ထောင်စု စာရင်းစစ်ချုပ် ဟောင်း ဦးလွန်းမောင်၏ နေရာတွင် အစားထိုးခန့်အပ်ခြင်းခံရသည်။
အစိုးရအဖွဲ့ အတွင်း အပြောင်းအလဲကို ပြီးခဲ့သည့် ရက်သတ္တပတ်က စတင်ပြုလုပ်ခဲ့ပြီးနောက် ယနေ့တွင် ဝန်ကြီးအသစ်များ ခန့်အပ် အတည်ပြုခြင်းဖြစ်သည်။