တိုးချဲ့ပြီး အသစ်ပြန်လည် ဖွဲ့စည်းမည့် စာနယ်ဇင်းကောင်စီ (ယာယီ) က မီဒီယာဥပေဒကို ပြင်ဆင်ရေးဆွဲမည် ဖြစ်ကြောင်း သိရသည်။
“အရင် ဝန်ကြီးရေးဆွဲခဲ့တဲ့ Media Law ကို မသုံးတော့ဘူး။ ဝန်ကြီး ဦးအောင်ကြည် ကိုယ်တိုင်လည်း မကြိုက်ဖူးလို့ ဆိုပါတယ်။ မီဒီယာဥပဒေ အသစ်ပြန်ဆွဲဖို့ ဖြစ်လာတော့ စာနယ်ဇင်းကောင်စီကိုပါ အသစ်ပြန်ဖွဲ့ဖို့ ဆွေးနွေးပါတယ်” ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကွန်ရက် (MJN) ၏ အထွေထွေ အတွင်းရေးမှူး ဦးမြင့်ကျော်က ဧရာဝတီသို့ ပြောသည်။
ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကွန်ရက်တို့ ရန်ကုန်မြို့ ဗဟိုပုံနှိပ်စက်ရုံရှိ ဝန်ကြီးရုံးတွင် တွေ့ဆုံဆွေးနွေးရာတွင် စာနယ်ဇင်းကောင်စီသစ်နှင့် မီဒီယာဥပဒေ ပြန်လည်ရေးဆွဲရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယာယီဖွဲ့စည်းမည့် စာနယ်ဇင်းကောင်စီသည် စာနယ်ဇင်းသမားများ လိုက်နာရမည့် ကျင့်ဝတ်ဆိုင်ရာ Code of Conducts ကို ရေးဆွဲမည်ဖြစ်ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ချပေးမည့် အခြေခံမူဘောင်အပေါ် မီဒီယာဥပဒေ ကနဦး ရေးဆွဲပြီး အစဆုံးမူကြမ်း (Zero Draft) အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ဝန်ကြီး ဦးအောင်ကြည်က ပြောသည်ဟု သိရှိရသည်။
မီဒီယာဥပဒေမူကြမ်းကို စာနယ်ဇင်းသမားများကို ကိုယ်စားပြုသည့် စာနယ်ဇင်းကောင်စီသို့ ချပြ အကြံဉာဏ် တောင်းခံမည်ဖြစ်ကြောင်း ဦးမြင့်ကျော်က ပြောသည်။
မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ (MJU) မှ ဖြစ်မြောက်ရေးအဖွဲ့ဝင် ဦးဇော်သက်ထွေးက “အရင်က ရေးဆွဲထားတဲ့ မီဒီယာဥပဒေဆိုတာကို ကျနော်တို့ မမြင်ခဲ့ရဘူး။ ဖတ်လည်း မဖတ်ခဲ့ရဘူး။ ပြန်ကြားရေး ဝန်ကြီးဌာနကနေပြီးတော့ ဒါကို မီဒီယာသမားတွေကို ဖြန့်ဝေပေးခဲ့တာ မရှိပါဘူး။ ဒါကြောင့် ဒီဥပဒေကို ကျနော်တို့က ချိုသည်၊ ခါးသည်၊ ကောင်းသည်၊ ဆိုးသည်၊ ဝေဖန်လို့ မရပါဘူး။ ဒါပေမယ့် ဝန်ကြီးအသစ်က မီဒီယာဥပဒေ မူကြမ်းကို ကျနော်တို့ကို ချပြပြီးတော့ ကျနော်တို့ သင့်တော်တဲ့ အကြံဉာဏ်တွေ ပေးရမယ်ဆိုတဲ့ နေရာမှာ ကျနော်အနေနဲ့ကတော့ ဒီဥပဒေမူကြမ်းကို ဖတ်ပြီးမှ ဝေဖန်လို့ရပါမယ်” ဟု ပြောသည်။
စာနယ်ဇင်းကောင်စီကို တိုးချဲ့ဖွဲ့စည်းခြင်းသာဖြစ်ပြီး MJU အနေဖြင့် အဖွဲ့အစည်း၏ သဘောထား ကောက်ယူပြီးမှသာ စာနယ်ဇင်းကောင်စီ (ယာယီ) တွင် ပါဝင်သင့်၊ မပါဝင်သင့် ဆုံးဖြတ်မည်ဖြစ်ကြောင်း ဦးဇော်သက်ထွေးက ဆက်ပြောသည်။
ပြန်လည်ဖွဲ့စည်းမည့် စာနယ်ဇင်းကောင်စီ (ယာယီ) တွင် ဦးခင်မောင်အေး၊ ဒေါက်တာ အောင်ထွန်းသက်၊ ဒေါက်တာ ခင်အေး၊ ဒေါက်တာ တင်လှိုင်၊ ဦးမော်သန်း၊ ဒေါက်တာ မျိုးသန့်တင်၊ ဒေါက်တာ ကျော်ဇောနိုင်၊ ဦးကိုကိုကြီး၊ ဦးတင်လှိုင်၊ ဒေါ်ချိုချိုတင်၊ ဦးခင်မောင်လေး (ဖိုးသောကြာ)၊ ဦးစိုးသိမ်း (ဆရာမောင်ဝံသ)၊ ဦးကိုကို (စက်မှု)၊ ဦးအောင်လှထွန်း၊ ဦးသီဟစော၊ ဦးဇော်သက်ထွေး၊ ဒေါ်အေးအေးဝင်း၊ ဦးချစ်ဝင်းမောင်၊ ဦးမြင့်ကျော်၊ ဒေါ်တင်ဇာဇော်၊ ဒေါက်တာ တင်ထွန်းဦး၊ ဒေါက်တာ သာထွန်းဦး၊ ဒေါက်တာ သိန်းမြင့်၊ ဦးသောင်းစုငြိမ်း၊ ဒေါ်နန်းကလျာဝင်း၊ ဦးကိုကိုကြီး (ဟန်ဂေရီ )၊ ဦးဖေမြင့်၊ ဦးကျော်မင်းဆွေ၊ ဦးရဲမင်းဦး၊ ဦးခင်မောင်ေဋ္ဌး (Family Entertainment) တို့ကို လျာထားကြောင်း သိရသည်။
လျာထားအဖွဲ့ဝင် စာရင်းအရ ယခင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း ဖွဲ့စည်းခဲ့သည့် အမြုတေ စာနယ်ဇင်း ကောင်စီဝင်များ ဆက်လက်ပါဝင်နေသည်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အပြောင်းအလဲဖြစ်ပြီးနောက် ဝန်ကြီးသစ် ဦးအောင်ကြည်သည် စာနယ်ဇင်း အဖွဲ့အစည်းများဖြစ်သော မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း (MJA)၊ MJU, MJN တို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။