လက်ရှိဖြစ်နေသည့် ပြည်တွင်းစစ်များတွင် အစိုးရတပ်မတော် စစ်သည်များကို ဘွဲ့၊ ဆုတံဆိပ်များ ပေးအပ်ခြင်းသည် ရေရှည် တိုင်းရင်းသား စည်းလုံးမူကို ထိခိုက်စေပြီး ပြည်တွင်းစစ်ကို ပိုမိုကြာစေလိမ့်မည်ဖြစ်ကြောင်း ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်က ပြောသည်။
“အရင် စစ်အာဏာရှင်စနစ် တည်ထောင်တဲ့အခါ မက်လုံးပေးတဲ့အနေနဲ့ အသုံးပြုခဲ့တဲ့ဟာတွေပါ။ နိုင်ငံခြားကျူးကျော်မူ မရှိတော့တဲ့နောက်ပိုင်း သူရဘွဲ့ပေးသင့်တာလည်း မရှိသလောက်ဖြစ်သွားတယ်။ နဂိုကမှ ဗမာဆိုရင် အမြင်မကြည်တဲ့ တိုင်းရင်းသား ကလေးငယ်တွေအတွက်တော့ သူရဘွဲ့ထပ်ပေးမယ်ဆိုရင် ပိုပြီးဆိုးသွားနိုင်ပါတယ်။ ကိုယ့်သွေးချင်းချင်း သူတပြန် ကိုယ်တပြန် သတ်လို့ရတာက ဂုဏ်ယူစရာလည်း မဟုတ်ပါဘူး ” ဟု ၎င်းက ဆိုသည်။
သူရဘွဲ့များကြောင့် တိုင်းရင်းသားများနှင့် ဗမာတို့အကြားစည်းလုံးရေးကို ပိုမိုပျက်ပြားစေနိုင်ပြီး အမုန်းတရားများကို ပံ့ပိုးသကဲ့သို့ ဖြစ်စေနိုင်ကြောင်း ကိုနေမျိုးဇင်က ဆက်ပြောသည်။
လက်ရှိ ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်တွင် ပါဝင်တိုက်ခိုက်နေသူများကို ဘွဲ့တံဆိပ်များ ပေးနိုင်ရန်အတွက် အစိုးရဘက်မှ စာရင်းကောက်ယူမူများ ရှိနေသည်ဟု ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွန်မော်က ပြောသည်။
“ဒါဟာ ဆွေစဉ်မျိုးဆက် ဂုဏ်ယူရမယ့် ကိစ္စဖြစ်ပါတယ်။ တိုင်းရင်းသားတွေနဲ့ တိုက်တဲ့တိုက်ပွဲတွေမှာ ရခဲ့တဲ့ ဘွဲ့တွေအပေါ်မှာ တသက်လုံး ဂုဏ်ယူနေမယ်ဆိုရင် ဒါဟာရေရှည်မှာ ပြဿနာဖြစ်နိုင်ပါတယ်” ဟု ဗိုလ်မှူးချုပ် ဂွန်မော်က ဆိုသည်။
ပြည်တွင်းတွင် အချင်းချင်း တိုက်ခိုက်ရသည်များအတွက် ရရှိခဲ့သည့် ဆုတံဆိပ်များကို ရင်ဘတ်ပေါ်တွင် ချိတ်ဆွဲရခြင်းသည် အရသာမရှိကြောင်း ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရ ဦးတင်ဦးက ပြောသည်။
“ပြည်ပရန်နှိမ် ဆိုရင်တော့ ပေးသင့်တယ်၊ ပေးရမယ်။ ပြည်တွင်းမှာ အချင်းချင်းဖြစ်လို့ရတဲ့ ပြည်တွင်းရန်နှိမ် ဆုတံဆိပ်ပေးတာ၊ Star တွေပေးတာကို အစကတည်းက ကျနော် သဘောမကျခဲ့ဘူး။ ရင်ဘတ်မှာ တပ်ထားလို့လည်း အရသာ မရှိဘူး” ဟု ၎င်းက ပြောသည်။
သို့သော် ပြည်ပရောက် ဗိုလ်မှူးဟောင်း ကိုစိုင်းသိန်းဝင်းကမူ စစ်သားအလုပ်သည် ပရော်ဖက်ရှင်နယ် အလုပ်တခုဖြစ်ပြီး အမိန့်နာခံသည့်၊ စွန့်လွတ်စွန့်စားသည့် ရဲဘော်များအတွက် ဘွဲ့များချီးမြှင့်သင့်ကြောင်း ဆိုသည်။
“စစ်တပ်ကိုလည်း ပရော်ဖက်ရှင်နယ်ဖြစ်စေချင်တယ်။ အဲဒါဆိုရင် မုဒိမ်းမှု၊ ခိုးမှုတွေနဲ့ နာမည်ပျက်မှာ မဟုတ်တော့ဘူး။ ကျနော့်အနေနဲ့ကတော့ ပေးရမယ်၊ ပေးသင့်တယ်လို့ ထင်ပါတယ်။ စစ်ပွဲ ဖြစ်သင့်တာ၊ မဖြစ်သင့်တာက နိုင်ငံရေး ဖြစ်သွားပါတယ်။ စစ်ပွဲဖြစ်တာ မှန်သလား၊ မှားသလား မေးရင်တော့ မှားတယ်ပြောရမှာပေါ့။ ဒါပေမယ့် ဒါကနိုင်ငံရေး ပြဿနာလေ။ နိုင်ငံကို အုပ်ချုပ်နေတဲ့၊ စစ်တပ်ကို အုပ်ချုပ်နေတဲ့ လူတွေက သဘောထားမမှန်လို့ ဖြစ်ရတာကိုး” ဟု ကိုစိုင်းသိန်းဝင်းက ပြောသည်။
“နိုင်ငံတိုင်းက တိုင်းသူပြည်သားတွေကတော့ သူတို့ကာကွယ်ရေးတပ်ကို အင်အားရှိစေချင်ကြတာပဲ။ သုံးတဲ့ပစ္စည်းတွေ အဆင့်မြင့်သလို အတွေးအခေါ်ပိုင်းဆိုင်ရာလည်း မြင့်မားစေချင်ကြတာ နိုင်ငံသားတိုင်းဆန္ဒပါ။ မြန်မာနိုင်ငံကလည်း တပ်မတော်ကို F 16, F 14 တွေနဲ့ အဆင့်မြင့်စေချင်တာပါပဲ။ ဒါပေမယ့် အဲလိုဖြစ်လာအောင် ပြည်သူလူထုက မြန်မာ့ တပ်မတော်အပေါ် ဘယ်လောက် အမြင်ကြည်လင်သလဲဆိုတာ အရေးကြီးပါတယ်” ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က ဆိုသည်။