ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူသည့် ၇၃ နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားကို စစ်တွေမြို့တွင် ပြည်နယ်အစိုးရကိုယ်တိုင် ဦးဆောင်၍ ယမန်နေ့က ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားများကို ဦးဥတ္တမ ခန်းမတွင် ပြည်နယ်အစိုးရက ဦးစီးကျင်းပကာ စစ်တွေမြို့ ရခိုင်အမျိုးသား တိုးတက်ရေးပါတီ (RNDP) ရုံးတွင် ပါတီမှ ဦးစီကျင်းပကြကြောင်း RNDP မှ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်ပြည်စိုးက ပြောသည်။
“စစ်တွေမှာတော့ နေရာတော်တော်များများ လုပ်ကြတယ်။ ဦးဥတ္တမ ခန်းမနဲ့ RNDP ဌာနချုပ်မှာ အခမ်းအနား လုပ်ကြပါတယ်။ နောက်ပြီးတော့ ဦးဥတ္တမ ပန်းခြံကို ချီတက်ပြီး ဂုဏ်ပြုပန်းခွေ ချတာတွေရှိတယ်။ နောက် ရပ်ကွက်တွေမှာလည်း ဆရာတော်ကို ရည်စူးပြီးတော့ သံဃာတော်တွေကို ဆွမ်းကပ်တာတွေလည်း ရှိတယ်” ဟု ဦးခိုင်ပြည်စိုးက ဆိုသည်။
ရခိုင်အဆိုတော် ကိုမျိုးရခိုင်က “ကျနော်တို့ အနုပညာရှင်တွေကတော့ ပန်းခြံမှာ လွမ်းသူပန်းခွေချမယ့် အစီအစဉ်တွေ ရှိတယ်။ နောက်အဖွဲ့တွေလည်း သူ့အဖွဲ့နဲ့သူ အခမ်းအနားတွေ လုပ်သွားကြမှာပါ” ဟု ပြောသည်။
တောင်ကုတ်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (ရခိုင်ပြည်နယ်) မှ ဦးခင်လှက “ဆရာတော် ဦးဥတ္တမဆိုတာ အမျိုးသား အကျိုးစီးပွားကို လိုလားပြီးတော့ အင်္ဂလိပ်နယ်ချဲ့လက်အောက်မှာ ကျွန်သပေါက်ဘ၀ ကျရောက်နေတဲ့ ပြည်သူတွေ ကျွန်ဘဝက လွတ်မြောက်ဖို့ နိုင်ငံရေး အသိအမြင် နားမျက်စိဖွင့်ပေးတဲ့ ကျေးဇူးရှင်ဆရာတော်ကို သူ့ရဲ့ ဂုဏ်ကျေးဇူးတွေကို အောက်မေ့ပြီးတော့ ကျေးဇူးရှင်ကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ပြုလုပ်ရတာပါ” ဟု ဆိုသည်။
ယခင် စစ်အစိုးရလက်ထက်တွင် တရားဝင်ကျင်းပခွင့် မပြုခဲ့သော ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားများကို ယခုနှစ်တွင် ရန်ကုန်၊ စစ်တွေ၊ တောင်ကုတ်၊ ကျောက်ဖြူစသည့် မြို့များတွင် ကျင်းပခဲ့ကြကြောင်း သိရသည်။
“အရင်နှစ်တွေလို စိုးရိမ်စရာမလိုဘဲ ဆရာတော်နေ့ကို ကျင်းပခွင့်ရနေတာတွေကို မြင်ရတော့ ဂုဏ်ယူဝမ်းသာမိတယ်။ နောက်ပြီး ဆရာတော်ရဲ့ ဂုဏ်ပြုသီချင်းသံတွေ ကြားရတော့ စိတ်ဓာတ်တက်ကြွမိတယ်” ဟု စစ်တွေမြို့ခံတဦးက ပြောသည်။
ဆရာတော် ဦးဥတ္တမကို ၁၈၇၉ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မွေးဖွားသည်။ အင်္ဂလိပ် ကိုလိုနီခေတ်တွင် အကြမ်းမဖက်သောနည်းဖြင့် တော်လှန်သောကြောင့် ပထမဆုံး ထောင်ချခံရသူမှာ ဆရာတော် ဦးဥတ္တမ ဖြစ်သည်။
၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ဆရာတော် ပျံလွန်တော်မူရာ ထိုခေတ် လွှတ်တော်က စက်တင်ဘာလ ၉ ရက်နေ့ကို ဆရာတော် ဦးဥတ္တမနေ့ဟု တရားဝင် သတ်မှတ်ခဲ့သည်။
ယခု ရန်ကုန်မြို့ ကန်တော်မင် (ကန်တော်မင်္ဂလာ) ပန်းခြံကို ဆရာတော် ဦးဥတ္တမ ပန်းခြံအဖြစ် ယခင်က အစိုးရက သတ်မှတ်ပေးခဲ့သည်။